အရေပြားမှာ အကွက်ထနေလား ... ဒါလေး ဖတ်ထား
ကြည်လင်သန့်စင်ပြီး ပြစ်မျိုးမှဲ့မထင်တဲ့ အရေပြားကို ရရှိဖို့ဆိုတာ လူတိုင်းရဲ့အိမ်မက်ပါ။ ကိုယ်ခန္ဓာ အရေပြား ကြည်လင်သန့်စင်နေမယ်ဆိုမယ် လူကြားထဲမှာ ရဲရဲဝံ့ဝံ့ ခေါင်းမော့နိုင်ပြီပေါ့။ ကိုယ့်အသားအရေက ကိုယ့်ကျန်းမာရေး အခြေအနေလေးတွေကိုပါ ထင်ဟပ်ပြောပြပေးနေတတ်ပါတယ်။
ကိုယ့်အရေပြားမှာ အကွက်တွေပေါ် ယားဖုလေးတွေ ထွက်လာပြီဆိုရင် စိတ်ပူကြသူတွေအတွက် ကြိုတင်စဉ်းစားကြည့်ရအောင် ဒါလေးတွေ ဖတ်ထားနော်။
● အရေပြားမှာ ဝိုင်းစက်ပြီး အနားတွန့်နေတဲ့ အလွန်ယားတဲ့အကွက်တွေ ပေါ်လာရင် ချွေးစိုတတ်တဲ့ ပေါင်ခြံ၊ တင်ပါးတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ မှိုပိုးကြောင့် ဖြစ်တာပါ။ သောက်ဆေး၊ လိမ်းဆေးနဲ့ ဆေးပတ်လည်အောင် ကုသလို့ရပါတယ်။
● အဇီးမားလို့ခေါ်တဲ့ အရေပြားနှင်းခူကတော့ ခြေထောက်တွေ၊ လက်တွေမှာ ဖြစ်တတ်ပြီး ရိုးရိုးလိမ်းဆေးလောက်နဲ့ ပျောက်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။ သိပ်ပါးရင်တော့ လိမ်းဆေးနဲ့တင် ချပ်သွားတတ်ပါတယ်။ သွေးသားကြောင့်ဖြစ်တာမို့ မကြာခဏ ပြန်ဖြစ်နေဦးမှာပါ။ အရေပြားအောက်ကို ဆေးထိုးသွင်းခြင်းဖြင့် ချပ်ပြီး သက်သာအောင် လုပ်လို့ရပါတယ်။ မကြာခဏ အရေပြားဆရာဝန်နဲ့ ပြသကုသမှု ခံယူရပါတယ်။
● အစား မတည့်တာ၊ ရေ မတည့်တာ၊ ဓာတ် မတည့်တာတွေရှိတဲ့အခါ အယားဖုလေးတွေ ပြင်လိုက် ထလာတတ်သလို မျက်နှာတွေ ရောင်လာတာ အသက်ရှူခက်တာတွေပါ ကြုံရတတ်ပါတယ်။ အင်ပျဉ်လို အကွက်လေးတွေဟာ သိပ်ယားပြီး ကုတ်လေ ပိုထွက်လေပါပဲ။ သောက်ဆေး၊ လိမ်းဆေးနဲ့ ရက်ပတ်လည်အောင် ပျောက်ကင်းအောင် ကုသလို့ရပါတယ်။
● အရေပြားပေါ်က နေလောင်ရင် ပိုဆိုးလာတဲ့ အဖတ်အဖတ်တွေ ကွာနေတဲ့ အကွက်တွေ ဆံပင်ထဲထိ ပါ, ပါနေပြီ။ Psoriasis လို့ခေါ်တဲ့ ကိုယ်ခံအား ဓာတ်မတည့်လို့ ဖြစ်တဲ့ရောဂါပါ။ ကိုယ်ခံအားကို ဖိနှိပ်တဲ့ဆေးတွေအပြင် လိမ်းဆေးတွေပါ ပေးပြီး ကုသရပါတယ်။
● လိပ်ပြာသဏ္ဌာန် အနီပြင်လေးတွေ ရှိနေတာ၊ နေပူလောင်ရင် ပိုထင်ရှားလာတတ်ပါတယ်။ SLE လို့ခေါ်တဲ့ အရေပြားလေးဖက်နာ ရောဂါတစ်မျိုး ဖြစ်နေတတ်တာမို့ ပြသစစ်ဆေးကြည့်ပါနော်။
● တင်းတိပ်တွေရှိရင် နေပူမခံပါနဲ့။ တင်းတိပ်တွေက သနေ္ဓတားဆေး သောက်နေရင်၊ ကိုယ်ဝန်ရှိလာရင် သူ့အလိုလို ပိုများလာတတ်ပါတယ်။ လူးဆေး ရှိပါတယ်။ အရေပြားဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။
● နှုတ်ခမ်းပေါ်နဲ့ နှုတ်ခမ်းစွန်းက အနာလေးတွေ အရမ်းနာပါတယ်။ ပေါက်ဖူးရင် သိမှာပဲ။ ရေယုန်လို့ ခေါ်ပါတယ်။ လိုအပ်တဲ့ဆေး လူးဆေး၊ သောက်လိုက်ရင် ခဏနဲ့ ပျောက်ကင်းပါတယ်။ ဒါ့အပြင် နှုတ်ခမ်းလေးတွေ ကွဲအက်နေတာမျိုးက ရေဓာတ် ခန်းခြောက်တာကို ပြသနေတတ်တာမို့ ရေများများ သောက်ပါ။ နှုတ်ခမ်းကို လျှာနဲ့ ခဏခဏ မသပ်ပါနဲ့။ သိပ်ဆိုးရင် နှုတ်ခမ်းအဆီ တစ်မျိုးမျိုး ဆိုးထားနိုင်ပါတယ်။
● မျက်ခုံးမွေးတွေ ကျွတ်မယ်၊ မျက်တောင်လေးတွေ ခဏခဏ ကျွတ်တတ်မယ်ဆိုရင် ကိုယ်ခံအားနဲ့ဆိုင်တဲ့ ရောဂါတစ်မျိုးမျိုး ဖြစ်နိုင်တာမို့ ပြသပေးပါ။ မျက်နှာမှာ နှုတ်ခမ်းမွေး ရေးရေးလေး ထွက်လာရင် ပီစီအိုအက်စ်ဆိုတဲ့ သားဥအိမ် မူမမှန်ရောဂါ ရှိနေတတ်တာမို့ သားဥအိမ်နဲ့ ဟော်မုန်းပမာဏ စစ်ဆေးသင့်ပါတယ်။
ဒီလောက်ဆို အရေပြားရောဂါတွေကတစ်ဆင့် ပြောပြနေတဲ့ ကျန်းမာရေးဆိုင်ရာ စိတ်ပူစရာလေးတွေကို သတိနဲ့အသိ ယှဉ်တွဲလို့ မှတ်သားလေ့လာနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















