အအေးမိတုပ်ကွေးကို ကြိုတင်တားဆီးဖို့ ...
မိုးတွင်းဝင်ပြီး မိုးလေးဖြောက်ဖြောက်ကျ၊ အနောက်လေလေး တဖြူးဖြူးတိုက်လာပြီဆိုရင် အအေးမိတုပ်ကွေးရာသီ ရောက်လာပါပြီ။ တုပ်ကွေးဝင်ပြီဆိုတာနဲ့ အလုပ်ပျက် အကိုင်ပျက်၊ ဖျားနာ ကိုက်ခဲ နုံးချိနေတော့တာပါပဲ။
ဒီလိုတုပ်ကွေးဖျားနာ မဖြစ်ရလေအောင် ကိုယ့်ဘက်ကနေ ကြိုတင်ကာကွယ်ရေးတွေလုပ်ထားဖို့ လိုလာပြီပေါ့။
၁။ လက်ဖက်ရည်လေး သောက်ပေးပါ။
လက်ဖက်ရည်လေးကို သံပရာနဲ့ ပျားရည်လေးနဲ့ ရောသောက်ပေးပါ။ ဒီလိုလက်ဖက်ရည်လေး သောက်ပြီး ရေနွေးငွေ့လေး ရှူပေးခြင်းက အသက်ရှူလမ်းကြောင်းမှာရှိတဲ့ မွေးညှင်းလေးတွေရဲ့ ပိုးမွှားဖယ်ရှားမှုကို ပိုကောင်းစေနိုင်ပါတယ်။ သံပရာက ချွဲတွေကိုကြဲစေပြီး ပျားရည်က ပိုးတွေ သေစေနိုင်ပါတယ်။
၂။ ပရိုတင်း အသားဓာတ်တွေ များများစားပေးပါ။
ပရိုတင်း အသားဓာတ်နည်းခြင်းက ခုခံအားစနစ်ကို ကျဆင်းစေလို့ ငါးတို့၊ ကြက်ဥတို့၊ ဒိန်ချဉ်တို့လိုမျိုး ပရိုတင်းပြည့်ဝတဲ့ အစားအသောက်တွေကို စားသောက်ပေးပါ။
၃။ အားကစားရုံက ပစ္စည်းတွေကို သေချာသုတ်ပါ။
အားကစားရုံဆိုတာ ချွေးတွေသံတွေ ရွှဲနေတဲ့ တဘက်တွေ၊ ဖိနပ်ညစ်ပတ်ပတ်တွေ၊ ပိုးမွှားတွေ စုဝေးနေတဲ့ နေရာတစ်ခုပါပဲ။ ဒါကြောင့် ခုံပေါ်၊ ဖျာပေါ်မှာမထိုင်ခင်မှာ တဘက်သန့်သန့်လေးတစ်ခု အရင်ခင်းပေးပါ။ အလေးတုံးတွေ၊ စက်ဘီးလက်ကိုင်တွေကို မကိုင်ခင်မှာ ဘက်တီးရီးယားပိုး သေစေတဲ့ တစ်ရှူးအစိုလေးနဲ့ အရင်သုတ်ပေးပါ။
Immunace 1
၄။ အရက်ဖြတ်ပါ။
အရက်သောက်ခြင်းက အိပ်ရေးဝခြင်းကို အနှောင့်အယှက်ဖြစ်စေတာမို့ အိပ်ရေးပျက်တဲ့အခါ ရောဂါပိုးမွှားတွေ ပိုဝင်လာပြီပေါ့။
၅။ အလုပ်နေရာကို ပိုးသတ်ပေးပါ။
လူတွေ အထိအတွေ့၊ အကိုင်အတွယ်များတဲ့ အရာဝတ္ထုတွေကို သေချာပိုးသန့်ပေးပါ။
၆။ လက်ကို သန့်သန့်ရှင်းရှင်းထားပါ။
လက်ကို မကြာမကြာ ဆေးပေး၊ လက်ဆေးရည်လေးနဲ့ အမြဲဆေးဆေးပေးသင့်ပါတယ်။
၇။ ကိုယ့်ဘောပင် ကိုယ်ဆောင်ထားပါ။
ဘယ်သွားသွား ရေးဖို့ပေးထားတဲ့ အများသုံးဘောပင်ကိုမသုံးဘဲ ကိုယ့်ဘောပင် ကိုယ်ဆောင်ထားပါ။ ဒါမှ သူများဆီကပိုးတွေ ကိုယ့်လက်ကို မကူးမှာပေါ့။
၈။ ရေများများသောက်ပါ။
ရေတွေ၊ သစ်သီး လတ်လတ်ဆတ်ဆတ်ဖျော်ရည်တွေကို ပုံမှန်သောက်ပေးခြင်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ပြေပျောက်စေပြီး အာဟာရလည်း ပြည့်ဝစေနိုင်ပါသေးတယ်။
Immunace 2
၉။ ဟိုကိုင်ဒီကိုင် လျှောက်မကိုင်ပါနဲ့။
လှေကားလက်ရမ်းတွေ၊ ရေပန်းလက်ကိုင်တွေကို သွားသွားမကိုင်ပါနဲ့။ ပိုးမွှားတွေ လက်ကနေတစ်ဆင့် ပါးစပ်တွေထဲထိ ဝင်နိုင်လို့ပါ။
၁၀။ နှိပ်နယ်ပေးပါ။
တစ်လတစ်ခါလောက် နှိပ်နယ်ပေးခြင်းက သွေးလည်ပတ်မှုကို ကောင်းစေပြီး ဆဲလ်ကလာပ်စည်းတွေထဲ အောက်စီဂျင် ဝင်ရောက်မှုကို အားပေးပါတယ်။ ဒါကြောင့်လည်း အအေးမိတုပ်ကွေးပိုးမွှားတွေ မဝင်ရောက်နိုင်အောင် တားဆီးပေးနိုင်တာပေါ့။
၁၁။ ချွေးတွေနဲ့အတူ ရှင်းထုတ်ပစ်ပါ။
ချွေးလေးထွက် သွေးလေးပူတဲ့အခါ အအေးမိတုပ်ကွေး မဖြစ်အောင် တားဆီးထားရာ ရောက်တာပေါ့။ ဒါကြောင့် လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့ိကိုလည်း မမေ့သင့်ပါဘူး။
၁၂။ အိပ်ရေးပျက်မခံပါနဲ့။
လူ့ခန္ဓာကိုယ်ဟာ တစ်နေ့ကို အိပ်ချိန် ၇ နာရီကနေ ၈ နာရီလောက်ရမှသာ ပြင်ပအနှောင့်အယှက်တွေကို တားဆီးပေးနိုင်မယ့် ခုခံအားစနစ်က ကောင်းကောင်း အလုပ်လုပ်တယ်လို့ သိရပါတယ်။
၁၃။ ဖုန်းကို ပိုးသတ်ပါ။
ဖုန်းဆိုတာမျိုးက ဟိုချ၊ ဒီချ၊ ဟိုကိုင်ဒီကိုင်နဲ့မို့ ပိုးမွှားတွေ အများကြီး တွယ်ကပ်နေနိုင်ပါတယ်။ ဒါကြောင့် ဖုန်းမျက်နှာပြင် ရှေ့ရောနောက်ပါ ပိုးသတ်တစ်ရှူးတာဝါလေးနဲ့ မှန်မှန်သုတ်ပေးသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















