/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဆုတ်ပြည်တည်ခြင်း

အဆုတ်ပြည်တည်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အဆုတ်ပြည်တည်တယ်ဆိုတာ ဘာလဲ? သိတဲ့လူ နည်းမယ် ထင်ပါတယ်နော်။ အဆုတ်ပြည်တည်တယ်ဆိုတာ ဘာလဲ? ဘယ်လိုလက္ခဏာတွေနဲ့ လာလဲ? ဘာကုသမှုတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးပါမယ်နော်။

          အဆုတ်ပြည်တည်တယ်ဆိုတာ အဆုတ်တစ်သျှူးထဲမှာ ရောင်ရမ်းတစ်သျှူးတွေ ဝန်းရံနေတဲ့ ပြည်လုံးကြီး ဖြစ်နေတာပါ။ ပိုးဝင်လို့ပဲ ဖြစ်တာပါပဲ။

●        အဆုတ်ပြည်တည်တာဟာ ပါးစပ်ထဲကပိုးတွေ အဆုတ်ထဲဝင်သွားတာကြောင့် ဖြစ်လေ့ရှိပါတယ်။

●        နုံးနေတာ၊ အစားအသောက်ပျက်တာ၊ အဖျားတက်တာ၊ ညဘက်မှာ ချွေးစေးတွေပြန်တာ၊ ကိုယ်အလေးချိန်တွေ ကျတာ၊ ချောင်းဆိုးပြီး သလိပ်တွေထွက်တာမျိုး ဖြစ်တတ်ပါတယ်။

●        အဓိကကတော့ ဓာတ်မှန်ရိုက်ကြည့်ရင် သိပါတယ်။

●        အဆုတ်ပိုး အရှင်းပျောက်ဖို့အတွက် ပိုးသတ်ဆေးကို ရက်သတ္တပတ်နဲ့ချီပြီး သောက်ဖို့လိုနိုင်ပါတယ်။

 

>>    အဆုတ်ပြည်တည်စေတဲ့ အကြောင်းရင်း

          အဆုတ်ပြည်တည်တာဟာ ပါးစပ်ထဲ၊ လည်ချောင်းထဲက ပိုးမွားတွေ အဆုတ်ထဲ ပြန်ဆန်ဝင်သွားတာကြောင့် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် သွားဖုံးရောဂါတွေကြောင့်မို့ ဖြစ်တာများပါတယ်။ ဒီလိုပိုးမွှားတွေ မဝင်ရလေအောင် ခန္ဓာကိုယ်က ပုံမှန်ချောင်းဆိုးဟပ်ထုတ်တဲ့ တုန့်ပြန်မှုရှိပါတယ်။ ဒီလို ချောင်းဆိုးမဟပ်ထုတ်နိုင်တဲ့ အခြေအနေမျိုးတွေဖြစ်တဲ့ သတိမေ့နေတာ၊ အိပ်ဆေးတွေ၊ မေ့ဆေးတွေ၊ အရက်တွေနဲ့ ဆေးအမျိုးမျိုးကြောင့် အိပ်ငိုက်နေတာ၊ ဦးနှောက်နဲ့ အာရုံကြောရောဂါတွေရှိနေတာ စတဲ့အကြောင်းရင်းတွေကြောင့်သာလျင် အဆုတ်ပြည်တည်တာမျိုး ဖြစ်တတ်ပါတယ်။

          ခုခံအားစနစ် မကောင်းသူတွေမှာ ဆိုရင်တော့ ပါးစပ်ထဲတွေ့လေ့ရှိတဲ့ ပိုးတွေကြောင့်မဟုတ်ဘဲ မှိုပိုးတွေ၊ တီဘီပိုးတွေကြောင့် အဆုတ်ပြည်တည်လေ့ ရှိပါတယ်။ တခြားအဆုတ်ပြည်တည်စေတဲ့ပိုးတွေ အနေနဲ့ Staphylococcus၊ Streptococcus စတဲ့ ပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။

          လေလမ်းကြောင်း ပိတ်တဲ့အခါမျိုးမှာလည်း အဆုတ်ပြည်တည်နိုင်ပါတယ်။ လေလမ်းကြောင်းငယ်လေးတွေထဲမှာ အကျိတ်တွေ၊ ပြင်ပပစ္စည်းတွေတစ်ခုခုကြောင့် ပိတ်နေခဲ့ရင် အချွဲတွေ မထွက်နိုင်တော့ဘဲ ပုံနေတတ်ပါတယ်။ ဒီအချွဲတွေထဲ ဘက်တီးရီးယားပိုးတွေ ဝင်ရောက်လာနိုင်ပါတယ်။ ဒီလို ဘက်တီးရီးယားပိုးတွေ ပြည့်နှက်နေတဲ့ အချွဲတွေကို ဟပ်မထုတ်နိုင်တဲ့အခါမှာ အဆုတ်ပြည်တည်တော့တာပါပဲ။

