သတိ….သကြားများများမစားရ
လူတိုင်းစွဲလမ်းနှစ်ခြိုက်စွာစားသုံးနေကြတဲ့သကြားဟာ အရသာချိုမြပေမယ့် ကျန်းမာရေး ဘေးဥပါဒ်များစေတဲ့ စားသုံးဖွယ်ရာများထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ သကြားစားသုံးမှုများခြင်းကြောင့် အရေးအကြောင်းများပေါ်လာခြင်း၊ ဆံပင်ဖြူခြင်းစတဲ့ အိုမင်းမှုပြလက္ခဏာတွေကို စောစီးလျင်မြန်စွာဖြစ်စေနိုင်တဲ့ အပြင် ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ အရိုးပွရောဂါတွေကိုပါ ဖြစ်နိုင်ချေမြင့်မားစေပါတယ်။ ဒီလိုကျန်းမာရေးဆိုးကျိုးတွေအပြင် အခြားကျန်းမာရေးပိုင်းကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေ ကျန်ရှိပါသေးတယ်။ ဒါကြောင့် သကြားစားသုံးမှု ဘာကြောင့်လျှော့ချသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး သကြားကြောင့်ဖြစ်စေနိုင်တဲ့ ဆိုးကျိုးများစွာကို ဖော်ပြပေးလိုက်ပါတယ်။
1. အိုမင်းစေခြင်း
သကြားဟာ အသက်အရွယ်ကြီးရင့်မှု၊ ဖျားနာမှုကိုဖြစ်စေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို အားပေးပြီး ဟော်မုန်းထုတ်လွှတ်မှု၊ DNA တည်ဆောက်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရွယ်တင်နုပျိုစေဖို့ သကြားစားသုံးမှုလျော့ချဖို့လိုအပ်ပါတယ်။
2. ကိုယ်အလေးချိန်တက်စေခြင်း
အချိုစားများခြင်းဟာ သွားကိုပျက်စီးစေနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်းတက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချသူတွေအနေနဲ့ သကြားစားခြင်းမှ ရှောင်ကျဉ်သင့်ပြီး ၀လိုသူတွေအနေနဲ့လည်း သကြားစားခြင်းကြောင့် ကိုယ်အလေးချိန်တက်စေတာပဲဟု အယူအဆလွဲမှားကာ သကြားစားသုံးခြင်းမပြုသင့်ပါဘူး။ သကြားဟာ ကျန်းမာရေးဘေးဥပါဒ်ကိုသာဖြစ်စေတဲ့ ဖြည့်စွက် အစားအစာတစ်မျိုးဖြစ်ပါတယ်။
3. ဆာလောင်စေခြင်း
အချိုကဲအစားအစာများဟာ ဆာလောင်မှုကိုပိုဖြစ်စေပါတယ်။ မနက်စာအတွက် သကြားပါ၀င်တဲ့အစား အစာစားထားပါက တစ်နေ့လုံး အချိုအရသာရှိတဲ့ အစားအစာတွေ၊ သကြားဖြူးထားတဲ့ အစားအစာတွေကိုသာ စားလိုစိတ်ပြင်းပြနေတတ်ပါတယ် ။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချသူတွေအနေနဲ့ သကြားဟာ ရှောင်ကျဉ် သင့်တဲ့အစားအစာဖြစ်ပါတယ်။
4. ကိုယ်ခံအားကျစေခြင်း
သကြားစားသုံးမှုများရင် ကိုယ်ခံစွမ်းအားစနစ်ထိခိုက်ပြီး အအေးမိဖျားနာ၊ တုပ်ကွေးရောဂါကို ခုခံနိုင်စွမ်းမရှိတော့ပါဘူး။ ဒါ့အပြင် ခန္ဓာကိုယ် Ph အဆင့်လျော့ကျစေတဲ့အတွက် ကင်ဆာရောဂါဖြစ်နိုင်ချေ မြင့်မားစေပါတယ်။ ဒါကြောင့် ကိုယ်ခံစွမ်းအားမြင့်မားစေဖို့နဲ့ ကင်ဆာရောဂါကာကွယ်နိုင်ဖို့ သကြားလျှော့စားသင့်ပါတယ်။
5. ဇေ၀ဇဝါဖြစ်စေခြင်း
သကြားများများစားသုံးခြင်းကြောင့် ဆုံးဖြတ်ချက်ချရာမှာ ဇေ၀ဇဝါဖြစ်စေပါတယ်။ သကြားပါ၀င်တဲ့ အစားအစာ နေ့စဉ်စားသုံးမှုကြောင့် အရေးကြီးတဲ့လုပ်ငန်းကိစ္စတွေကို ထက်ထက်မြက်မြက် ဆုံးဖြတ်နိုင်ခြင်းမရှိတဲ့အပြင် အသေးအဖွဲ့ကိစ္စတွေကို ဆုံးဖြတ်ရာမှာပါ ဇေ၀ဇဝါဖြစ်စေပါတယ်။
6. ဗီတာမင်နဲ့ သတ္တုဓာတ်ချို့တဲ့စေခြင်း
သကြားလုံး၊ ဆိုဒါနဲ့ အခြားအချိုဓာတ်များတဲ့ အစားအစာတွေမှာ ဗီတာမင်၊ သတ္တုဓာတ်တွေပါ၀င်မှုမရှိတဲ့ အပြင် အာဟာရဓာတ်ပါ၀င်မှုလည်းနည်းပါးတယ်။ ဒါကြောင့် သကြားအပါ၀င် အစားအစာတွေကို နေ့စဉ်စားသုံးပါက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ချို့တဲ့စေနိုင်ပါတယ်။
7. စိတ်အားငယ်၊ စိတ်ဓာတ်ကျစေခြင်း
သကြားစားသုံးခြင်းကြောင့် သွေးတွင်းသကြားဓာတ်မြင့်တက်စေကာ ကျန်းမာရေးကိုသာမက စိတ်ခံစား ချက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ သင့်အနေနဲ့ တစ်နေ့တာအတွင်း စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်းကို မကြာခဏခံစားနေရပါက အချိုဓာတ်ကဲအစားအစာတွေစားသုံးခြင်းမှ ရှောင်ကျဉ်ဖို့လိုအပ်နေပါပြီ။
8. စွဲလမ်းစေခြင်း
ကိုကင်းစွဲလမ်းမှုထက် သကြားစွဲလမ်းမှုက 8 ဆ ပိုသာပါတယ်။ အချိုဓာတ်ကဲအစားအစာကို တစ်ကြိမ်စားမိပါက နောက်တစ်ကြိမ်ထပ်စားဖို့ အာသာပြင်းပြနေတတ်ပါတယ်။ ဒါကြောင့် မုန့်အချိုတွေကို တတ်နိုင်သမျှ စားသုံးခြင်းမှရှောင်ကျဉ်ပြီး သစ်သီး၀လံများကိုသာ စားသုံးသင့်ပါတယ်။
CMS
















