လူတိုင်း မှားလေ့ရှိတဲ့ ရှေးဦးသူနာပြုစုနည်း အမှား (12) ချက်
1. နှာခေါင်းသွေးလျှံတဲ့အခါမှာ ခေါင်းနောက်ကို မော့ထားခြင်း
ဒီလိုလုပ်တာက သွေးတွေကို လည်ချောင်းထဲကို ပြန်ကျသွားစေနိုင်တဲ့အတွက် ဒီလို ဘယ်တော့မှ မလုပ်ပါနဲ့။
ဒီလိုလုပ်ပါ - ရှေ့ကို ကုန်းပြီးတော့ နှာခေါင်းရိုးကို လက်နဲ့ ဖိညှစ်ထားပါ။ ဓာတ်မတည့်ခြင်း (သို့) ခြောက်သွေ့တဲ့ရာသီဥတု စတဲ့ အကြောင်းတစ်ခုခုရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်လေ့ရှိတဲ့ နှာခေါင်းသွေးလျှံခြင်းဆိုရင် ၁၀ မိနစ်အတွင်းမှာ ပြန်ကောင်းသွားတတ်ပါတယ်။ ဒီထက် ပိုကြာတယ် ဆိုရင်တော့လည်း တန်ပွန်ထည့်ပြီးတော့ အရေးပေါ်ဌာနကိုသာ သွားလိုက်ပါ။
2. အပူလောင်တဲ့အပေါ်မှာ ရေခဲ (သို့) ထောပတ်တင်ခြင်း
ဒီရှေးဟောင်းအကြံတွေက တကယ်ကို မကောင်းပါဘူး။ တစ်ခါတလေမှာဆိုရင် သွားတိုက်ဆေးတို့ ထောပတ်တို့တောင် အုံခိုင်းတာ ရှိပါသေးတယ်။ ဒီလို အိမ်တွင်းကုထုံးတွေကို သုံးလေ့ရှိကြပေမယ့်လည်းပဲ ဒီလိုလုပ်တာက အပူလောင်တဲ့အထဲမှာရှိတဲ့ အပူကို လှောင်ထားသလိုဖြစ်ပြီး ပိုပြီးတောင် ဆိုးသွားစေနိုင်ပါတယ်။ ရေခဲအုံတာကလည်း အကျိုးမရှိပါဘူး။
ဒီလိုလုပ်ပါ - အပူလောင်သွားတဲ့အပေါ်ကို ရေပိုက်က အေးမြတဲ့ရေ (ရေခဲရေ မဟုတ်ပါ) ကို မိနစ်အတော်ကြာ ဖွင့်ချထားပါ။ ပြီးရင် သန့်ရှင်းခြောက်သွေ့တဲ့ ပတ်တီးစ (gauze) နဲ့ အုပ်ထားပြီးတော့ ဆေးကုသမှုခံပါ။ ဒါတွေက ကလေးတွေအတွက် အရေးကြီးတဲ့ ရှေးဦးပြုစုနည်းတွေပါ။
3. ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့သူကို ရွှေ့ပေးခြင်း
ကားမှောက်မှု (သို့) အားကစားပွဲတစ်ခုခုမှာဖြစ်တဲ့ ပြင်းထန်တဲ့ဒဏ်ရာ ရတဲ့နေရာမှာ ကိုယ်က ပထမဆုံး မြင်တဲ့သူဆိုရင် ဒဏ်ရာရတဲ့သူကို အဆင်ပြေ၊ မပြေ သေချာဖို့အတွက် နေရာရွှေ့ဖို့ စိတ်ကူးမိပါလိမ့်မယ်။ သွားမရွှေ့ပါနဲ့။ ဒဏ်ရာရတဲ့သူတွေမှာ အာရုံကြောမကြီး ဒဏ်ရာရတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီအချိန်မှာ သွားရွှေ့လိုက်ရင် ရာသက်ပန် ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်တာမျိုး ကိုယ်တစ်ခြမ်း သေသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ မီးလောင်နိုင်မှု၊ ပေါက်ကွဲနိုင်မှု၊ အဆောက်အဦးပြိုပြီးတော့ ပိနိုင်မှု စတဲ့ အန္တရာယ်တွေ ရှိတယ်ဆိုရင်တော့လည်း သတိထားပြီး ရွှေ့ပါ။
ဒီလိုလုပ်ပါ - အရေးပေါ်ကို ခေါ်ပါ။ ဒဏ်ရာရတဲ့သူမှာ အာရုံကြောမကြီး ဒဏ်ရာရနိုင်ချေ ရှိတယ်ဆိုရင် ကျွမ်းကျင်တဲ့သူတွေ ရွှေ့တာ အကောင်းဆုံးပါပဲ။
4. ပြတ်ရှနာကို သန့်ရှင်းသွားဖို့အတွက် အနာပေါ် တံတွေး ထွေးချခြင်း
