/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အက်ဆစ်နှင့်-ကျွနု်ပ်တို့၏ခန္ဓာကိုယ်

အက်ဆစ်နှင့် ကျွနု်ပ်တို့၏ခန္ဓာကိုယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အက်ဆစ်ထွက်တဲ့အစားအစာများများစားရင် ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ပါသလား? အစားအစာတွေမှာ အက်ဆစ်ပါဝင်မှုနဲ့ ရှောင်ကြဉ်ရမယ့်အစားအစာတွေအကြောင်းကို လေ့လာကြည့်ကြပါစို့။

အက်ဆစ်ဓာတ်ဆိုတာ

       pH တန်ဖိုးကိုကြည့်ပြီး အက်ဆစ်လား၊ အယ်ကာလီလား၊ ကြားနေ(အက်ဆစ်မဟုတ်၊ အယ်ကာလီမဟုတ်) လား ဆိုတာကိုသိနိုင်ပါတယ်။ pH 0 ဆိုရင် အက်ဆစ်ဓာတ်ပါဝင်မှုများပြီး pH 14 ဆိုရင် အယ်ကာလီပါဝင်မှုများတာကိုဆိုလိုပါတယ်။ pH 7 ကတော့ ကြားနေ (အက်ဆစ်မဟုတ်၊အယ်ကာလီမဟုတ်) ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဘက်ထရီအိုးတွေမှာထည့်ထားတဲ့ အက်ဆစ်က pH 0၊ သန့်စင်ဆေးအရည်တွေမှာ pH 14 နဲ့ ပေါင်းခံရေမှာတော့ pH 7 ပါဝင်ပါတယ်။ ပစ္စည်းအမျိုးမျိုးကဲ့သို့ပဲ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးမှာလည်း pH တန်ဖိုးအမျိုးမျိုးရှိပါတယ်။ ခန္ဓာကိုယ်အတွက် အသင့်တော်ဆုံးကတော့ pH 7.35 နဲ့ 7.45 ကြား(အယ်ကာလီ) ဖြစ်ပါတယ်။ အစာအိမ်မှာတော့ အစာတွေကိုချေဖျက်ဖို့အတွက် အက်ဆစ်ဓာတ် pH 3.5 ရှိပါတယ်။

 

အက်ဆစ်ထုတ်လုပ်သောအစားအစာများများစားခြင်း၏ အကျိုးသက်ရောက်မှုများ

       အသားဓာတ်ကဲ့သို့သော အက်ဆစ်ထုတ်လုပ်မှုများတဲ့အစားအစာတွေက ဆီးထဲမှာ အက်ဆစ်ပါဝင်မှုများစေပြီး uric acid stone လို့ခေါ်တဲ့ ကျောက်ကပ်မှာကျောက်တည်ခြင်းဖြစ်စေပါတယ်။ အက်ဆစ်ဓာတ်များခြင်းက အရိုးနဲ့ ကြွက်သားတွေကိုလည်းပျက်စီးစေပါတယ်။ ဒါက အရိုးထဲမှာရှိတဲ့ ကယ်ဆီယမ်က အက်ဆစ်အရမ်းများလာချိန်မှာ ခန္ဓာကိုယ်ရဲ့ pH ညီမျှမှုကို ပြန်ထိန်းပေးရခြင်းကြောင့်ဖြစ် ပါတယ်။ အရောင်ရင့်တဲ့ ဆိုဒါတွေထဲမှာပါတဲ့ ဖော့စရစ်အက်ဆစ်ဓာတ်ကလည်း အရိုးသိပ်သည်းဆကိုလျော့နည်းစေပါတယ်။ ဒါတွေအပြင် အက်ဆစ်ဓာတ်များလွန်းခြင်းက ကင်ဆာ၊ အသည်းရောဂါနဲ့ နှလုံးရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

 

ကာကွယ်ခြင်း

       ခန္ဓာကိုယ်ကထွက်ရှိတဲ့စွန့်ပစ်ပစ္စည်းတွေမှာ အက်ဆစ်အဖြစ်ပြောင်းလဲမှုများတဲ့အတွက် သုတေသီတွေက သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကဲ့သို့သော အယ်ကာလီဓာတ်ထုတ်ပေးတဲ့အစားအစာတွေများများစားဖို့ အကြံပြုထားပါတယ်။ မစားခင်မှာရှိတဲ့ အစားအစာတစ်ခုရဲ့ pH တန်ဖိုးထက် ခန္ဓာကိုယ်ထဲရောက်လာရင် ဘယ်လိုပြောင်းလဲသွားလဲဆိုတာက ပိုပြီးအရေးကြီးပါတယ်။

 

အက်ဆစ်ပါဝင်မှုမြင့်မားသောအစားအစာများ

       အက်ဆစ်ဓာတ်ပါဝင်မှုကြောင့် ပြဿနာတစ်စုံတစ်ရာရှိနေတယ်လို့ခံစားနေရရင် ဒါတွေသက်သာစေဖို့အတွက် အစားအစာအပြောင်းအလဲလုပ်ပါ။ အက်ဆစ်ပါဝင်မှုများပြီးတော့ ရှောင်ကြဉ်ရမယ့် (သို့) ကန့်သတ်ပြီးစားသုံးရမယ့်အစားအစာတွေကတော့ -

 

