/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လည်ချောင်းတလျှောက်-ပူစပ်ပူလောင်ဖြစ်ရခြင်းအကြောင်းအရင်းများ

လည်ချောင်းတလျှောက် ပူစပ်ပူလောင်ဖြစ်ရခြင်းအကြောင်းအရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လည်ချောင်းထဲမှာ ပူစပ်ပူလောင်ခံစားရခြင်းသည် လူအတော်များများကို စိုးရိမ်စေနိုင်ပါတယ်။ အဓိကဖြစ်စေတဲ့အကြောင်းအရင်းမှာ အစာအိမ်ရောဂါကြောင့်ဖြစ်လေ့ရှိပြီး အခြားအကြောင်းများကြောင့်လည်း ရင်ပူခြင်းကိုဖြစ်စေနိုင်ပါတယ်။ အောက်ပါတို့သည် လည်ချောင်းတစ်လျှောက် ပူစပ်ပူလောင်ဖြစ်စေနိုင်တဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရင်း 6 ခုဖြစ်ပါတယ်။

1. အက်ဆစ်အထက်သို့ ဆန်တက်ခြင်း

          အက်ဆစ်အထက်သို့ဆန်တက်ခြင်းသည် လူအများစုကြုံတွေ့လေ့ရှိတဲ့ အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ အစာစားပြီး မြိုချလိုက်တဲ့အခါမှာ အစာတွေဟာအစာရေမြိုမှတဆင့် အစာအိမ်အတွင်းကို တစ်လမ်းသွားရှုံ့ကြွက်သားကိုဖြတ်၍ ရောက်ပါတယ်။ အစာရေမြိုနဲ့ အစာအိမ်ကိုဆက်ထားတဲ့ရှုံ့ကြွက်သားသည် အမြဲတစေ ပိတ်ထားလေ့ရှိပြီး အစာဝင်ခါနီးမှ ဖွင့်ပေးပါတယ်။ ဒါပေမယ့် အချို့အကြောင်းအရင်းတွေဖြစ်တဲ့ အက်ဆစ်ပမာဏများလာခြင်း၊ အစာအိမ်ပြည့်လာခြင်းနဲ့ အစာစားပြီးနောက် ခန္ဓာကိုယ်အနေအထားတို့ကြောင့် ရှုံ့ကြွက်သားရဲ့လုပ်ငန်းဆောင်တာအချို့ကို ထိခိုက်စေနိုင်ပါတယ်။ အစာအများကြီးစားလိုက်တဲ့အခါမှာဖြစ်ဖြစ်၊ အစာကိုလျင်လျင်မြန်မြန်စားတဲ့အခါမှာပဲဖြစ်ဖြစ် အစာအိမ်အတွင်းမှာ ဖိအားတွေများလာပြီး ရှုံ့ကြွက်သားအတွင်းမှာ ညှစ်အားကိုတက်စေနိုင်တာကြောင့် အစာအပိုင်းအစအချို့နဲ့ အက်ဆစ်တွေဟာ အထက်သို့ဆန်တက်ပြီး ရင်ပူခြင်းကိုခံစားရစေနိုင်ပါတယ်။ ထိုနည်းတူစွာ အစာစားပြီးသည်နှင့်လှဲနေပါကလည်း ထိုကဲ့သို့ခံစားရနိုင်ပါတယ်။ အစာအိမ်အတွင်း၌ အက်ဆစ်ပမာဏများပြားလာပါက ရှုံ့ကြွက်သားကိုလှုံ့ဆော်တာကြောင့် ညှစ်အားတက်လာပြီး အက်ဆစ်ဆန်တက်မှုဖြစ်လာစေတာဖြစ်ပါတယ်။