တံတွေးတွေက ပိုးတွေကို သန့်စင်ပေးနိုင်တယ်လို့ ကြားဖူးမှာပါ။ တကယ်တော့လည်း ဒါနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ပါးစပ်ထဲမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေ အပြည့်ရှိပြီးတော့ ဒါက အနာကို ပိုးဝင်စေနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ အနာကို စမ်းချောင်း၊ မြစ်ထဲက ရေတွေနဲ့ ဆေးကြောခြင်းက ကပ်ပါးပိုး (သို့) ဘက်တီးရီးယားပိုး ဝင်ရောက်စေနိုင်ပါတယ်။
ဒီလိုလုပ်ပါ - အနာကို ရေပိုက်က ရေ (သို့) ပိုးသန့်စင်ထားတဲ့ အငန်ပုလင်းကြီး (Saline water) နဲ့ သန့်စင်ပါ။
5. ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေအတွက် Benadryl ပေးခြင်း
ဒါက သေစေနိုင်တဲ့ အမှားတစ်ခုပါ။ Benadry အလုပ်လုပ်ဖို့က 30-60 မိနစ်လောက် ကြာပြီးတော့ ဒါက ဓာတ်မတည့်ခြင်းကြောင့် သွေးလန့်နေတဲ့ လူနာတစ်ယောက်အတွက် အရမ်းကို ကြာပါတယ်။ ဒီလိုအသက်အန္တရာယ်ရှိတဲ့ အရေးပေါ်အခြေအနေမှာ epinephrine ပေးရပါမယ်။
ဒီလိုလုပ်ပါ - အသက်ရှူရင် အသံတွေ မြည်လာတယ်၊ အသက်ရှူ မြန်လာတယ်၊ နှုတ်ခမ်းနဲ့ မျက်လုံးတစ်ဝိုက်မှာ ဖောင်းလာတယ်ဆိုရင် အရေးပေါ် အခြေအနေဖြစ်ပြီး တစ်စက္ကန့်မှ စောင့်နေလို့မရတဲ့ အခြေအနေပါ။ epinephrine ပေးပြီး အရေးပေါ်ဌာနကို ချက်ချင်း ခေါ်သွားပါ။ ကိုယ့်မှာ အဆိပ်၊ အစားအစာနဲ့ အခြားပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေ ဖြစ်တတ်တယ်ဆိုရင် epinephrine ကို အမြဲဆောင်ထားပါ။
6. ကျိုးသွားတဲ့သွားကို ဆေးကြောခြင်း
ကျွနု်ပ်တို့ အများစုက သွားကျိုးသွားရင် ဘာလုပ်ရမယ်ဆိုတာကို မသိကြပါဘူး။ ဒီသွားကို ဆေးကြောလိုက်တာက ကောင်းတယ်လို့ ထင်ပေမယ့်လည်း အမှန်တကယ်တော့ ဒီလိုလုပ်တာက သွားကို ထိခိုက်စေနိုင်ပါတယ်။
ဒီလိုလုပ်ပါ - သွားကို နို့တစ်ခွက်ထဲထည့်ပြီး သွားဆရာဝန်ဆီ အမြန်သွားပြပါ။
7. ဆရာဝန်ကို ပြဖို့အတွက် မွှားကို ဒီအတိုင်းထား,ထားခြင်း
မွှားအကိုက်ခံရတဲ့အခါမှာ ဆရာဝန်ဆီရောက်ရင် ပြဖို့အတွက်ဆိုပြီးတော့ မွှားကို ဒီအတိုင်း ထား,ထားတာကို လက်မခံပါဘူး။ လူအများစုက မွှားကိုက်ရင် ပိုးသတ်ဆေးသောက်ဖို့ လိုတယ်လို့ ထင်ကြပေမယ့် ဒါက အရမ်းကို အတွင်းထဲထိ နက်နက်ကိုက်မှ၊ ၂၄ နာရီကျော် အသားမှာ တွယ်ကပ်နေမှသာ လိုတာပါ။
ဒီလိုလုပ်ပါ - မွှားကို ဇာဂနာလေးနဲ့ တည့်တည့်ဆွဲထုတ်ပြီး ဖယ်ရှားလိုက်ပါ။ ဒီမွှားလေးကို ဖယ်ဖို့အတွက် petroleum jelly တွေ ဘယ်တော့မှ မသုံးပါနဲ့။ ပြီးရင် ဒဏ်ရာကို ဆရာဝန်နဲ့ပြပြီး ပိုးသတ်ဆေးသောက်ဖို့ လို၊ မလို မေးပါ။