          ရှားရှားပါးပါး တစ်ခါတလေ တခြားပိုးရှိတဲ့ တစ်နေရာရာကနေ ပိုးဝင်နေတဲ့သွေးခဲတွေ သွေးထဲကတစ်ဆင့်ပြန့်ပြီး အဆုတ်ထဲရောက်လာခဲ့ရင်လည်း အဆုတ်ပြည်တည်နိုင်ပါတယ်။ အစာသီးတာတို့၊ လေလမ်းကြောင်း ပိတ်တာတို့ကြောင့် ပြည်တည်ခဲ့ရင် တစ်နေရာပဲ တည်နိုင်ပါတယ်။ ပြည်တွေ အများကြီးဖြစ်ခဲ့ရင်တောင် အဆုတ်တစ်ဖက်ထဲမှာပဲ တည်တတ်ပါတယ်။ ဒါပေမဲ့ သွေးထဲကသာ ပြန့်လာရိုးမှန်ရင် အဆုတ်နှစ်ဖက်စလုံးမှာ ပြည်တွေ အများကြီး တည်လာနိုင်ပါတယ်။ အထူးသဖြင့် မသန့်တဲ့အပ်တွေနဲ့ ဆေးသုံးတဲ့သူတွေမှာပေါ့။

          တဖြည်းဖြည်းနဲ့ ပြည်တွေ ပေါက်ထွက်သွားတဲ့အချိန်မှာ သလိပ်တွေ အများကြီးထွက်လာတော့တာပေါ့။ ဒီလိုပေါက်ထွက်သွားတဲ့ ပြည်တည်နေရာဟာ အပေါက်ကြီး ဖြစ်ကျန်ရစ်ခဲ့ပြီး လေတွေ၊ အရည်တွေနဲ့ ပြည့်လာတတ်ပါတယ်။ တစ်ခါတလေ ပြည်အိတ်ဟာ အဆုတ်နဲ့ အဆုတ်အမြှေးပါးကြား ပေါက်ထွက်တဲ့အခါ အဆုတ်ပြည်ဖုံးခြင်းဆိုတဲ့ အခြေအနေတစ်မျိုး ဖြစ်လာနိုင်ပါတယ်။ အရမ်းကို ရှားရှားပါးပါး တစ်ခါတလေ ပြည်အိတ်ကသွေးကြောတွေကိုဖောက်ထွင်းပြီး သွေးတွေတအားထွက်တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

 

>>    ရောဂါလက္ခဏာတွေအနေနဲ့ -

          များသောအားဖြင့် တဖြည်းဖြည်းချင်း ရောဂါလက္ခဏာတွေ ပေါ်လာတတ်တယ်ဆိုပေမယ့် ပြည်တည်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီးတော့ ရုတ်တရက်ကြီး ထဖြစ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အစောပိုင်း လက္ခဏာတွေအနေနဲ့ -

●        နုံးနေတာ

●        အစားအသောက်ပျက်တာ

●        ညဘက်မှာ ချွေးစေးတွေပြန်တာ

●        ဖျားတာ

●        ချောင်းဆိုးပြီး သလိပ်တွေ ထွက်လာတာ စတာတွေ ဖြစ်လာတတ်ပါတယ်။

          ထွက်လာတဲ့သလိပ်ဟာ ပါးစပ်ထဲ၊ အာခေါင်ထဲက ဘက်တီးရီးယားတွေမို့ အနံ့ဆိုးဆိုးတွေ ဖြစ်တတ်ပြီးတော့ သွေးတွေလည်းပါတတ်ပါသေးတယ်။ အသက်ရှူ လိုက်တိုင်း ရင်ဘတ်အောင့်အောင့်သွားတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ အထူးသဖြင့် အဆုတ်အမြှေးပါးတွေပါ ရောင်ရမ်းနေရင်ပေါ့။ အများစုမှာဆိုရင် ဒီလက္ခဏာတွေပေါ်ပြီး အပတ်နဲ့လနဲ့ချီ ဆေးရုံဆေးခန်းမပြဘဲ နေနေတတ်ကြပါတယ်။ ဒီလိုလူတွေမှာ နာတာရှည် ပြည်တည်နာဖြစ်တတ်ပြီးတော့ အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေအပြင် ကိုယ်အလေးချိန်တွေ အများကြီးကျသွားတာ၊ နေ့တိုင်းအဖျားတက်တာ၊ ညဘက်ချွေးစေးတွေပြန်တာမျိုး ဖြစ်တတ်ပါသေးတယ်။ တခြားတစ်ဘက်မှာလည်း staphylococcus၊ အထူးသဖြင့် methicillin ပိုးသတ်ဆေးကို ဆေးယဉ်ပါးနေတဲ့ staphylococcus MRSAတွေကြောင့် အဆုတ်ပြည်တည်ခဲ့ရင်တော့ ရက်ပိုင်းအတွင်း၊ တစ်ချို့တွေဆိုရင် နာရီပိုင်းအတွင်းမှာတင် အသက်ဆုံးရှုံးရတတ်ပါတယ်။