          အက်ဆစ်အထက်သို့ဆတ်တက်ပါက ရင်ပူခြင်းကိုစတင်ခံစားရမည်ဖြစ်ပါတယ်။ နှလုံးနေရာတစ်ဝိုက်နဲ့ ရင်ညွန့်အောက်ပိုင်းနားတွင် ဖြစ်လေ့ရှိပြီး ရင်ခေါင်းတစ်လျှောက် အထက်သို့တက်လာရာ လည်ပင်းအောက်ခြေမရောက်မီအထိ အေးမြတဲ့အရည်တစ်ခုခုနဲ့ထိတွေ့သည်ဟု ခံစားရနိုင်ပါတယ်။ ၎င်းအရသာမှာ ခါး၍သတ္တုအရသာရှိကာ ချောင်းဆိုးခြင်း၊ လည်ချောင်းယားယံခြင်းတို့ကိုလည်းဖြစ်စေနိုင်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ အထက်သို့အက်ဆစ်ဆန်တက်ခြင်းကို လွယ်ကူစွာကုသနိုင်တာဖြစ်ပါတယ်။ အဆီမပါတဲ့ နို့ (သို့) ဒိန်ချဉ်တစ်ခွက်သောက်လိုက်ခြင်းဖြင့် ရောဂါဝေဒနာတွေ ချက်ချင်းသက်သာသွားနိုင်ပါတယ်။ ဆေးဆိုင်မှာအလွယ်တကူ ဝယ်ယူရနိုင်တဲ့ အစာအိမ်ဆေးတွေဟာလည်း ကယ်လ်ဆီယမ်၊ ဆိုဒီယမ်နဲ့ စီမီသီကုန်းကဲ့သို့ ဓာတ်ဆားတွေပါဝင်တာကြောင့် ကုသရာမှာအလွန်ပင်အစွမ်းထက်လှပါတယ်။ ကာလအတန်ကြာအောင်ဖြစ်နေတဲ့ အက်ဆစ်ဆန်တက်ခြင်းကို Gastro-esophagel reflux disease (GERD) ဟုခေါ်လေ့ရှိပြီး ကုသရန်အတွက် အက်ဆစ်ထုတ်လုပ်မှုလျော့နည်းအောင် ပြုလုပ်ပေးနိုင်တဲ့ ဆေးဝါးများရဲ့အကူအညီလိုအပ်ပါတယ်။

2. အစာရေမြိုရောင်ခြင်း

          ရောင်ရမ်းခြင်းသည် တစ်သျှူးများစုတ်ပြဲခြင်း (သို့) ရောဂါပိုးများဝင်ရောက်ခြင်းကြောင့် ခန္ဓာကိုယ်ခုခံအားစနစ်မှ အလိုအလျောက်တုံ့ပြန်ခြင်းတစ်မျိုးသာဖြစ်ပါတယ်။ ရောင်ရမ်းခြင်းကြောင့် သွေးစီးဆင်းနှုန်းများပြီး ကိုယ်ပူချိန်တက်ခြင်း၊ နာကျင်ခြင်းတို့ကိုလည်း ဖြစ်စေပါတယ်။ သွေးပိုမိုစီးဆင်းရခြင်းအကြောင်းအရင်းမှာ စုတ်ပြဲနေတဲ့ တစ်သျှူးတွေပြုပြင်ဖို့အတွက် အာဟာရဓာတ်တွေပိုမိုရောက်ရှိစေရန်နဲ့ အန္တရာယ်ရှိတဲ့ပိုးမွှားတွေကို တိုက််ထုတ်ရန်သွေးဖြူဥတွေကို ပိုမိုပို့ဆောင်ပေးနိုင်ရန် ဖြစ်ပါတယ်။

