ဝမ်းချုပ်လို့ စိတ်ညစ်နေသလား
ဝမ်းချုပ်တာဆိုတာ အူလမ်းကြောင်းထဲမှာရှိတဲ့ အညစ်အကြေးတွေကို ပြင်ပကို ပုံမှန်မစွန့်ထုတ်နိုင်တာ၊ ဒါမှမဟုတ် ဝမ်းသွားရင်မဝဘဲ ဝမ်းကျန်သလို ခံစားရတာကို ဆိုလိုပါတယ်။ ဝမ်းချုပ်တာဟာ အတွေ့ရများတဲ့ပြဿနာတစ်ခုပါ။ ကလေးကစလို့ လူကြီးအထိ အသက်အရွယ်မရွေး ဖြစ်လေ့ရှိကြပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ တချို့တွေကတော့ ခဏလေးဖြစ်ပေမယ့် တချို့တွေကတော့ (၂) ပတ်ထက်ကျော်ပြီးအကြာကြီး ဝမ်းချုပ်တတ်ကြပါတယ်။
>> ဘာကြောင့် ဝမ်းချုပ်ရတာလဲ?
● အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေလိုမျိုး အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေ လုံလောက်စွာ မစားလို့ပါ။ ဒီလိုအစားအစာတွေဟာ အစာချေဖျက်ဖို့မလွယ်ကူလို့ ဝမ်းပမာဏကို များစေပြီး ဝမ်းသွားချင်စိတ်ကို ဖြစ်စေပါတယ်။
● နဂိုစားနေကျပမာဏထက် နည်းပြီးစားတာမျိုး၊ အသီးအနှံတွေမစားတော့ဘဲ အသားတွေ အစားများလာတာမျိုး စတဲ့ စားသောက်မှုပုံစံပြောင်းလိုက်တာကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ်။
● ရေမျာများ မသောက်တာကြောင့်လည်း ဝမ်းကိုမာစေပြီး ဝမ်းချုပ်စေပါတယ်။
● တချို့သောဆေးတွေဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းချုပ်တာကို ဖြစ်စေပါတယ်။
● ဝမ်းသွားချင်တာကို ချက်ချင်းမသွားဘဲ အောင့်ထားရင်လည်း ဝမ်းချုပ်တတ်ပါတယ်။
● စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း စတဲ့ စိတ်ကျန်းမာရေးရောဂါတွေခံစားရရင်လည်း ဝမ်းချုပ်တတ်ပါတယ်။
● ကလေးတွေမှာဆိုရင် အိမ်သာအသုံးပြုတတ်အောင် လေ့ကျင့်ပေးတဲ့အချိန်မှာ ဝမ်းချုပ်တတ်တာကို တွေ့ရပါတယ်။ အိမ်သာအသုံးပြုရမှာကြောက်လို့ ဝမ်းသွားချင်တာကို အောင့်ထားရာကနေ ဖြစ်တာပါ။ အစားချေးများတဲ့ကလေး၊ အာဟာရလုံလောက်စွာ မစားရတဲ့ကလေးတွေမှာ ဝမ်းချုပ်တတ်ပါတယ်။
>> ဝမ်းချုပ်တာကို ဘယ်လိုကုသကြမလဲ?
ဝမ်းချုပ်တယ်ဆိုတာ ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ အစားအသောက်နဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ရင် အများစုက သက်သာသွားကြပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ များများစားပါ။ အရည်များများသောက်ပါ။ လေ့ကျင့်ခန်းများများလုပ်ပါ။
ဒီလိုပြောင်းလဲလိုက်တာတောင်မှ မသက်သာဘူးဆိုရင် ဝမ်းပျော့ဆေးသောက်လို့ရပါတယ်။
>> ဝမ်းမချုပ်အောင် ဘယ်လိုနေထိုင်ရမလဲ?
● အပေါ်မှာပြောခဲ့တဲ့အတိုင်း အစားအသောက်နဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပါ။
● ဝမ်းသွားချင်ရင် ချက်ချင်းသွားပါ။ မအောင့်ထားပါနဲ့။
● အိမ်သာတက်တဲ့ အလေ့အကျင့်လုပ်ပေးပါ။ သက်သောင့်သက်သာနဲ့ ဝမ်းသွားနိုင်အောင် အချိန်တစ်ခု သတ်မှတ်ထားပြီး ဝမ်းသွားပေးပါ။
>> ဝမ်းချုပ်ရင် နောက်ဆက်တွဲအနေနဲ့ ဘာပြဿနာတွေ ရှိလာနိုင်သလဲ?
● ခဏပဲ ဝမ်းချုပ်တတ်တဲ့သူတွေမှာတော့ နောက်ဆက်တွဲပြဿနာဖြစ်တာ ရှားပါတယ်။ ဒါပေမဲ့ (၂) ပတ်ထက်ပိုပြီး ဝမ်းချုပ်နေတဲ့သူတွေမှာတော့ ဖြစ်နိုင်ပါတယ်။
● မာနေတဲ့ဝမ်းတွေဟာ အူနံရံက သွေးကြောတွေကိုဖိထားလို့ သွေးလှည့်ပတ်မှုမကောင်းတော့ဘဲ သွေးကြောတွေဖောင်းလာလို့ လိပ်ခေါင်းရောဂါ ရတတ်ပါတယ်။
● ဝမ်းတွေကို မစွန့်ထုတ်နိုင်တဲ့အခါ အူလမ်းကြောင်းထဲမှာ တဖြည်းဖြည်းများလာပြီး အူပိတ်တာတွေ ဖြစ်လာနိုင်ပါတယ်။
● ဝမ်းမလုံတာ၊ ဝမ်းမထိန်းနိုင်တာတွေလည်း ဖြစ်တတ်ပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ?
ဝမ်းချုပ်တာ တစ်ခုတည်းဖြစ်ရုံနဲ့တော့ ဆရာဝန်နဲ့ပြပြီး ခံသမှုခံယူဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ ဝမ်းချုပ်တာအပြင် -
● ဝမ်းသွားသွေးပါခြင်း
● အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် အရမ်းကျသွားခြင်း
● ဝမ်းချုပ်တာ (၁၄) ရက်ထက် ပိုကြာနေခြင်း စတဲ့ လက္ခဏာတွေ ရှိလာရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူသင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)
















