/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အကိုက်အခဲပျောက်ဆေးတွေကြောင့်ဖြစ်တဲ့-အစာအိမ်နာရောဂါ

အကိုက်အခဲပျောက်ဆေးတွေကြောင့်ဖြစ်တဲ့ အစာအိမ်နာရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အကိုက်အခဲပျောက်ဆေး သောက်တိုင်း အစာအိမ်ရောဂါ ဖြစ်တတ်သလား။ သုတေသနတွေအရ အကိုက်အခဲပျောက်ဆေး မကြာခဏသောက်တဲ့ လူလေးယောက်မှာ တစ်ယောက်က အစာအိမ်ရောင်ရောဂါ စဖြစ်လာပါသတဲ့။ တချို့တွေကျတော့ ဆိုးဆိုးဝါးဝါးအခြေအနေတွေအထိ ဖြစ်သွားလေ့ရှိပါတယ်။

          အကိုက်အခဲပျောက်ဆေးတွေကြောင့် အစာအိမ်သွေးယိုတာ၊ အစာအိမ်အချဉ်ပေါက်တာတွေအထိ ဖြစ်သွားတတ်သူတွေကတော့ -

•        အသက် ၆၅ နှစ်အထက် အဘိုးအဘွားများ

•        စတီးရွိုက်ဆေးဝါး သောက်သုံးနေသူများ

•        တစ်လအတွင်း အကိုက်ပျောက်ဆေး မကြာခဏသောက်တတ်သူ

•        အစာအိမ်အနာဖြစ်ဖူးသူ

•        အကိုက်ပျောက်ဆေး အများကြီးသောက်မိသူ

•        အစာအိမ်ပိုး ကူးစက်ခံထားရသူ

•        နှလုံးရောဂါကြောင့် အက်စပရင်ဆေးဝါး သောက်သုံးနေရသူ

•        သွေးကျဲဆေးသောက်နေရသူတွေ ဖြစ်ပါတယ်။

 

>>     အစာအိမ်နာတဲ့အခါ ...

•        ရင်ညွန့်မှာ ပူပူကြီးနာခြင်း

•        ရင်ခေါင်းတောင့်ခြင်း

•        ညတိုင်း လေနာထခြင်း

•        ပျို့အန်ခြင်း

•        အစာမကြေခြင်း

•        ကိုယ်အလေးချိန်ကျခြင်း

•        အစား မကြာခဏပျက်ခြင်းတို့ ဖြစ်တတ်ပါတယ်။

          အကိုက်အခဲပျောက်ဆေးတွေဟာ အစာအိမ်က အကာအကွယ်ဖြစ်တဲ့ အကျိအချွဲ အမြှေးလွှာလေ းဖြစ်တည်မှုကို နှေးကွေးစေပြီး အစာအိမ်အက်ဆစ်တွေက အစာအိမ်နံရံကို တိုက်ရိုက်ထိတွေ့ လောင်ကျွမ်းရာကနေ ရောင်ရမ်းခြင်း အနာဖြစ်ခြင်းတွေ ဖြစ်ပွားလာပါတယ်။ တစ်ခါတလေ အနာကနေ သွေးယိုထွက်လေ့တောင် ရှိပါတယ်။ အဲဒီအခါ ဝမ်းအမည်းတွေပါ သွားတတ်ပါတယ်။

 

>>    ဆေးကုသတဲ့အခါ ဒါလေးတွေ လိုက်နာပေးရပါတယ်။

•        ဆေးလိပ်ဖြတ်လိုက်ခြင်း

•        အရက်ဖြတ်ခြင်း

•        အကိုက်အခဲပျောက်ဆေးတွေကို ချက်ချင်းရပ်ခြင်း

•        ကော်ဖီ၊ လက်ဖက်ရည် ရှောင်ရပါမယ်။

 

>>    ဒါ့အပြင် အစာအိမ်အက်ဆစ်ကို ချေဖျက်စေမယ့် အထူးဆေးဝါးတွေ သောက်သုံးရပါတယ်။

•        အန်တဆစ်ဆေးဝါး

•        ပီပီအိုင်ဆေးဝါး

•        အစာအိမ်အမြှေးပါး ကာကွယ်ဆေးဝါး

•        ဟစ်စတမင်း ပိတ်ဆို့ဆေးဝါးတွေ သောက်သုံးကုသရပါတယ်။

•        အစာအိမ် သွေးယိုတာ သွေးကြောပေါက်တာအထိ ဆိုးဝါးတဲ့ရောဂါရှင်တွေကိုတော့ ခွဲစိတ်ကုသရပါတယ်။

          ပြဿနာက မကြာခဏ နာကျင်မှုနဲ့ ရုန်းကန်နေရသူတွေမှာ အစာအိမ်ဝေဒနာ ထလာတဲ့အခါ အရင်သောက်နေကျ အကိုက်အခဲ ပျောက်ဆေးပေးမရတော့ဘဲ ဘာတွေပေးရမလဲ ဆိုတာပါပဲ။ အချို့သော အကိုက်အခဲပျောက်ဆေးတွေဟာ အစာအိမ်ထိတာ နည်းစေပြီး နာကျင်မှုကိုပါ သိသိသာသာ သက်သာစေပါတယ်။

          ခေါင်းကိုက်တတ်သူတွေ၊ အဆစ်ရောင်ရောဂါရှင်တွေ၊ လေးဖက်နာရောဂါရှင်တွေမှာ မကြာခဏ နာကျင်မှုနဲ့ နေရတဲ့အတွက် အကိုက်အခဲပျောက်ဆေးတွေ အမြဲသောက်နေရတတ်ပါတယ်။ ဒါကြောင့် အကိုက်ပျောက်ဆေးတွေချည်း အားမကိုးဘဲ တခြားအနာသက်သာဆေးအပြင် ရေရှည်စွဲသောက်ဖို့ သင့်တော်တဲ့ အစာအိမ်အတွက် စိတ်ချရတဲ့ဆေးဝါးတစ်ခုခုကို ဆရာဝန် ညွန်ကြားချက်အတိုင်း မှီဝဲဖို့ အကြံပြုပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)