          အစာရေမြိုရောင်ရမ်းခြင်းသည် အကြောင်းအရင်းများစွာကြောင့်ဖြစ်နိုင်ပါတယ်။ အားကစားပြိုင်ပွဲတွေမှာ ကျယ်လောင်စွာအော်ဟစ်အားပေးခြင်း၊ မာတဲ့အစားအစာတွေကို စားသုံးခြင်း၊ မကြာခဏ အန်ခြင်း၊ အက်ဆစ်ဆန်တက်ခြင်းနဲ့ တုတ်ကွေး (သို့) အအေးမိဖျားနာခြင်းများကြောင့် အစာရေမြိုရောင်ရမ်းခြင်းဖြစ်စေနိုင်ပါတယ်။ ဖြစ်စဉ်အများစုအတွက် အသင့်လျော်ဆုံးကုသမှုကတော့ အလွယ်တကူမြိုချနိုင်တဲ့ အစားအသောက်များကိုသာစားသုံး၍ အစာရေမြိုကိုအနားပေးရန်ဖြစ်ပါတယ်။ အအေးနဲ့ ရေခဲမုန့်တွေဟာလည်း လည်ချောင်းတစ်လျောက်ပူစပ်ပူလောင်ဖြစ်ခြင်းကို သက်သာအောင်အကူအညီပေးနိုင်ပါတယ်။ တစ်ပတ်ခန့်ကြာတဲ့အထိ မသက်သာပါက ဆရာဝန်နှင့်သွားရောက်ပြသသင့်ပါတယ်။ ဘက်တီးရီးယားပိုးဝင်တာကြောင့်ဖြစ်တဲ့ အစာရေမြိုရောင်ရမ်းမှုမျိုးကိုဆိုလျှင် ပိုသတ်ဆေးအကူအညီဖြင့်သာ သက်သာစေနိုင်ပါတယ်။

3. လည်ချောင်းခြောက်ခြင်း

          လည်ချောင်းတလျှောက်ပူစပ်ပူလောင်ဖြစ်ခြင်းဟာ လည်ချောင်းခြောက်သွေ့ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ စိုထိုင်းစနည်းပါးတာကြောင့် ပါးစပ်၊ နှာခေါင်းနဲ့ လည်ချောင်းမှာရှိတဲ့ တစ်သျှူးတွေဟာ ပိုမိုခြောက်သွေ့လာရပါတယ်။ အသက်ရှုလမ်းကြောင်းတစ်လျှောက်နဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ တစ်သျှူးတွေကို အစိုဓာတ်ကိုထိန်းသိမ်းပေး၍ ယားယံခြင်းကိုမဖြစ်အောင် ချွဲထုတ်ပေးနိုင်တဲ့ အထူးပြွန်တွေနဲ့ကာရံထားပါတယ်။ အစိုဓာတ်မရှိပါက လည်ချောင်းခြောက်လာတာကြောင့် ပူစပ်ပူလောင်ဖြစ်ခြင်းကို ခံစားရနိုင်တာဖြစ်ပါတယ်။

          ဆောင်းရာသီအချိန်များတွင် ခြောက်သွေ့တဲ့လေကို အံတုဖို့ရာအကောင်းဆုံးမှာ လျှပ်စစ်သုံးရေနွေးငွေ့စက်ဖြစ်ပါတယ်။ ရေနွေးငွေ့စက်ဟာ လေထုထဲမှာရှိတဲ့ စိုးထိုင်စကိုပုံမှန်အတိုင်းဖြစ်အောင်ထိန်းညှိပေးနိုင်တာကြောင့် ခန္ဓာကိုယ်ကိုအလွန်အမင်း မခြောက်သွေ့စေနိုင်တော့ပါ။ အကယ်၍လည်ချောင်းထဲမှာ နေလို့မကောင်းပါက ရေနွေးငွေ့စက်ထဲသို့ အလှဆီအနည်းငယ်ထည့်နိုင်ပါတယ်။ ယူကာလစ်ဆီသည် ခြောက်သွေ့တဲ့အသားအရည်ကို ချောမွေ့စေရုံသာမက နှာခေါင်းနဲ့ အဆုတ်မှာရှိတဲ့ လေပြွန်ငယ်လေးကိုလည်း ပွင့်စေပါတယ်။ ပူစီနံအဆီဟာလည်း နောက်ထပ်သင့်တော်တဲ့ အလှဆီတစ်မျိုးဖြစ်ပေမယ့်လည်း ယူကလစ်ဆီလောက်အစွမ်းသတ္တိမရှိပေ။

