/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လူနာရှင်တို့-သတိပြုဖို့

လူနာရှင်တို့ သတိပြုဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          " ဒေါက်တာ ... ဒေါက်တာ  ... ညနေက ဒေါက်တာ့ဆေးခန်းမှာ ဆေးလာထိုးတဲ့ လူနာ သတိလစ်သွားလို့တဲ့့ ... "

          ကြားလိုက်ရတဲ့ စကားက သူမကို ခေါင်းနပန်း ကြီးသွားစေပါတယ်။ ကိုယ့်ကြောင့် လူနာတစ်ခုခု ဖြစ်တယ်ဆိုတာ ဆရာ၀န်တစ်ယောက်အတွက် အကြောက်ဆုံးအရာပါ။

          ငါ ဘာများ မှားလုပ်မိလဲဆိုတာ အရင်ဆုံး စဉ်းစားရပါတယ်။ အဲ့လူနာ ဘာကတည်းက သူမ သတိထားမိပါတယ်။ ပိန်လီနေတဲ့လူ ဖေါသွပ်သွပ်မျက်နှာနဲ့ သူ့ပုံစံကြည့်တာနဲ့ အရက်ချိုးဆိုတာ သေချာပါတယ်။ အားမရှိ နုံးနေလို့ဆိုတဲ့ သူ့အပြောနဲ့အတူ တုန်နေတဲ့လက်တွေကြောင့် အာရုံကြော အားနည်းတာ၊ ဗီတာမင်ချို့တဲ့တာတွေလည်း ရှိနိုင်ကြောင်း တခါတည်း စဉ်းစားလိုက်မိပါတယ်။ ဒီလိုလူနာတွေဟာ အချိုဓာတ်လည်း ကျဆင်းတတ်တာကြောင့် ဂလူကို့နဲ့ ဗီတာမင် ထိုးပေးလိုက်တာပါ။ ငါ ပေးလိုက်တဲ့ထဲမှာ ဓာတ်မတည့်တာ ပါသွားသေးလား၊ ဦးနှောက်က အပြေးအလွှား ပြန်စဉ်းစားရပါတယ်။ အဲ့လို ဓာတ်မတည့်တာကို ကြောက်လို့ ဘားပလက်တောင် မထည့်လိုက်တာကို။

          လူနာရောက်လာတာနဲ့ စမ်းလိုက်တော့ သွေးကြောက သိပ်စမ်းမရ။ သွေးပေါင်ချိန် ကျနေပြီ။ အရေးပေါ် ပုလင်းချိတ်ပြီး လိုအပ်တာ ကုသမှုပေးရသည်။ ပုလင်းနှစ်လုံးလောက်ကုန်မှ လူနာက ပုံမှန်အနေအထား ပြန်ဖြစ်သွားသည်။

          လူနာရှင်တွေက အပြစ်မတင် မစွပ်စွဲပေမယ့် ကိုယ်ကတော့ သေချာစုံစမ်းရမယ့် တာ၀န်ရှိတာကြောင့် သေသေချာချာ မေးမြန်းတော့မှ အဖြစ်မှန်ပေါ်လာပါတော့တယ်။  အရက်မသောက်စေချင်တဲ့ အိမ်ရှင်မက အရက်ဖြတ်ဆေးကို ခိုးတိုက်ထားသည်တဲ့။ ဆေးခန်းကအပြန် လူနာက ခွက်ပုန်း၀င်ချလိုက်တော့ အရက်ဖြတ်ဆေးနဲ့ အရက်တွေ့ပြီး အိမ်ရောက်တာနဲ့ Shock ရသွားတာဖြစ်သည်။

          အခုမှပင် သက်ပြင်းချရင်း နဖူးမှ ချွေးကို ခိုးသုတ်ရသည်။

          " လူနာရော ဆရာ၀န်ရော ကံကောင်းလို့ "

Zero (www.drmyanmar.com)