အဆစ်တွေ နာပြီး ဖျားနေတာ ဆင်တုပ်ကွေးကြောင့်များ ဖြစ်နေမလား
" ဆရာမရေ ... အိမ်က သားနဲ့သမီး တအားဖျားနေတာ နှစ်ရက်ရှိပြီ။ ရေပတ်တိုက်တော့လည်း ခဏပဲ အဖျားကျတာ။ အဖျားကြမ်းလွန်းတော့ ကြောက်လာပြီ ... "
အပြင်းဖျားစေတဲ့ တုပ်ကွေးရောဂါဆိုရင် ရာသီပေါ်ရောဂါ ဆင်တုပ်ကွေးကို အရင်ဆုံး စဉ်းစားရပါလိမ့်မယ် မေမေတို့ရေ။ ကလေးတွေတင်မက လူကြီးတွေပါ ရုတ်တရက် အပြင်းဖျားပြီး ကိုယ်တွေ၊ လက်တွေ ကိုက်ခဲနေရင်တော့ လတ်တလော ခေတ်ထနေတဲ့ ဆင်တုပ်ကွေးများ ဖြစ်နေပြီလားလို့ သတိပြုမိဖို့ လိုပါတယ်နော်။ တုပ်ကွေးကူးတာကတော့ ခြင်ကိုက်တာကနေ ကူးတာပါ။
ကံဆိုးချင်တော့ အခုလက်ရှိ ဈေးကွက်ထဲက ကာကွယ်ဆေးတွေက ဆင်တုပ်ကွေးကို မကာကွယ်နိုင်သေးပါဘူး။ ဒါပေမဲ့ ကံကောင်းတာက ဒီတော့ ဆင်တုပ်ကွေးဖြစ်ရင် အသက်သေနိုင်လားလို့မေးရင် အဲလောက်ကြီးလည်း မဆိုးဝါးပါဘူးလို့ ဖြေရပါလိမ့်မယ်။
>> ဆင်တုပ်ကွေးသာ တကယ်ဖြစ်ခဲ့ရင် ...
● အဖျားတက်မယ်။
● အဆစ်တွေ နာကျင် ကိုက်ခဲမယ်။
● ခေါင်းကိုက်မယ်။
● အနီကွက်တွေ ထလာမယ်။
● ညောင်းညာမယ်။
အနေအထားက တခြားတုပ်ကွေးတွေနဲ့ သိပ်မကွာသလို အန္တရာယ် အရမ်းပေးနိုင်တဲ့ ရောဂါအမျိုးအစားထဲမှာတော့ မပါဝင်ပါဘူး။ သတိဆိုတာ ပိုသည်မရှိတော့ နဂိုကတည်းက ရောဂါအခံတစ်ခုခုရှိသူတွေ အသက်အရွယ်ကြီးရင့်သူ လူကြီးသူမတွေ ကလေးသူငယ်တွေမှာတော့ နည်းနည်း သတိထားသင့်ပါတယ်။ ရောဂါပိုးကို ခံနိုင်ရည် ကွာခြားနိုင်လို့ ဖြစ်ပါတယ်။
● ရေများများသောက်မယ်၊ ဓာတ်ဆားရည်/စွပ်ပြုတ်/ဆန်ပြုတ်/မြူစွမ် သောက်မယ်။
● စိတ်အေးလက်အေး အိမ်မှာ နားမယ်။
● အိပ်ရေးဝဝ အိပ်မယ်။
● ရေပတ်တိုက်မယ်။
● ပါရာစီတမော နဲ့ တခြားအကိုက်အခဲပျောက်ဆေးတွေ သောက်သုံးမယ် ဒီလောက်ဆို အဆင်ပြေပါပြီ။ ကံကောင်းတာ နောက်တစ်ခုက တစ်ခါဖြစ်ပြီးရင်လည်း နောက်ထပ် ထပ်မဖြစ်တော့ဘူးတဲ့။
ရောဂါရဲ့မူရင်းအစက ကာရေဘီယမ်ကျွန်းတွေဘက်မှာ စတင်ပြန့်ပွားတာဖြစ်ပြီး အာရှအာဖရိက၊ ဥရောပနဲ့ အာရှပစိဖိတ်ကျွန်းစုတွေကို ဆက်လက်ပျံ့နှံ့ခဲ့ပါတယ်။ ကာရယ်ဘီယန် လက်တင်အမေရိကနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံမှာ ဆင်တုပ်ကွေး သံသယလူနာပေါင်း ၁.၇ မီလီယံကျော်သွားပြီ ဖြစ်ပါတယ်။
ကူးစက်ခံရပြီး ၃ ရက်ကနေ ၁၀ ရက်အတွင်း တဖြည်းဖြည်း အဖျားကျလာပြီး သူ့အလိုလို နလန်ထူလာတတ်တယ်။ အဆစ်တွေ နာတာက လပေါင်းများစွာက နှစ်ပတ်လည်တဲ့အထိ ကျန်နေတတ်တာတော့ သူ့ရဲ့ နောက်ဆက်တွဲတခုပေါ့။ ဒါပေမဲ့ လူတိုင်းမဖြစ်တတ်ဘဲ အဆစ်နာက နာတာရှည်ရယ်လို့တော့ မဖြစ်သွားတတ်တဲ့အတွက် စိတ်သိပ်မပူပါနဲ့။
>> ဆင်တုပ်ကွေးမဖြစ်အောင် အကောင်းဆုံး ကာကွယ်နည်းက ဘာများဖြစ်မလဲ?
ခြင်ကိုက်မခံဖို့ပါ။ ခြင်ကတစ်ဆင့်သာ ကူးစက်ပြန့်ပွားတဲ့ရောဂါ ဖြစ်ပါတယ်။
● ခြင်နိုင်ဆေး၊ လိမ်းဆေး၊ ဖြန်းဆေးတွေ နိုင်နိုင်သုံးပါ။
● ခြင်ထောင်နဲ့ အိပ်ပါ။
● ခြင်ဇကာတွေ တပ်ပါ။
● ခြင် ခိုအောင်းနိုင်တဲ့ နေရာတွေကို သန့်ရှင်းရေးလုပ်ပါ။
● အကျႌလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















