/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အခုတလော-ဒေါသထွက်တိုင်း-ရင်ဘတ်တွေ-အောင့်နေတယ်-နှလုံးရောဂါ

အခုတလော ဒေါသထွက်တိုင်း ရင်ဘတ်တွေ အောင့်နေတယ် ... နှလုံးရောဂါ ... ဖြစ်နေပြီလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         တစ်ခါတလေတွင် အလုပ်က ပေးကြောင့်သော်လည်းကောင်း၊ မိသားစုပြဿနာနဲ့ အချစ်ရေးကိစ္စများကြောင့် သောကများ ခံစားရတတ်ပါတယ်။ သောကများခြင်းကြောင့် ဖြစ်နိုင်သော ကျန်းမာရေးဆိုးကျိုးများအနက် ရင်ဘတ်အောင့်ခြင်းလည်း အပါအဝင် ဖြစ်ပါတယ်။ စိတ်သောကကြောင့် ရင်ဘတ်အောင့်ခြင်းက နှလုံးရောဂါကြောာင့် ရင်ဘတ်အောင့်ခြင်းထက် ဆိုးကျိုးနည်းတတ်ပြီး ရင်ဘတ်အောင့်လေ့ရှိသူများအနေနဲ့ စိတ်ဖိစီးခြင်းကြောင့်လား နှလုံးရောဂါကြောင့်လားဆိုတာ ခွဲခြားသိဖို့ လိုပါတယ်။

>>    စိုးရိမ်သောကများခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာများကတော့ -
         နှလုံးခုန်မြန်ခြင်း၊ ချွေးစေးထွက်ခြင်း၊ ပျို့ခြင်း၊ မူးဝေခြင်းတို့အပြင် ခြေထောက်များကျဉ်ခြင်း၊ မိမိစိတ်ကို မထိန်းချုပ်နိုင်ခြင်း၊ ကြွက်သားများ အားနည်းခြင်းတို့နဲ့ ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

>>    စိတ်သောကများတဲ့အခါ ဘာကြောင့် ရင်ဘတ်အောင့်ရသလဲ?
         ကျွန်မတို့တွေဟာ စိတ်သောကများတဲ့အခါမှာ အောက်ပါအချက် သုံးချက်ကြောင့် စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေပါတယ်။
(၁)     အသက်ရှူမြန်ခြင်း
         စိတ်သောကများခြင်းနဲ့ ဒေါသထွက်ခြင်းတို့ကြောင့် အသက်ရှူ မြန်လာတတ်ပါတယ်။ ထိုအခါတွင် နှလုံးသွေးကြောများကို ဆွဲညှစ်သလိုဖြစ်ပြီး ရင်ဘတ်အောင့်စေတာပါ။

(၂)     လေပွခြင်း
         စိတ်သောကများခြင်းဟာ အစာအိမ်တွင်း ဂတ်စ်များ ထွက်ပေါ်စေပြီး လေပွစေခြင်းနဲ့ ဆက်စပ်နေပါတယ်။ ထိုသို့လေပွခြင်းကြောင့် အဆုတ်ကို ဖိမိရာကနေ ရင်ဘတ်အောင့်စေပါတယ်။

(၃)     စိတ်ကြောင့်ဖြစ်သော နာကျင်ခြင်း
         ရင်ဘတ်အောင့်စေသော အကြောင်းရင်းမရှိပါဘဲ စိတ်သောက အလွန်များခြင်းကြောင့်လည်း တကယ်မနာကျင်ဘဲ ရင်ဘတ်အောင့်သကဲ့သို့ ခံစားရတတ်ပါတယ်။

         စိတ်သောကများကြောင့် ရင်ဘတ်အောင့်ခြင်းနဲ့ နှလုံးရောဂါကြောင့် ရင်ဘတ်အောင့်ခြင်းကို ဘယ်လိုခွဲခြားမလဲ?
>>    စိတ်သောကကြောင့် ရင်ဘတ်အောင့်ခြင်း
●       ရင်ဘတ်ထဲက စူးအောင့်ခြင်း
●       ရင်ဘတ် အလယ်တည့်တည့်တွင်သာ ကွက်ပြီး အောင့်တတ်ခြင်း

>>    နှလုံးရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း
●       နှလုံးနေရာတွင်သာမက ပခုံးနဲ့ မေးစေ့နားတစ်ဝိုက်ပါ နာကျင်စေခြင်း
●       နှလုံးနေရာက ဆွဲစုပ်ထားသလို နာကျင်ခြင်း
●       တစ်ခါနာရင် ၁ဝ မိနစ်နဲ့အထက် ကြာခြင်း

>>    စိတ်သောကများခြင်းကြောင့် ရင်ဘတ်အောင့်ခြင်းကို ဘယ်လိုလျှော့ချနိုင်သလဲ
●       ဖြည်းဖြည်းနဲ့မှန်မှန် အသက်ရှူပါ
●       စိတ်သောကပေးသောအတွေးများကိုမေ့ပျောက်ပါ
●       အိမ်ပြင် ခဏထွက် လမ်းလျှောက်ခြင်း
●       ပတ်ဝန်းကျင်အသစ်ကို ပြောင်းလဲခြင်း ပြုလုပ်ပါ။

         စိတ်သောကများခြင်းဟာ ရင်ဘတ်အောင့်ခြင်းအပြင် အခြားသောရောဂါလက္ခဏာများကို ဖြစ်စေပါသေးတယ်။ ဒါတွေကတော့ -
●       ချွေးစေးထွက်ခြင်း
●       နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း၊ ရင်တလှပ်လှပ်ဖြစ်ခြင်း
●       လက်တုန်ခြင်း
●       ရင်ထဲဆို့နင့်ခြင်း
●       ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း
●       မူးဝေခြင်း၊ မိုက်ခနဲဖြစ်ခြင်း
●       ခြေလက်များ ထုံကျဉ်ခြင်း
●       မျက်နှာနီမြန်းခြင်း၊ ချမ်းတုန်ခြင်း
●       ကိုယ်နဲ့ စိတ်နဲ့ ကင်းကွာသလို ခံစားရခြင်း စသည်တို့ ဖြစ်ပါတယ်။
         စိတ်သောကတွေများလို့ ရင်ဘတ်တွေ အောင့်နေပြီလား။ ဒါဆို အပေါ်ကနည်းလမ်းတွေကို လိုက်နာပြီး တစ်ဖက်ကလည်း စိတ်သောကများကို ဖြေဖျောက်နိုင်ဖို့လည်း ကြိုးစားပေးဖို့ အကြံပေးတင်ပြလိုက်ပါတယ်။

လေပြေနုသွေး (ဆေး၂) (www.drmyanmar.com)