- အစေ့အဆန်များ

- သကြား

- အချို့သောနို့ထွက်ပစ္စည်းများ

- ငါး

- ပြုပြင်ထားသောအစားအစာများ

- လတ်ဆတ်သောအသားများနှင့် ကြာရှည်ခံအောင်ပြုလုပ်ထားသောအစားအစာများ

- ဆိုဒါနှင့်အခြားအချိုရည်များ

- အသားဓာတ်ပါဝင်မှုမြင့်သော အစားအစာနှင့်ဖြည့်စွက်စာများ

 

       ဘီယာနှင့် ကိုကိုးစေ့မှပြုလုပ်ထားသော ချောကလက်ဖျော်ရည်အပူများ ကဲ့သို့သော ဖော့စ်ဖရပ်ပါဝင်မှုများတဲ့ သောက်စ ရာတွေကိုလည်း ရှောင်ကြဉ်ရပါမယ်။ အရက်သောက်ချင်ရင် ဖော့စ်ဖရပ်ပါဝင်မှုနည်းသော ဝိုင်နီ၊ ဝိုင်ဖြူတွေကို သောက်သုံးနိုင်ပါတယ်။

       အောက်ပါအစားအစာတွေက ခန္ဓာကိုယ်ရဲ့ အက်ဆစ်-ဘေ့စ်ညီမျှမှုကို အကျိုးသက်ရောက်မှုရှိတဲ့အတွက် ကန့်သတ်စားသုံးပါ။

- အခွံမာသီးများ

- ရွှေဖရုံစေ့၊ နေကြာစေ့ကဲ့သို့သောအစေ့များ

- ဘလူးဘယ်ရီ၊ ဆီးသီး ကဲ့သို့သောအသီးများ

- ပြောင်းဖူးဆီ

- သကြား၊သကာ၊တင်လဲ၊ သကြားသီးရည်၊ ပြုပြင်ထားသောပျားရည်ကဲ့သို့သော ချိုသောအစားအစာများ

- ဆား

- ပဲဆော့စ်၊ ရှာလကာရည်၊ မရောနိစ် ကဲ့သို့သော ဆော့စ်များ

- ပြုပြင်ထားသည့် ချိစ်မာမာများ

- ပြောင်းဖူး၊ ဆန်၊ ဂျုံကဲ့သို့သော အစေ့အဆန်များ

- ကော်ဖီ

       အက်ဆစ်ကြောင့် အရိုးပျက်စီးမှာစိုးရိမ်ရင် ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်အနည်းငယ် 5mg သောက်နိုင်ပါတယ်။ ဒါတွေက အစာချေဖျက်မှုကို နှောင့်နှေးစေတဲ့အတွက် အစားစားချိန်မှာမသောက်သင့်ပါဘူး။ နေ့စဉ်စားသုံးတဲ့အစားအစာထဲမှာ ကယ်ဆီယမ်၊ ဗီတာမင် D နဲ့ မက်ဂနီဆီယမ် လုံလောက်စွာပါဝင်မယ်ဆိုရင်  အက်ဆစ်ကြောင့်အရိုးပျက်စီးမှုကို တားဆီးနိုင်ပါတယ်။

 

အက်ဆစ်ဓာတ်နည်းသောအစားအစာများ

       အယ်ကာလီဓာတ်ပါတဲ့အစားအစာတွေက အရိုးကျန်းမာရေးကောင်းမွန်ခြင်းနဲ့ မဆိုင်ပေမယ့် ကြွက်သား ဆုံးရှုံးခြင်းကိုလျော့ကျစေပြီး မှတ်ဉာဏ်နဲ့ တက်ကြွမှုကိုအားကောင်းစေပြီး အသက်ရှည်စေဖို့အထောက်အပံ့ပေးပါတယ်။

 

အယ်ကာလီပါဝင်တဲ့အစားအစာတွေကတော့

- ဥများ

- ပဲ၊ ပဲပိစပ်၊ တို့ဖူး

- အချိုမပါသော ဒိန်ချဉ်နှင့် နို့

- သဘာဝပျားရည်

- အာလူးအပါအဝင် ဟင်းသီးဟင်းရွက်အများစု

- သစ်သီးအများစု (အပေါ်တွင်အက်ဆစ်ဓာတ်ပါဝင်သည်ဟုဖော်ပြထားသည်များမှလွဲပြီး)

- ဆေးဖက်ဝင်အပင်များနှင့် ဟင်းခတ်အမွှေးအကြိုင်များ - မုန်ညင်း၊ ဇာတိပ္ဖိုလ်သီး

- ကောက်ပဲသီးနှံ - နှမ်းကြတ်ပင်၊ လူး၊ဆပ်၊နှံစားပြောင်းစသည့်ကောက်နှံပင်၊

- ဆေးဖက်ဝင်အပင်များဖြင့်ပြုလုပ်ထားသောလက်ဖက်ရည်

သိမှတ်စရာအချက်များ

       အယ်ကာလီပါဝင်တဲ့အစားအစာတွေက ကျန်းမာရေးအတွက်သင့်လျော်ပါတယ်။ သန့်စင်ထားတဲ့ ကာဗွန်ဟိုက်ဒရိတ်၊ သကြား၊ နို့ စားသုံးမှုကိုထိန်းချုပ်ပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးများများစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ pH ပမာဏကိုညီမျှစေဖို့ အထောက်အကူဖြစ်စေပါတယ်။ pH ပမာဏညီမျှခြင်းဖြင့် နေ့စဉ်ကြုံတွေ့နေရတဲ့ကျန်းမာရေးပြဿနာတွေနဲ့ နာတာရှည်ရောဂါများဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com