အာသီးရောင်ဝေဒနာ မပေါ့ဆသင့်ပါ
အာသီးဆိုတာ ဘာလဲ? သေချာသိကြလား? မသိသေးရင်လည်း စိတ်မပူပါနဲ့။ အခုပဲ အာသီးအကြောင်း ပြောပြမယ်နော်။
အာသီးဆိုတာ လည်ချောင်းရဲ့ အနောက်အစွန်ဆုံးမှာရှိတဲ့ ဂလင်းအသားစ ၂ ခုပါပဲ။ သေးသေးလေး ဆိုပြီးတော့ အထင်တော့ မသေးလိုက်နဲ့နော်။ ဒီဂလင်းအသားစလေး ၂ ခုဟာ အစားအသောက်နဲ့ လေထုထဲကနေ ပါလာတဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖို့ သွေးဖြူဥတွေနဲ့ အင်တီဘော်ဒီ တပ်သားတွေ ထုတ်လွှတ်ပေးနိုင်တဲ့ အံ့သြစရာ ခုခံအားစနစ်ကို တည်ဆောက်ပေးထားတာပါ။
ကလေးလေး မွေးခါစ ၁ နှစ်လောက်မှာတော့ အာသီးက သေးသေးလေးပဲ။ တဖြည်းဖြည်းနဲ့ ကလေး ကြီးလာတာနဲ့အမျှ သူပါ လိုက်ကြီးလာတယ်။ အာသီးအကြီးဆုံးအရွယ်ကတော့ အသက် ၄ နှစ်ကနေ ၇ နှစ်အတွင်းမှာပါ။
ဘက်တီးရီးယားဖြစ်ဖြစ်၊ ဗိုင်းရပ်စ်ပိုးဖြစ်ဖြစ် ဝင်လာတာနဲ့ အာသီးရောင်လာပါလေရော။ ဘယ်အသက်အရွယ်မဆို ရောင်နိုင်တယ်။ ဒါပေမဲ့ လူကြီးတွေက ကလေးတွေထက်စာရင် ပိုပြီးရောဂါတွေ ဝင်ဖူးတဲ့အတွက် ကလေးတွေလောက် အဖျားအနာ မရှိတော့ဘူး။
ဒီလောက်ဆို အာသီးလေးရဲ့အကြောင်း သိသွားပြီပေါ့။
>> ဒါဆိုရင် အခု အာသီးရောင်တဲ့ လက္ခဏာတွေအကြောင်း ပြောပြမယ်နော်။
● အာသီးပေါ်မှာ အဖြူရောင် ဒါမှမဟုတ် အဝါရောင် ပြည်ဖတ်လေးတွေ ဖြစ်လာတာ
● အာသီးနာတာ
● မေးရိုးအောက်မှာ လင့်ပြန်ကြောဂလင်း ကြီးကြီးလာတာ
● အစားအစာ မျိုတိုင်း နာတာ
● ဖျားတာ
● ခံတွင်းအနံ့ ဆိုးတာ
ဒီလိုလက္ခဏာတွေ ဖြစ်တတ်ကြတယ်။
>> အာသီး ဘာတွေကြောင့် ရောင်နိုင်သလဲရော သိသလား?
များသောအားဖြင့် ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေကြောင့် နာတတ်၊ ရောင်တတ်တယ်။
အာသီးရောင်တာရဲ့ ၁၅% က ဘက်တီးရီးယားကြောင့်ဖြစ်ပြီး streptococcus ဆိုတဲ့ အကောင်ကြောင့် ဖြစ်တာ များတယ်။ ဗိုင်းရပ်တွေ အများကြီးကြောင့်လည်း ဖြစ်တတ်တယ်ဆိုတော့ ဘက်တီးရီးယားကြောင့်လား၊ ဗိုင်းရပ်စ်ကြောင့်လား သေချာသိဖို့အတွက် လည်ချောင်းချွဲ စစ်ဆေးကြည့်သင့်တယ်။ ဗိုင်းရပ်စ်ကြောင့်ဆိုရင် ပိုးသတ်ဆေး ပေးနေလို့ အပိုပဲလေ။
>> အာသီးရောင်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ထပ်ကြည့်ကြရအောင်။
အာသီးပိုးကို သေသေချာချာ မကုရင် နာတာရှည် အာသီးရောင်နေပြီး နေမကောင်း ထိုင်မသာ နွမ်းနယ်နုံးချိနေတတ်တယ်။
အာသီးကနေ နှာခေါင်း၊ ဦးခေါင်းခွံတွင်း ဂလိုင်ပေါက်နဲ့ နားတွေဆီကို ရောဂါပိုး ရောက်သွားတတ်တယ်။
