လက်သည်းပေါ်မှာ အစင်းကြောင်းတွေဘာကြောင့်ဖြစ်ရသလဲ
လက်သည်းတွေကို လက်ချောင်းမှာရှိတဲ့ သက်ရှိအရေပြားဆဲလ်လေးတွေနဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက် နှင်းခူလိုမျိုး အရေပြားရောဂါတစ်ခုခုဖြစ်ပြီဆိုရင် လက်သည်းခွံပေါ်မှာ အစင်းကြောင်းတွေဖြစ်လာတတ်ပါတယ်။ အရေပြားခြောက်သွေ့ခြင်းကြောင့်လည်း ဒီအစင်းကြောင်းတွေကိုဖြစ်စေနိုင်သလို ခန္ဓာကိုယ်မှာ အသားဓာတ်၊ ကယ်ဆီယမ်၊ ဇင့်နဲ့ ဗီတာမင် A ချို့တဲ့ရင်လည်းဖြစ်တတ်ပါတယ်။
>> ဒေါင်လိုက်အစင်းကြောင်းများ
လက်သည်းထိပ်ကနေပြီး လက်သည်းပန်းကုံးအထိဒေါင်လိုက်အမြှောင်းတွေပေါ်တတ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့သူတွေမှာ ဆဲလ်တွေသေပြီး အသစ်တစ်ဖန်ပြန်လဲတာနှေးတဲ့အတွက် လက်သည််းပေါ်မှာ အစင်းကြောင်းတွေ မသိမသာပေါ်တတ်ပါတယ်။ ဒီအစင်းကြောင်းတွေအပြင် လက်သည်းအရောင်နဲ့ ထိတွေ့မှုအပြောင်းအလဲတွေပါ ဖြစ်လာတယ်ဆိုရင်တော့ ရောဂါတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ trachyonychia လို့ခေါ်တဲ့လက်သည်းရောဂါတစ်မျိုးမှာဆိုရင် လက်သည်းတွေက အရောင်ပြောင်းရုံသာမက ကြွတ်ဆတ်ပြီး မျက်နှာပြင်က ကြမ်းတမ်းလာပါတယ်။
သံဓာတ်ချို့တဲ့ပါကလည်း လက်သည်းပေါ်မှာ ဒေါင်လိုက်စင်းများပေါ်ခြင်း၊ လက်သည်းခွက်ခြင်း (သို့) ဇွန်းပုံစံဖြစ်နေတတ်ပါတယ်။
>> ကန့်လန့်စင်းများ
Beau’s line လို့ခေါ်တဲ့ လက်သည်းပေါ်က ကန့်လန့်အစင်းကြောင်းနက်နက်တွေကတော့ ပြင်းထန်တဲ့ ရောဂါတစ်ခုခုရဲ့ လက္ခဏာပဲဖြစ်ပါတယ်။ ဒါကြောင့် နောက်ခံရောဂါကိုမကုသရင် လက်သည်းကြီးထွားမှုလည်းဆက်မရှိတော့ပါဘူး။ ရုတ်တရက်ကျောက်ကပ်ရောဂါတွေမှာ Beau’s line တွေပေါ်တတ်ပါတယ်။ လက်သည်းခြေသည်း အချောင်း ၂၀ လုံးမှာ ဒီအစင်းကြောင်းတွေတွေ့ရင်တော့ ပါးချိတ်ရောင်၊ သိုင်းရွိုက်ရောဂါ၊ ဆီးချိုရောဂါ၊ ဆစ်ဖလစ်ရောဂါစတာတွေရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်းခံယူနေရင်လည်း Beau’s lines တွေပေါ်တတ်ပါတယ်။
လက်သည်းကိုထိခိုက်မိပါက လက်သည်းအောက်မှာ အနီရောင် (သို့) အညိုရောင်အစက်တွေဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် လက်သည်းကိုထိခိုက်ဒဏ်ရာရထားတာမရှိဘဲ လက်သည်းအောက်ထဲမှာ ညိုပုတ်ပုတ်၊ အမဲ၊ အနီစတဲ့အရောင်တွေပြောင်းနေတယ်ဆိုရင် ဒါတွေက နှလုံးအမြှေးပါးရောင်ခြင်း (သို့) melanoma လို့ခေါ်တဲ့ အရေပြားကင်ဆာကဲ့သို့သော ပြင်းထန်တဲ့ရောဂါတစ်မျိုးမျိုးရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။
>> လက်သည်းပေါ်ကအစင်းကြောင်းတွေကိုကြည့်ပြီး ဘယ်လိုရောဂါသတ်မှတ်လို့ရသလဲ
လက်သည်းမှာရုတ်တရက်အပြောင်းအလဲတွေဖြစ်လာပါက ဆရာဝန်နဲ့ပြသသင့်ပါတယ်။ လက်သည်းကိုထိခိုက်ဒဏ်ရာရတယ်ဆိုရင် လက်သည်းနဲ့လက်ချောင်းတွေအနာကျက်ဖို့ ရက်သတ္တပတ်အနည်းငယ်စောင့်ကြည့်နိုင်ပါတယ်။
>> အကယ်လို့ အောက်ပါလက္ခဏာတွေတွေ့ရင်တော့ အမြန်ဆုံးဆရာဝန်သွားပြသင့်ပါတယ်။
- လက်သည်းစုတ်ပြတ်နေအောင်ခုတ်မိခြင်း
- လက်သည်းခွံကြေမွသွားခြင်း
- လက်သည်းကျွတ်ထွက်သွားခြင်း
- လက်သည်းအောက်မှသွေးထွက်ခြင်း
>> ကုထုံးများ
လက်သည်းပေါ်ကအစင်းကြောင်းတွေက နောက်ခံရောဂါတစ်ခုခုရဲ့လက္ခဏာဖြစ်တဲ့အတွက် နောက်ခံရောဂါကို သေချာကုသဖို့လိုအပ်ပါတယ်။ ဥပမာအားဖြင့် ဆီးချိုရောဂါကြောင့် လက်သည်းပေါ်မှာ ကန့်လန့်စင်းတွေဖြစ်တယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်အတိုင်းထိန်းထားနိုင်ပါက ဒီအစင်းကြောင်းတွေလျော့နည်းသွားပါလိမ့်မယ်။
နှင်းခူကြောင့်ဆိုရင် လိမ်းဆေးတွေ၊ အစိုဓာတ်ထိန်းဆေးတွေလိမ်းပေးနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်ချို့တဲ့လို့ဖြစ်တာဆိုရင် အစားအစာပြောင်းစားတာဖြစ်ဖြစ်၊ အားဆေးသောက်တာဖြစ်ဖြစ်လုပ်နိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