4. ဓာတ်မတည့်ခြင်း

          ဆေးဆိုင်းမှဆေးများနဲ့ အိမ်လုပ်ဆေးဝါးများ အကူအညီယူသည့်တိုင်အောင် ရင်ပူခြင်းသည် ရက်သတ္တပတ်အတန်ကြာအောင် မပျောက်ကင်းပါက ဓာတ်မတည့်ခြင်းကို ခံစားနေရတာဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်ခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအားစနစ်မှ တုံ့ပြန်မှုလွန်ကဲနေခြင်းဖြစ်ပါတယ်။ ဓာတ်မတည့်တဲ့ပစ္စည်းတစ်ခုခုနဲ့ထိတွေ့မိပါက လည်ချောင်းယားယံ၍ ပူစပ်ပူလောင်ဖြစ်ခြင်း၊ မျက်စိယား၍ မျက်ရည်ပူများကျခြင်း၊ ချောင်းဆု်ိးခြင်း၊ နှာရည်ယိုနှာပိတ်ခြင်း၊ အသက်ရှူရခက်ခဲခြင်းနဲ့ အရေပြားတွင် အစက်အပြောက်များဖြစ်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။ လည်ချောင်းတစ်ဝိုက်မှာပဲ ရွေးပြီးဖြစ်တယ်ဆိုပါက တစ်ခုခုကိုရှူရှိုက်မိခြင်း (သို့) စားသုံးမိခြင်းဖြစ်နိုင်သည်ဟု ယူဆကြပါတယ်။

          နွေဦးနဲ့ဆောင်းဦးတွေမှာအဖြစ်များတယ်ဆိုပါက ရာသီအလိုက်ဓာတ်မတည့်ခြင်းဖြစ်နိုင်ပြီး ဓာတ်မတည့်တဲ့ပစ္စည်းတွေကတော့ ပန်းဝတ်မှုန့်နဲ့ တိရစၧာန်တွေဖြစ်နိုင်ပါတယ်။ အခြားဖြစ်နိုင်စွမ်းရှိတဲ့ ဓာတ်မတည့်တဲ့ပစ္စည်းတွေကတော့ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ကြက်ဥ၊ ပရိုတိန်း (gluten)၊ အခွံမာသီး၊ ဖုန်မှုန့်နဲ့ အိမ်မွေးတိရစၧာန် အမွေးအမျှင်တွေဖြစ်ပါတယ်။ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ပစ္စည်းတွေကို ရှောင်ရှားခြင်းက အကောင်းဆုံးဖြစ်ပေမယ့်လည်း အမြဲတစေ ရှောင်ရှားနိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဆေးဆိုင်တွင်အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ဓာတ်မတည့်မှုကို သက်သာစေနိုင်တဲ့ ဆေးများကိုဆောင်ထားသင့်ပါတယ်။

