အရက်စွဲခြင်း အဆင့်လေးဆင့်
အရက်စွဲရောဂါဟာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်တဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပါတယ်။ အရက်မသောက်ဘဲမနေနိုင်ခြင်း၊ အလွန်အကျွံသောက်သုံးမိခြင်းစတာတွေဟာ အရက်စွဲခြင်းရဲ့ ရောဂါလက္ခဏာတွေပဲဖြစ်ပါတယ်။ အရက်စွဲတာကို မကုသဘဲထားပါက တဖြည်းဖြည်းနဲ့ အခြေအနေဆိုးဝါးလာပြီး အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ပါတယ်။
ပထမအဆင့်
ပထမအဆင့်မှာ အရက်ကိုဆေးဖြစ်ဝါးဖြစ်သောက်သုံးခြင်းမဟုတ်ဘဲ စိတ်ထွက်ပေါက်အဖြစ် အသုံးပြုလာခြင်းဖြစ်ပါတယ်။ ဒီအဆင့်ရဲ့ထူးခြားချက်ကတော့ ခံနိုင်ရည်မြင့်တက်လာခြင်းဖြစ်ပါတယ်။ ခံနိုင်ရည်မြင့်တက်လာခြင်းဆိုတာဟာ ယခင်ထက်ပိုမိုများပြားသော အရက်ပမာဏကိုသောက်သုံးမှသာ အရက်၏အာနိသင်များကိုခံစားရခြင်းကိုဆိုလိုတာပါ။
ဒုတိယအဆင့်
အရက်ကိုအချိန်အတော်ကြာအောင် သောက်သုံးလာသောအခါ ခန္ဓာကိုယ်သည် များပြားလှသော ပမာဏကိုယဉ်ပါးလာသဖြင့် အရက်မသောက်ရသောအချိန်များတွင် ဂဏှာမငြိမ်ခြင်း၊ သက်သောင့်သက်သာ မဖြစ်ခြင်းတို့ကို ခံစားလာရပါတယ်။ အရက်သောက်တာဟာလည်းနေ့စဉ် အလုပ်တစ်ခုဖြစ်လာပြီး လုပ်ဖော်ကိုင်ဖက်များ၊ မိသားစု၀င်များကလည်း သတိပြုမိလာပါတယ်။ ဒါ့အပြင် အရက်နာကျခြင်း၊ မိုက်ကနဲဖြစ်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်းတို့ကို ခံစားလာရပါတယ်။ သို့သော်အရက်စွဲနေသူအများစုဟာ သူတို့အရက်စွဲနေကြောင်းကို ငြင်းဆန်လေ့ရှိပြီး အခြားအရာများအပေါ်မှာသာ အပြစ်ပုံချလေ့ရှိပါတယ်။
တတိယအဆင့်
ရောဂါပြင်းထန်လာတာနှင့်အမျှ ထိန်းချုပ်နိုင်စွမ်းအားလည်း ပိုမိုလျော့ကျလာပါတယ်။ တစ်ခွက် နှစ်ခွက်ပဲသောက်မယ်လို့ ဆုံးဖြတ်ထားပေမယ့် ပမာဏကိုထိန်းချုပ်နိုင်စွမ်းမရှိတော့ပါဘူး။ ဒါကြောင့် အလုပ်တာ၀န်နဲ့ မိသားစုတာ၀န်များကိုလည်း လစ်ဟင်းလာပါတယ်။ ဤအဆင့်တွင် အရက်သမားများဟာ မိမိဘာသာအရက်ဖြတ်ရန် ကြိုးစားကြသော်လည်း စိတ်မခိုင်ပဲမအောင်မြင်တာများကြောင်းတွေ့ရပါတယ်။ ဒါ့ကြောင့် ဒီအဆင့်ကတည်းက အရက်စွဲတာဖြတ်ဖို့အတွက် စိတ်ကျန်းမာရေးဆရာ၀န်နဲ့ သေချာပြသင့်ပါပြီ။
စတုတၳအဆင့်
စတုတၳအဆင့်မှာတော့ ဦးနှောက်ရဲ့ဆုံးဖြတ်နိုင်စွမ်း၊ ထိန်းချုပ်နိုင်စွမ်းတို့မှာ လုံး၀လျှော့ကျ သွားပါတော့တယ်။ အရက်သောက်ရန်သာ စိတ်အားထက်သန်နေပြီး အလုပ်မှာလည်း စိတ်၀င်စားမှု လုံး၀မရှိတော့ပါဘူး။ အရက်ဖြတ်ရန်ကြိုးစားပါက ကယောင်ကတမ်းဖြစ်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လက်တုန်ခြင်း၊ တက်ခြင်းနှင့် သေဆုံးခြင်းတို့ကိုခံစားရနိုင်ပါတယ်။ ဒါကြောင့် ဒီအဆင့်မှာတော့ လိုအပ်သောဆေးကုသမှုများကို မဖြစ်မနေခံယူသင့်ပါတယ်။
Dr. Htet Htet Aung















