/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လည်ပင်းကျီးပေါင်းဆိုတာ-ဘာလဲ

လည်ပင်းကျီးပေါင်းဆိုတာ ဘာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသက် တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ လည်ပင်းမှာရှိတဲ့ ကျောရိုးဆစ်တွေ တိုက်ပါများ ပွန်းလာတတ်တယ်။ အသက် ၃၀ လောက်မှာ စဖြစ်လာတတ်ပါတယ်။

        လည်ပင်းကျီးပေါင်းတက်တဲ့ လက္ခဏာတွေကတော့ -

>>    လည်ပင်းနာခြင်း

●        နာတာဟာ ပုခုံးနဲ့ခေါင်းအောက်ခြေထိကိုပါ ပြန့်လာတတ်ပြီး လည်ပင်းကို လှုပ်ရှားမိရုံနဲ့ ပိုပိုနာလာတတ်တယ်။

●        လည်ပင်းကနေ လက်ကိုသွားတဲ့ အာရုံကြောကိုပါ ထိမိတဲ့အတွက် လက်တစ်လျှောက် လက်ဖျားထိကိုပါ နာတတ်သေးတယ်။

●        နာလိုက်၊ ပျောက်လိုက်လည်း ဖြစ်တတ်သေးတယ်။ လည်ပင်းကို ပုံစံမကျ လှုပ်ရှားလိုက်မိတဲ့အခါ၊ လည်ပင်းကြွက်သားတွေ၊ အရွတ်တွေကို ထိမိတဲ့အခါတိုင်း ထထနာတတ်တယ်။

●        ဘာအကြောင်းရင်းမှမရှိဘဲလည်း နာတတ်သေးတယ်။ တချို့တွေမှာဆို လုံးလုံးမပျောက်တော့ဘဲ နာနေတတ်ကြတယ်။

●        တချို့တွေမှာတော့ တစ်ညအိပ်ပြီး နိုးလာချိန်မှာ လည်ပင်းကြီး တောင့်နေတတ်တယ်။

●        ခေါင်းလည်း ကိုက်တတ်သေးတယ်နော်။ လည်ပင်းအောက်ခြေကနေ နဖူးထိပ်ထိကို နာတတ်တယ်။

●        လက်တစ်လျှောက်မှာ အပ်နဲ့ဆွသလို တစစ်စစ်နဲ့ နာတတ်တယ်။ ကျောရိုးဆစ်ကနေ အာရုံကြောထွက်တဲ့အချိန်မှာ ထိမိလို့ဖြစ်တာပါ။ တကယ်လို့ လက်တစ်လျှောက်မှာ ထုံကျဉ်လာတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့လိုလာပြီ။ ဒီလိုထုံကျဉ်လာတဲ့အခါ အာရုံကြောထိခိုက်မှု ပိုများလာပြီလို့ ပြောလို့ရတယ်။

●        ဒီ့ထက်ပိုဆိုးတာက အရိုးတွေက အာရုံကြောမကြီးကို ဖိမိတဲ့အခါ လက်တွေ တုန်ယင်တာ၊ လမ်းလျှောက်ရ ခက်ခဲတာ၊ ဆီးအိမ်ပြဿနာတွေ ဖြစ်တတ်တယ်။ ဒီလိုလက္ခဏာတွေ ပေါ်လာရင်လည်း ဆရာဝန်နဲ့ မဖြစ်မနေပြဖို့ လိုတယ်နော်။

 

>>    အာရုံကြောကို မထိသေးတဲ့ လည်ပင်းကျီးပေါင်းကို ဘယ်လိုကုသကြမလဲ?

          လည်ပင်းကို တတ်နိုင်သမျှ ပုံမှန်အတိုင်း လှုပ်ရှားပေးပါ။ နာနေတဲ့အချိန်မျိုးမှာတော့ ခဏနားပေးပေါ့။ နာတာ သက်သာတာနဲ့ လည်ပင်းကို ဖြည်းဖြည်းချင်း လေ့ကျင့်ခန်း လုပ်ပေးသင့်တယ်။ လည်ပင်းတောင့်တင်းတာမျိုး မဖြစ်ပါစေနဲ့။ တဖြည်းဖြည်းချင်းနဲ့ လည်ပင်းလှုပ်ရှားမှု ပုံမှန်အတိုင်း ပြန်ဖြစ်သည်အထိ လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။ နာရီပိုင်းလောက်စီခြားခြားပြီး လည်ပင်းကို လားရာမျိုးစုံလှည့်ပေးပါ။ တစ်နေ့လုံးမှာလည်း ပုံမှန်အတိုင်းလေး လှုပ်ရှားပေးပါ။ လှုပ်ရှားရုံလေးနဲ့တော့ မထိခိုက်တတ်ပါဘူး။

 

>>    ဘာဆေးတွေ သောက်လို့ရမလဲ?