8. အဆစ် လည်သွားရင် (သို့) ကျိုးသွားတဲ့ နေရာပေါ်မှာ အပူကပ်ခြင်း
ဒီလိုလုပ်တာက ရောင်ရမ်းခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ အပူက သွေးစီးဆင်းမှုကို ပိုကောင်းစေတဲ့အတွက် ရောင်တာကို ပိုဆိုးစေပါတယ်။
ဒီလိုလုပ်ပါ - ဖြစ်စမှာဆိုရင် အမြဲတမ်း အအေးကပ်ပါ။
9. ဒဏ်ရာရနေတဲ့မျက်လုံးက အညစ်အကြေးတွေကို ဖယ်ဖို့ ကြိုးစားခြင်း
ထိခိုက်သွားတဲ့နေရာနားကို သွားကလိလိုက်တာက အနာကို ပိုဆိုးသွားစေပြီးတော့ ရာသက်ပန် ထိခိုက်မှုတွေကိုတောင်မှ ဖြစ်စေနိုင်ပါတယ်။
ဒီလိုလုပ်ပါ - မျက်လုံးပေါ်မှာ အုပ်ပြီး ဘာမှမဝင်နိုင်အောင် ကာကွယ်ပါ။ ပြီးရင် ဆေးခန်းသွားပြပါ။
10. သွေးထွက်နေတဲ့ အနာကနေပြီးတော့ ပတ်တီးစကို ဖယ်ထုတ်ခြင်း
အနာပေါ်က ပတ်တီးစက စိုနေတယ်ဆိုရင် ဒါကို ဆွဲထုတ်ပြီး အစားမထိုးပါနဲ့။ သွေးတွေရဲ့ မျက်နှာပြင်မှာရှိတဲ့ သွေးခဲစေတဲ့အရာတွေက သွေးတိတ်သွားဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဒီတော့ ပတ်တီးစအဟောင်းကို ဖယ်လိုက်တာက ဒီသွေးခဲစေတဲ့အရာတွေကို ဖယ်လိုက်သလို ဖြစ်သွားပြီးတော့ အနာက သွေးထပ်ပြီး ထွက်စေပါတယ်။
ဒီလိုလုပ်ပါ - ပတ်တီးအဟောင်းကို ဖယ်မထုတ်ဘဲနဲ့ အသစ် ထပ်ကပ်ပါ။ ပတ်တီး ကွာထွက်လာတယ်ဆိုရင် သွေးထွက်ရပ်တဲ့အထိ ပတ်တီးကို ဖိထားပေးပါ။ ပြီးရင် အနာကို ရောဂါပိုး မဝင်စေဖို့ သေချာဆေးပါ။ ပိုးသတ်ဆေး လိမ်းပါ။ ပြီးရင် ပတ်တီး ပြန်ပတ်ထားပါ။
11. ကားမတော်တဆမှုဖြစ်ပြီးရင် ဆေးကုသမှု မခံယူခြင်း
မတော်တဆမှုဖြစ်ပြီးကာစမှာ ခန္ဓာကိုယ်ရဲ့ အရေးပေါ်တုံ့ပြန်မှုဖြစ်စဉ်တွေကြောင့် နာတာကို အုပ်ထားသလို ဖြစ်နေပါလိမ့်မယ်။ မတော်တဆဖြစ်ပြီးတော့ ၁၀ မိနစ်ကနေပြီး ၂ နာရီလောက်အထိ ဘာမှမခံစားရဘဲ နေတတ်ပါတယ်။
ဒီလိုလုပ်ပါ - မတော်တဆမှုကြောင့် ကားပြင်းပြင်းထန်ထန် ထိခိုက်သွားတယ်ဆိုရင် လူက ဘာမှမဖြစ်ဘဲ ကောင်းနေတယ် ဆိုရင်တောင်မှ ဆေးရုံသွားပြီး စစ်ဆေးမှုခံယူဖို့တော့ လိုပါတယ်။
12. အရေးပေါ်တစ်ခုခုဖြစ်ရင် မှန်ကန်စွာ ဆုံးဖြတ်ချက် မချနိုင်ခြင်း
ပျားတုပ်ခံရလို့ ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေဖြစ်ရင် ဘာကိုမှ စောင့်ဆိုင်းမနေပါနဲ့။ စားသောက်ဆိုင်မှာ အစာနင်တယ်ဆိုရင် တခြားသူတွေကို အားနာပြီးတော့ အိမ်သာကို ပြေးမသွားပါနဲ့။ အိမ်သာထဲမှာတင် အသက်ဆုံးရှုံးသွားနိုင်ပါတယ်။
ဒီလိုလုပ်ပါ - ပြင်းပြင်းထန်ထန် ဒဏ်ရာရရင် (သို့) ဓာတ်မတည့်မှု ဖြစ်တယ်ဆိုရင် အရေးပေါ်ကိုသာ အရင်ခေါ်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















