လက်သည်းကိုက်ရင် ဘာတွေဖြစ်တတ်သလဲ?
လက်သည်း ကိုက်တတ်တဲ့အကျင့်က လူအတော်များများမှာ အတွေ့များပြီးတော့ ဒါက တစ်ခုခုကို ကြောက်တဲ့အချိျန် (သို့) စိတ်မတည်ငြိမ်တဲအချိန်မှာ ပြုလေ့ရှိတဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။ လက်သည်းကိုက်တာအပြင် တခြားအပြုအမူတွေဖြစ်တဲ့ ဘောပင်၊ ခဲတံကို ဝါးနေခြင်း၊ နှုတ်ခမ်းကိုက်နေခြင်း၊ ဆေးလိပ်သောက်ခြင်း စတဲ့ အပြုအမူတွေကို ပြုလုပ်လေ့ရှိကြပြီး ဒါတွေက ကိုယ့်ရဲ့စိတ်ဖိစီးမှု အခြေအနေကို ဖော်ပြနေတတ်ပါတယ်။
လက်သည်းကိုက်ခြင်းက ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
• လက်သည်းကိုက်တာအစ များသွားတဲ့အခါမှာ လက်သည်းအောက်မှာရှိတဲ့ နူးညံ့တဲ့အသားလေးက ပေါ်လာပြီး ပါးစပ်ထဲကရှိတဲ့ ဘက်တီးရီးယားပိုးတွေ၊ ရောဂါပိုးတွေနဲ့ ထိတွေ့မိစေနိုင်ပါတယ်။ ပါးစပ်ထဲမှာက ဘက်တီးရီးယားတွေနဲ့ ပြည့်နှက်နေတာ ဖြစ်တဲ့အတွက် ရောဂါပိုး အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ အဖြစ်များဆုံးကတော့ လက်သည်းပန်းကုံး ရောင်ခြင်းဖြစ်တဲ့ လက်သည်းထောင့်မှာ ရောင်လာမယ်၊ နီလာမယ်၊ ကိုက်လာမယ် ပြီးတော့ ပြည်တည်ပြီး ဖောင်းလာခြင်းပဲ ဖြစ်ပါတယ်။ တစ်ခါဖြစ်ရင် ရက်သတ္တပတ် အတော်ကြာအောင် ခံရနိုင်ပါတယ်။
• တံတွေးထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက အဆီတွေနဲ့ အခြား အစာမော်လီကျူးလေးတွေကို ဖြိုခွဲနိုင်စွမ်း ရှိပါတယ်။ ဒီတံတွေးထဲမှာ ပါဝင်တဲ့အရာတွေက အစာချေတာကို အထောက်အကူပြုသလိုပဲ ပါးစပ်ထဲကို အမြဲထိုးထည့်ထားတဲ့ လက်ချောင်းထိပ်အသားတွေကို ရောင်ရမ်းစေပါတယ်။ ဒီလိုပဲ နှုတ်ခမ်းကို လျှာနဲ့ ခဏခဏယက်ခြင်းကလည်း နှုတ်ခမ်းကို အက်ကွဲစေနိုင်ပါတယ်။
• လက်ကို ပါးစပ်ထဲထည့်တဲ့အခါမှာ ပါးစပ်ထဲကပိုးတွေ လက်ကိုရောက်နိုင်သလိုပဲ ပိုဆိုးတဲ့အချက်ကတော့ လက်က ဘက်တီးရီးယားပိုးတွေလည်း ပါးစပ်ထဲကို ဝင်ရောက်သွားစေနိုင်ပါတယ်။ ကျွနု်ပ်တို့ရဲ့လက်တွေက ရောဂါပိုးတွေ၊ အညစ်အကြေးတွေမျိုးစုံနဲ့ အမြဲထိတွေ့နေပြီး ဒီအညစ်အကြေးတွေက လက်သည်းအောက်မှာလည်း ခိုနေပါသေးတယ်။ ဒါကြောင့် ဒီလိုအညစ်အကြေးတွေ၊ ပိုးမွှားတွေ ပြည့်နေတဲ့လက်ကို ပါးစပ်ထဲထည့်ခြင်းက အအေးမိခြင်းကနေပြီး ပြင်းထန်တဲ့ အစာအိမ် ဗိုင်းရပ်စ်ပိုးဝင်ခြင်းအထိ ဖြစ်နိုင်ပါတယ်။
• နောက်တစ်ချက်ကတော့ လက်သည်းမှာ လက်သည်းပန်းကုန်းလို့ခေါ်တဲ့ ပြန်လည်ပွားများတဲ့ အလွှာတစ်ခု ရှိပါတယ်။ လက်သည်းကိုက်ခြင်း (သို့) လက်သည်း ကိုက်တဲ့အတွက်ကြောင့် ရောဂါပိုး ဝင်ရောက်ခြင်းတို့ကြောင့် ဒီလက်သည်းပန်းကုံး ပျက်စီးပြီး နာတာရှည် လက်စွယ်ငုပ်ခြင်း (သို့) လက်သည်းပုံစံပျက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
• မျက်နှာပေါ်မှ ကြွက်နို့များ - ကြွက်နို့ကို လက်နဲ့ ကိုင်လိုက်တဲ့အခါမှာ ကူးစက်တတ်တဲ့အရာက လက်သည်းမှာ ကပ်ပါလာပါတယ်။ ဒီလက်သည်းကို မျက်နှာ (သို့) ပါးစပ်တွေနဲ့ ထိတွေ့တဲ့အခါမှာ မျက်နှာနဲ့ လည်ပင်းတွေမှာ ကြွက်နို့တွေ ပေါက်လာစေပါတယ်။
ပါးစပ်မှာ ရေယုန်ပေါက်နေတဲ့အခါမှာ လက်တွေကနေတစ်ဆင့် ဒီဗိုင်းရပ်စ်ပိုး ပျံ့နှံ့စေနိုင်ပါတယ်။
လက်ထိပ်တွေမှာ ရေယုန်ပေါက်တဲ့ ပထမဆုံးလက္ခဏာကတော့ လက်ထိပ်မှာ ပူစပ်ပူလောင်ဖြစ်ပြီး ထုံကျဉ်လာခြင်းပဲ ဖြစ်ပါတယ်။ ပြီးရင် ဖျားနိုင်ပါတယ်။ နောက်နှစ်ပတ်လောက် ကြာတဲ့အခါမှာ အရည်ကြည် (သို့) သွေးတွေ ပြည့်နေတဲ့အနာ ဖြစ်လာပါလိမ့်မယ်။ ပြီးရင် နောက်နှစ်ပတ်လောက် ဆက်နာနေပါမယ်။
• သွားပြဿနာ - ကာလကြာရှည်စွာ လက်သည်းကိုက်တတ်တဲ့ အကျင့်ရှိပါက သွားရဲ့အမြစ်တွေက်ို ပျက်စီးခြင်း၊ ပုံပျက်ခြင်းတွေဖြစ်စေပြီး သွားတွေ နဲ့လာစေနိုင်ပါတယ်။ ဒါ့အပြင် လက်သည်း အမြဲကိုက်နေတဲ့သွားမှာ အက်ကွဲရာ ဖြစ်နိုင်သလို သွားဖုံးရောဂါနဲ့ သွားဖုံးရောင်ခြင်းတွေလည်း ပိုဖြစ်စေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