          ပါရာစီတမောနဲ့ အကိုက်အခဲပျောက်ဆေးများကို ရောဂါအပြင်းအထန်ပေါ် မူတည်ပြီး သောက်နိုင်ပါတယ်။

          ဒါပေမဲ့ အစာအိမ်အနာ၊ ပန်းနာရင်ကြပ်၊ သွေးတိုး၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးညှစ်အားနည်းရောဂါသမားတွေမှာတော့ အကိုက်အခဲပျောက်ဆေးတွေ ကို ဆရာ၀န် ညွှန်ကြားချက်နှင့်သာ သောက်သုံးသင့်ပါတယ်။

 

>>    ကိုယ်လက် ပြန်လည်သန်စွမ်းလေ့ကျင့်ခန်း

          တစ်ပတ်လောက်အတွင်းမှာ လက္ခဏာတွေ မသက်သာဘူးဆိုရင် ကိုယ်လက် ပြန်လည်သန်စွမ်းရေးဆရာဝန်နဲ့ ပြပြီးတော့ လည်ပင်းလေ့ကျင့်ခန်းတွေ လုပ်ဖို့လိုပါတယ်။

          ကိုယ်လက် ပြန်လည်သန်စွမ်းရေးဆရာဝန်က လည်ပင်းအပတ်တတ်တာ၊ အပူကပ်တာ၊ အအေးကပ်တာ၊ အကြောပြင် အရိုးပြင်တာ စသဖြင့် နည်းအမျိုးမျိုးကို ပြောပါလိမ့်မယ်။ ဒီနည်းလမ်းတွေထဲက ဘာက အလုပ်ဖြစ်မယ် ဆိုတာကတော့ တိတိကျကျပြောလို့မရဘူး။

          ဆရာဝန်လုပ်ခိုင်းတဲ့ အိမ်တွင်းလေ့ကျင့်ခန်းလေးတွေလုပ်ပြီး အကိုက်အခဲပျောက်ဆေးလေး သောက်ပေးမယ်ဆိုရင် သက်သာလာပါလိမ့်မယ်။

 

          တခြားကုသနည်းတွေကတော့ -

●        ကိုယ်ဟန်အနေအထားကို သေချာဂရုစိုက်ပါ။ အလုပ်မှာ၊ ကွန်ပျူတာရှေ့မှာ ထိုင်တဲ့အခါ ကိုယ်ဟန်ကို သတိထားပါ။ ခေါင်းကြီး ရှေ့ငိုက်နေတာ၊ ခါးကြီး ကုန်းနေတာမျိုးတွေကို ရှောင်ပါ။ မတ်မတ်ထိုင်ပါ။ ယောဂ ဆော့ပါ။

●        အိပ်နေချိန်မှာ အဆင်ပြေအောင် ကောင်းကောင်း ထောက်မတ်ပေးနိုင်တဲ့ ခေါင်းအုံးမျိုးကိုရှာပါ။ ခေါင်းအုံးကိုလည်း တစ်လုံးထက် ပိုမအုံးပါနဲ့။

 

>>    တကယ်လို့

●        နာတာ ပိုပိုဆိုးလာတယ်။

●        လက်တစ်လျှောက်မှာ ထုံကျဉ်တာ၊ အားနည်းတာ၊ အပ်နဲ့ ဆွသလို တစစ်စစ် ထိုးနေတယ်။

●        လမ်းလျှောက်ရ ခက်တာ၊ ဆီးသွားရ ခက်တာ စသဖြင့် အာရုံကြောကိုဖိမိတဲ့ လက္ခဏာမျိုးတွေ ဖြစ်လာတယ်။

●        ခေါင်းလှည့်ချိန်၊ ခေါင်းငုံ့ချိန်တွေမှာ မူးဝေတာ၊ သတိမေ့တာ စသဖြင့် ဦးနှောက်ကို သွားနေတဲ့ သွေးကြောကိုဖိမိတဲ့ လက္ခဏာတွေ ဖြစ်လာတယ်ဆိုရင် ဆရာဝန်နဲ့ ပြဖို့လိုလာပါပြီနော်။

          နာတာ တောက်လျှောက် ဖြစ်လာခဲ့မယ် ဆိုရင်တေ့ာ တခြားနာတာကို သက်သာစေမယ့် နည်းလမ်းတွေသုံးဖို့ လိုတယ်။

          ဒီလို တောက်လျှောက်နာလာပြီ ဆိုရင်တော့ စိတ်ပူပန်တာ၊ စိတ်ဓာတ်ကျတာတွေပါ တွဲလာတတ်လို့ ဒါတွေကိုပါ တစ်ပါတည်းကုဖို့ လိုအပ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)