5. နားနှင့်နှာခေါင်း ဆက်စပ်နေသည့်ပြွန်မှ အရည်စီးခြင်း

          ၎င်းပြွန်သည် နှာခေါင်းနောက်နှင့် လည်ချောင်းကို နားအလယ်ပိုင်းဖြင့် ဆက်သွယ်ပေးထားတာဖြစ်ပြီး နားအလယ်ပိုင်း အတွင်းဖိအားပုံမှန်ဖြစ်စေရန်နှင့် နားအတွင်းရှိပိုနေတဲ့ အရည်တွေကိုစွန့်ထုတ်နိုင်ရန် အကူအညီပေးပါတယ်။ အအေးမိခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း၊ ဓာတ်မတည့်ခြင်းတို့ဖြစ်နေစဉ်အတွင်း နှာခေါင်းနှင့် နားအတွင်း အရည်များစုပုံလာတာကြောင့် ထိုဆက်စပ်ပြွန်သည် ခဏာတာပိတ်ဆ်ို့သွားနိုင်ပါတယ်။ ထိုကဲသို့ဖြစ်ပါက နားကိုက်ခြင်း၊ နားအူခြင်းနှင့် အကြားအာရုံချု့ယွင်းခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ၎င်းပြွန်ပုံမှန်အလုပ်ပြန်လုပ်နိုင်တဲ့အခါတွင် စုပုံနေတဲ့အရည်တွေကို စွန့်ထုတ်လိုက်တာကြောင့် နှာခေါင်းနှင့် လည်ချောင်း ယားယံခြင်းများကိုဖြစ်စေပါတယ်။ အရည်စီးဆင်းခြင်းဟာ နေရထိုင်ရခက်ပေမယ့်လည်း ကြီးကြီးမားမားပြဿနာမဟုတ်ပေ။ သို့ရာတွင် အရည်များကိုစွန့်ထုတ်နေသည့်တိုင်အောင် နားအူတာမသက်သာပါက ရောဂါပိုးရှိနေနိုင်တာဖြစ်တာကြောင့် ဆရာဝန်နှင့်သွားရောက်ပြသသင့်ပါတယ်။ ထို့ပြင် နှာခေါင်းနောက်နဲ့ လည်ချောင်းတစ်လျှောက်မှာ အရည်စီးဆင်းတဲ့ခံစားမှုမျိုးကို ရည်အတန်ကြာခံစားနေရုံသာမက အအေးမိခြင်းလက္ခဏာတွေပါဖြစ်ပေါ်လာပါကလည်း ရောဂါပိုးကြောင့်ဖြစ်နိုင်ပါတယ်။

6. ရောဂါပိုးဝင်ခြင်း

          အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းသည်လည်း လည်ချောင်းယားယံခြင်းနဲ့ ပူစပ်ပူလောင်ဖြစ်ခြင်း၏ အခြားအကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ဘက်တီးရီးယား (သို့) ဗိုင်းရပ်စ်ပိုးတစ်မျိုးမျိုးဖြစ်နိုင်ပြီး နှာခေါင်းလမ်းကြောင်းတစ်လျှောက်နဲ့ လည်ချောင်း၊ လေပြွန်၊ အဆုတ် စတာတွေကိုထိခိုက်စေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာပိုးဝင်းခြင်းအုပ်စုအောက်တွင် ပါဝင်လေ့ရှိပြီး အာသီးရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အအေးမိခြင်း၊ ထိပ်ကပ်နာ၊ အဆုတ်ပြွန်ငယ်ရောင်ခြင်းနဲ့ အဆုတ်ရောင်ခြင်းတို့ဖြစ််စေနိုင်ပါတယ်။ ရောဂါလက္ခဏာမှာ ပိုးဝင်သည့်အစိတ်အပိုင်းအပေါ်မူတည်၍ အမျိ်ုးမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အများစုကတော့ ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေကို ခံစားရလေ့ရှိပါတယ်။

          အသက်ရှူလမ်းကြောင်းပိုးဝင်သည်ဟု အထင်ရှိပါက ဆရာဝန်နှင့်ပြသခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။ ဆရာဝန်မှ လိုအပ်သောစစ်ဆေးမှုများပြုလုပ်ပြီးနောက် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုရောဂါတို့ကို ခွဲခြား၍ သင့်တော်သောကုသမှုကိုပေးပါလိမ့်မယ်။ ဘက်တီးရီးယားပိုးအတွက် ပဋိဇီဝဆေးဝါးများကိုပေး၍ မှိုရောဂါအတွက် မှိုသတ်ဆေးများကိုအသုံးပြုပါလိမ့်မယ်။ ဗိုင်းရပ်စ်ရောဂါပိုးအတွက်ကတော့ ကုသစရာမလိုဘဲ အကိုက်အခဲပျောက်ဆေးဖြင့်သာ သက်သာသွားနိုင်ပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com