/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သည်းခြေအိတ်ကျောက်တည်ခြင်းကို-ကာကွယ်နိုင်မည့်-နည်းလမ်းများ

သည်းခြေအိတ်ကျောက်တည်ခြင်းကို ကာကွယ်နိုင်မည့် နည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကျန်းမာရေးနဲ့ညီညွတ်မျှတစွာစားသုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း စတဲ့ကောင်းမွန်တဲ့နေထိုင်မှုပုံစံတွေက သည်းခြေအိတ်ကျောက်တည်ခြင်းကို လျော့ကျစေပါတယ်။ ကာကွယ်နိုင်တဲ့နည်းလမ်းအတိအကျမရှိပေမယ့် ဖြစ်နိုင်ချေကိုလျော့ကျစေတဲ့ နည်းလမ်းတွေတော့ရှိပါတယ်။ ဒီနည်းတွေကတော့ -

1. ကိုယ်အလေးချိန်ကို ထိန်းချုပ်ပါ။

        ကိုယ်အလေးချိန်လျှော့ချတယ်ဆိုတာမှာလည်း ကိုယ်အလေးချိန်မြန်မြန်ကျအောင်လုပ်တဲ့နည်းလမ်းတွေ အစားအစာပုံစံတွေက သည်းခြေကျောက်တည်နိုင်ချေပိုများစေပါတယ်။ ကိုယ်အလေးချိန်ကို ဖြေးဖြေး မှန်မှန်လေးကျအောင်စနစ်တကျလျှော့ချရပါမယ်။ ကိုယ့်ရဲ့ပန်းတိုင်ရောက်တဲ့အထိ တစ်ပတ်ကို တစ်ပေါင်(သို့) နှစ်ပေါင်ကျအောင်နည်းလမ်းမှန်မှန် လျှော့ချရပါမယ်။

        ဒါ့အပြင် ကိုယ်လေးချိန်ကျလိုက်၊ တက်လိုက် အမြဲဖြစ်နေရင်လည်း သည်းခြေအိတ်မှာ ကျောက်တည်နိုင် ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကျပြီဆိုရင် ပြန်မတက်အောင်ထိန်းထားရပါမယ်။

2. ကျန်းမာရေးနှင့်ညီညွတ်စွာစားသုံးပါ။ လေ့ကျင့်ခန်းလုပ်ပါ။

        အစားအစာနဲ့လေ့ကျင့်ခန်းက သည်းခြေအိတ်ရောဂါတွေအတွက် အဓိကအရေးပါ ပါတယ်။

အဆီ - အဆီက ကျန်းမာရေးအတွက်မကောင်းဘူးဆိုပေမယ့် အဆီတိုင်းတော့မဟုတ်ပါဘူး။ သံလွင်ဆီမှာပါဝင်တဲ့ မပြည့်ဝဆီ၊ ထောပတ်သီးမှာပါဝင်တဲ့ omega-3 fatty acid၊ ငါးကြီးဆီ စတဲ့အဆီတွေက သည်းခြေကျောက်ဖြစ်နိုင်ချေနည်းစေပါတယ်။ အထူးသဖြင့် ငါးရဲ့အဆီက သည်းခြေအိတ်ကို သန့်ရှင်းစေပြီး သွေးတွင်းအဆီများတဲ့သူတွေအတွက် ပိုပြီးအကျိုးရှိပါတယ်။ အဆီများတဲ့အသားတွေ၊ ထောပတ်၊ တိရိစၧာန်ကရတဲ့အဆီစတဲ့ ပြည့်ဝဆီတွေကတော့ သွေးတွင်းအဆီများစေပြီး သည်းခြေကျောက်ပိုဖြစ်စေတဲ့အတွက် ရှောင်ရှားရပါမယ်။

အမျှင် - ပေါင်မုန့်ညို၊ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက် စတဲ့အမျှင်ဓာတ်များတဲ့အစားအစာတွေက ကိုယ်အလေးချိန်ကျစေနိုင်သလို သည်းခြေကျောက်တည်ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။

အခွံမာသီးများ - မြေပဲ၊ အယ်မွန်သီး၊ သစ်ကြားသီး စတာတွေက သည်းခြေကျောက်တည်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အယ်မွန်သီးကို သွားရည်စာအဖြစ်စားသုံးခြင်းဖြင့် ဗိုက်ဆာခြင်းကိုသက်သာစေပြီး ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်။

သကြား - သကြားအလွန်အကျွံစားသုံးခြင်းက သည်းခြေကျောက်တည်စေနိုင်တဲ့အတွက် သကြားလုံးနဲ့ သကြားပါဝင်မှုများတဲ့အစားအစာတွေနဲ့ ဝေးဝေးနေပါ။

ကစီဓာတ် - ကစီဓာတ်က ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်အဖြစ်ပြောင်းလဲသွားတဲ့အတွက် ကစီဓာတ်များတဲ့ အစားအစာတွေက သည်းခြေကျောက်တည်စေပါတယ်။

အရက်နှင့် ကော်ဖီ - မနက်ခင်းကော်ဖီတစ်ခွက်သောက်တာနဲ့ ညနေဘက် ကော့တေးတစ်ခွက်သောက်တာမျိုးကို စွန့်လွှတ်ဖို့မလိုပါဘူး။ လေ့လာမှုတွေအရ ကော်ဖီနဲ့ အရက် အသင့်အတင့်သောက်သုံးခြင်းက သည်းခြေကျောက်တည်ခြင်းကိုကာကွယ်နိုင်တယ်လို့ဆိုပါတယ်။

လေ့ကျင့်ခန်း - လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့် ကိုယ်အလေးချိန်ကျစေပြီး သည်းခြေကျောက်တည်ခြင်းကိုကာကွယ်နိုင်ပါတယ်။ မိနစ်သုံးဆယ်လေ့ကျန်းခန်း တစ်ပတ်ကို ငါးကြိမ်ပြုလုပ်မယ်ဆိုရင် ကျန်းမာရေးအတွက်လုံလောက်ပါတယ်။

 

3. အချို့သောဆေးဝါးများကို ရှောင်ကြဉ်ရပါမယ်။

         အချို့သော သွေးတွင်းအဆီကျဆေးတွေသောက်နေရင်၊ ဟော်မုန်းဆေးတွေသောက်နေရင် (သို့) တားဆေးပမာဏများများသောက်နေရင် သည်းခြေအိတ်ကျောက်တည်ခြင်းကို အားပေးပါတယ်။

Dr. Mya Myo Myo Swe

www.drmyanmar.com