 

>>    ရောဂါရှာဖွေရာမှာ

ဓာတ်မှန်

          ဓာတ်မှန်မှာ အဆုတ်ပြည်တည်နာကို ရေတွေ၊ လေတွေဝိုင်းနေတဲ့ အပေါက်ကြီးအဖြစ် မြင်ရတတ်ပါတယ်။ တစ်ခါတလေကျတော့ ဓာတ်မှန်မှာ ကင်ဆာလိုလို၊ sarcoidosisလို့ခေါ်တဲ့ အလုံးလိုလို မြင်ရတတ်ပြန်ပါသေးတယ်။ တစ်ခါတလေ ကွန်ပျူတာဓာတ်မှန် CT ရိုက်ကြည့်တော့မှ ပြည်တည်နေတာကို တွေ့နိုင်ပါတယ်။

          ဆရာဝန်တွေက ပြည်တည်စေတဲ့အကောင်ကို ရှာဖို့အတွက် သလိပ်အကောင် မွေးတတ်ကြပေမယ့် ရှာရတာတော့ အင်မတန်ခက်ခဲတတ်ပါတယ်။

          တကယ်လို့ -

●        ပိုးသတ်ဆေး မတိုးခဲ့ရင်

●        လေလမ်းကြောင်း အကြောင်းအမျိုးမျိုးကြောင့် ပိတ်နေတယ်လို့ ယူဆခဲ့ရင်

●        ကိုယ်ခံစွမ်းအားကျနေခဲ့ရင် အဆုတ်လမ်းကြောင်းမှန်ပြောင်းကြည့်ပြီး အရည်ကို ယူစစ်ဆေးကြည့်နိုင်ပါတယ်။

 

>>    အဆုတ်ပြည်တည်နာ

          ကိုယ်ခံစွမ်းအားကျနေသူတွေမှာ ပုံမှန်ဝင်လေ့မရှိတဲ့ ပိုးမွှားတွေကြောင့် အဆုတ်ပြည်တည်နာ ဖြစ်နေတတ်ပါတယ်။ ပုံမှန်ပြည်တည်နာ ဖြစ်စေနေကျအကောင်တွေနဲ့ ကုသမှုချင်းမတူညီတာမို့ မြန်မြန်ရှာနိုင်လေ ကောင်းလေလေပါပဲ။

 

>>    ကုသနည်းတွေကတော့ -

ပိုးသတ်ဆေး

အဓိကကတော့ ပိုးသတ်ဆေးပေးဖို့ လိုပါတယ်။ များသောအားဖြင့်တော့ အစပိုင်းမှာ ထိုးဆေးထိုးဖို့လိုပြီး နောက်ပိုင်း လူနာ သက်သာလာတယ်၊ အဖျားလည်း ကျလာတယ်ဆိုရင် သောက်ဆေး ပြောင်းသောက်ရပါမယ်။ ပိုးသတ်ဆေးကို ရောဂါလက္ခဏာတွေအရှင်းပျောက်သွားပြီး ဓာတ်မှန်မှာ ပြည်တည်တာ ပျောက်သွားပြီဆိုမှပဲ ရပ်သင့်ပါတယ်။ ၃ ပတ်ကနေ ၆ ပတ်လောက်အထိ လိုတတ်ပါတယ်။ တစ်ခါတစ်ခါ ကြာကြာသောက်ဖို့လည်း လိုနိုင်ပါသေးတယ်။

          လေလမ်းကြောင်းမှာ အလုံးအကျိတ်တွေ၊ ပြင်ပအရာဝတၳုတွေ ပိတ်နေတာကြောင့်ဆိုရင် အဆုတ်လမး်ကြောင်းမှန်ပြောင်းကြည့်ပြီး ထုတ်ပစ်ဖို့လိုနိုင်ပါတယ်။

          ရှားရှားပါးပါး အဆုတ်ပြည်ဖုံးခဲ့ရင် ရင်ဘတ်ပိုက်ထည့်ပြီး ထုတ်ဖို့လိုနိုင်ပါတယ်။ တစ်ခါတလေ ခွဲစိတ်ပြီး အဆုတ်အမြှေးပါးခွာတာ၊ တစ်ခါတလေ အဆုတ်တစ်ပိုင်း၊ ဒါမှမဟုတ် အဆုတ်တစ်ဖက်လုံး ထုတ်ပစ်ရတာမျိုးလည်း ရှိနိုင်ပါတယ်။

          အများစုကတော့ သက်သာသွားတတ်ကြပါတယ်။ တကယ်လို့ လူနာက သိပ်မကောင်းဘူး၊ ကိုယ်ခံအားစနစ်တွေ ကျနေတယ်၊ လေလမ်းကြောင်းမှာ အကျိတ်နဲ့ ပိတ်နေတယ် ဆိုရင်တော့ ကုသမှုက အောင်မြင်ဖို့ ခဲယဉ်းနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)