သွေးတိုးရောဂါဆိုတာ ကာကွယ်လို့ရသလား
အသက်ကြီးလာလို့ သွေးတိုးသလား ... စိတ်ညစ်လို့ သွေးတိုးသလား ... အမျိုးမျိုး ထင်မြင်ယူဆနေကြသူ သွေးတိုးရောဂါရှင်များအတွက် ဗဟုသုတဖြစ်ဖွယ်လေးတစ်ခု တင်ပြပေးလိုက်တယ်နော်။ အကောင်းဆုံး သွေးတိုးကာကွယ်ဆေးဆိုတာ သဘာ၀ကျကျ အစားအစာနဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပေါင်းစပ်မှု ဖြစ်ပါသတဲ့။ နောက်ကွယ်အကြောင်းရင်းက စိတ်၀င်စားစရာမို့ ဖတ်ကြည့်ကြရအောင်။
အင်္ဂလန်နိုင်ငံမှာ အရွယ်ရောက်ပြီးသူတွေရဲ့ လေးပုံတစ်ပုံက သွေးတိုးရောဂါ ခံစားနေရပါသတဲ့။ သွေးတိုးတယ်ဆိုတာ အသက်ကြီးတိုင်း ဖြစ်တာမဟုတ်သလို အခန့်မသင့်လို့ စွဲကပ်လာရတဲ့ရောဂါလည်း မဟုတ်ပါဘူး။ အသက် ၆၅ ကနေ ၇၄ အတွင်း လူကြီးသူမတွေမှာ သွေးတိုးရောဂါ နှစ်ယောက်တစ်ယောက် ရှိနေတယ်ဆိုတော့ နည်းတဲ့အတိုင်းအတာ မဟုတ်ပြန်ပါဘူး။
အသက်ကြီးလို့ သွေးတိုးတယ်ဆိုတာထက် ဘဝတစ်လျှောက်လုံး နေထိုင်စားသောက်လာတဲ့ပုံစံက သင့်ကို သွေးတိုးစေတာပါတဲ့။
သေချာပေါက် သွေးတိုးစေသော အရာသုံးခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
● အငန်ကြိုက်သူတွေအနေနဲ့ သွေးတိုးဖြစ်လာဖို့ အလားအလာ အများဆုံးပါနော်။ ငါးပိ၊ ငါးခြောက်စားမှ ငံပြာရည်ချက်လေးပါမှ ထမင်းမြိန်တတ်သူ ဆိုရင်တော့ အသက်ကြီးလာတာနဲ့ သွေးတိုးကို လက်ကမ်းသာ ကြိုပေတော့။
● ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ဝါသနာမပါသူတွေ ညတိုင်း တီဗီကြာကြာကြည့်သူတွေ၊ ခြေညောင်းလက်ဆန့် လုပ်ရမှာတောင် ပျင်းသူတွေကတော့ သွေးတိုးဖို့ ရယ်ဒီအနေအထား ရှိသူတွေပါတဲ့။
● အရက်ကြိုက်သူလား။ တစ်ခွက်တစ်ဖလားကနေ နေ့စဉ် သောက်ဖြစ်နေပြီလား။ စိတ်ပူစရာက အရက်ကလည်း သွေးတိုးရောဂါကို အထူးတလည် ဖိတ်ခေါ်သူပါတဲ့။
ဆား၊ သကြား၊ အသင့်စား အစားအစာတွေ ဟမ်ဘာကာ၊ အချိုရည်၊ ဆီဦးထောပတ်၊ ပေါင်မုန့်ကိတ်မုန့်တွေနဲ့ အသက်ရှင်သူ လူတန်းစားနဲ့ ဥယျာဉ်ခြံမြေစိုက်သူ အရွက်နဲ့ အသား လတ်လတ်ဆတ်ဆတ် ချက်စားသူ တောနေ လူတန်းစားနှစ်ရပ် ယှဉ်လိုက်တဲ့အခါ ဆီဦးထောပတ်စားသူ လူတန်းစားက အသက်ရလာတာနဲ့အမျှ သွေးတိုးလာပြီး သာမန်ရိုးရှင်းတဲ့ အစားအစာကို လတ်ဆတ်စွာ ချက်ပြုတ်စားသုံးသူတွေကတော့ အသက်ရလာပေမယ့် သိသိသာသာ သွေးတိုးမလာဘူးဆိုတာ သုတေသနတွေ ထွက်ရှိအဖြေထုတ်ထားကြပါပြီ။
ဒီတော့ အနောက်နိုင်ငံသူနိုင်ငံသားတွေမှာ အသက်ကြီးလာတာနဲ့အမျှ သွေးတိုးလာကြပေမယ့် ရိုးရှင်းတဲ့ အသီးအနှံနဲ့ အသား၊ ငါး ချက်ပြုတ်စားသူတွေကတော့ ပကတိကျန်းမာနေကြတာကို တွေ့ရပါတယ်။
ဒါကြောင့် သဘာဝကျတဲ့ အစားအစာသာလျှင် အသက်ရှည်ဆေးပါ။ စားကောင်းတာထက် သဘာ၀ကျကျစားစရာကိုသာ ရွေးချယ်စားသုံးကြပါ။ ငါးပိငါးခြောက်ထက် လတ်ဆတ်တဲ့ငါး စားကြပါ။ ပြုပြင်ပြောင်းလဲထားတဲ့ အသား၊ ငါးတွေထက် သဘာဝကျကျ အသား၊ ငါး စားသုံးတာတွေက ပိုမိုအသက်ရှည်ကျန်းမာစေကြောင်း ကျန်းမာရေးသုတေသီတွေကတော့ အဖြေထုတ်နေကြပါပြီ။
အသက်ရလာတာနဲ့အမျှ သွေးတိုးလာတာဟာ မျိုးရိုးဗီဇနဲ့ သက်ဆိုင်သလို မိမိရဲ့တစ်သက်တာ နေထိုင်စားသောက်မှုပုံစံကလည်း ကြီးစွာလွှမ်းမိုးမှု ရှိနေကြောင်း အထူးသတိပြုနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















