အရက်သောက်ခြင်းရဲ့ ရေရှည်ဆိုးကျိုးများ (သို့) အရက် ဘယ်လောက်သောက်ကြမလဲ?
အရက်ဟာ စိတ်ခံစားမှု၊ စိတ်စူးစိုက်မှု၊ ဆုံးဖြတ်နိုင်စွမ်းနဲ့ အတူတကွ လုပ်ဆောင်နိုင်မှုတွေကို ယုတ်လျော့စေနိုင်ပါတယ်။ ဒါ့အပြင် ရေရှည်ဆိုးကျိုးတွေလည်း အများအပြား ရှိပါသေးတယ်။ ဒီလို ရေရှည်ဆိုးကျိုးတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူတတ်ကြပါဘူး။
အရက်ဟာ စွဲလမ်းစေတတ်ပါတယ်။ လူအများစုမှာ သောက်ရင်းသောက်ရင်းနဲ့ ကြာလာတဲ့အခါ သောက်နှုန်း ပိုပိုများလာပြီး ကျန်းမာရေးနဲ လူမှုဆက်ဆံရေးတို့ကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။ အရက်ကို စွဲစွဲလမ်းလမ်း သောက်သုံးသူတွေမှာ ရုတ်တရက် ဖြတ်လိုက်တဲ့အခါ လက်တုန်ခြင်း၊ ကယောင်ခြောက်ခြားဖြစ်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ တက်ခြင်းနဲ့ အခြားဆိုးဆိုးရွားရွား ယင်းထခြင်း လက္ခဏာများ ဖြစ်ပေါ်လာတတ်ပါတယ်။ လူအချို့မှာ အသက်အန္တရာယ် ရှိသည်အထိ ဆိုးရွားနိုင်ပါတယ်။ ဒါပေမဲ့ အရက်စွဲနေသူတွေကို အရက်မဖြတ်ရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်းထမ်းများနဲ့ တိုင်ပင်ပြီး စိတ်အချရဆုံးနည်းလမ်းဖြင့် ဖြတ်သင့်ပါတယ်။
အရက်စွဲနေသူတွေမှာ ကြာလာတဲ့အခါ အသည်းရောင်ပြီး အသည်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ အသည်း အလုပ်မလုပ်နိုင်တော့သည်အထိ ဖြစ်စေတတ်ပါတယ်။ အရက်ဟာ အသည်းအပြင် မုန့်ချိုအိတ်နဲ့ ဦးနှောက်တို့ကိုလည်း ဖျက်ဆီးနိုင်ပြီး သွေးလည်း တိုးစေတတ်ပါသေးတယ်။ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ကိုလည်း ပိုဖြစ်စေနိုင်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အရက်အများအပြား သောက်သုံးခြင်းက ကလေးငယ်တွင် မွေးရာပါ ချို့ယွင်းချက်များနဲ့ အခြားပြဿနာများကို ဖြစ်စေတတ်ပါတယ်။
တစ်ဖက်မှာလည်း အရက်ကို အသင့်အတင့်သာ သောက်သုံးခြင်းက နှလုံးရောဂါဖြစ်ပွားနှုန်းကို လျောနည်းစေတယ်လို့ ဆိုပါတယ်။ အသင့်အတင့်ဆိုရာမှာ အမျိုးသားတွေမှာ တစ်နေ့ကို တစ်ခွက်မှနှစ်ခွက်၊ အမျိုးသမီးတွေမှာ တစ်နေကို တစ်ခွက်ခန့် ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ယောက်ချင်းစီမှာ ရရှိနိုင်မယ့် နှလုံးရောဂါဖြစ်နှုန်း နည်းစေနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးနဲ့ ဖြစ်နိုင်မယ့် ဆိုးကျိုးရလာဒ်တို့ကို သေချာတွက်ချက် ကြည့်ရပါမယ်။
ဒါကြောင့် ဒီလိုသတ်မှတ်ထားတဲ့ပမာဏသာ နေ့စဉ်သောက်သုံးသင့်ပါတယ်။
အမျိုးသမီးတွေအတွက် သတ်မှတ်ထားတဲ့ ပမာဏက ပိုမိုနည်းပါးပါတယ်။ နေ့စဉ်သောက်သုံးရမယ့် ပမာဏတွေကို အကုန်စုပြုံပြီး သောက်မယ်ဆိုရင်လည်း ကျနး်မာရေး၊ လူမှုရေးပြဿနာများ ဖြစ်ပေါ်လာမှာပဲ ဖြစ်ပါတယ်။
နှလုံးရောဂါ ဖြစ်ပွားမှုကို နည်းပါးစေဖို့ ဆေးလိပ်ဖြတ်ခြင်း၊ ပြည့်ဝဆီတွေ လျှော့စားခြင်း၊ သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ သွေးတိုးနဲ့ သွေးတွင်းအဆီဓာတ်တို့ကို ထိန်းထားခြင်းတို့လည်း ပြုလုပ်သင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