ဒါတင်မကသေးဘူးနော်။ အလယ်နားလည်း ရောင်လာနိုင်သေးတယ်။ အာသီးလိုပဲ adenoid လို့ခေါ်တဲ့ လင့်ပြန်ကြောဂလင်းပါ လိုက်ရောင်လာရင် အာခေါင်နဲ့ အလယ်နားကို ဆက်ထားတဲ့ပြွန်ချောင်း ပိတ်သွားနိုင်တယ်။ ဒီလိုပိတ်သွားရင် အလယ်နားမှာ အရည်ပျစ်ချွဲချွဲတွေ စုလာပြီးတော့ နား သေချာမကြားရတော့တာမျိုး ဖြစ်တတ်တယ်။
နောက်ဆုံး အာသီးပြည်တည်တဲ့အထိ ဖြစ်လာရင် အရမ်းကိုနာပြီး အသက်ရှူရ ခက်လောက်အောင် ခံစားရတတ်တယ်။ ပိုးသတ်ဆေး သောက်လို့ရတယ်ဆိုပေမယ့် တစ်ခါတလေ ခွဲပြီးတော့ ပြည်ကို ဖောက်ထုတ်ရနိုင်တယ်။
ဒီလိုသတင်းတွေကြားပြီး အရမ်းကြီး မကြောက်သွားကြပါနဲ့ဦးလို့။ အာသီးရောင်တာကို သေသေချာချာ ဂရုတစိုက် ကုသရင် ဒီလိုဆိုးကျိုးတွေ မဖြစ်လာအောင် ကာကွယ်ပေးနိုင်ပါတယ်နော်။
အများဆုံး ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာမို့ အဖျားအနာ သက်သာအောင် ပါရာစီတမောလေး သောက်ပြီး နားပေးလိုက်ရုံပါပဲ။ ကလေးတွေ အများစုမှာ နေလု့ိမကောင်း၊ အစာ မျိုလို့မကောင်းတော့ ဂျီကျတာကိုတော့ နည်းနည်း သည်းခံပေးရမှာပေါ့။ ရေအေးအေးလေးတွေ၊ ရေခဲတုံးလေးတွေ၊ ရေခဲမုန့်တွေ တိုက်ပါ၊ ကျွေးပါ။ တစ်ရက်၊ နှစ်ရက်လောက် အစာ မစားချင်တာလောက်တော့ စိတ်ပူစရာ မလိုဘူးနော်။ ပိုးပျောက်သွားတာနဲ့ ပြန်ပြီး နာလန်ထူ စားလာမှာပေါ့။
ဘက်တီးရီးယားကြောင့် ဖြစ်တာဆိုရင်တော့ ပိုးသတ်ဆေး သောက်ရပါမယ်။
အာသီး ဖြတ်ရတယ်ဆိုတာကိုရော ရပ်ထဲရွာထဲ ကြားဖူးနေမှာပေါ့။
အာသီး ခဏခဏရောင်နေရင်၊ ဒါမှမဟုတ် အာသီးရောင်တာ အရမ်းဆိုးရင် ဒါမှမဟုတ်ရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေပါ ဖြစ်လာရင် ဆရာဝန်က အာသီး ဖြတ်ခိုင်းတတ်တယ်။
>> အာသီးဖြတ်ရတဲ့ အကြောင်းရင်းတွေကို သိထားရအောင် ပြောပြပေးမယ်နော်။
● ခဏခဏ အာသီးရောင်တဲ့အပြင် ရောင်တိုင်းလည်း နာတာ၊ ကျင်တာ၊ အပူကြီးတာ
● ပိုးသတ်ဆေးနဲ့ မပျောက်တဲ့ နာတာရှည် အာသီးရောင်တာ
● အာသီးရောင်ပြီး ခဏခဏ နားပိုးဝင်တာ
● အာသီး ကြီးကြီးလာပြီး အသက်ရှူရ ခက်လာတာ
● အာသီးမှာ ပြည်တည်လာတာ
● ခဏခဏ ပိုးတွေဝင် အာသီးရောင်တာကြောင့် ကလေးမကြီး လာနိုင်တာ
ဒီအချက်တွေရှိတဲ့ ကလေးတွေမှာ အာသီး ဖြတ်ရလိမ့်မယ်။
ကဲ ... ဒါဆိုရင် အာသီးနဲ့ ပတ်သက်ပြီး မေမေ၊ ဖေဖေတို့ မမေ့ဖို့ အချက်ကလေးတွေကို အကျဉ်းချုံးလေး တစ်ချက် ပြန်ပြောပေးမယ်နော်။
● အာသီးဆိုတာ အာခေါင် အစွန်ဆုံးမှာရှိပြီး ခုခံအားစနစ်ရဲ့အရေးပါတဲ့ တစ်စိတ်တစ်ဒေသ ဖြစ်တယ်။
● အာသီး ရောင်ရတာဟာ ဗိုင်းရပ်စ်ပိုးကြောင့် ပိုပြီးအဖြစ်များတယ်။
● အာသီး ခဏခဏရောင်ရင် အာသီးဖြတ်ရတတ်ပေမယ့် အာသီး ဖြတ်တဲ့အခါမှာလည်း နောက်ဆက်တွဲတွေ ဖြစ်နိုင်သေးတယ်။
● အာသီးဖြတ်ပြီး ၂ ပတ်၊ ၃ ပတ်လောက်အထိ နာနေတတ်သေးပေမယ့် ပုံမှန်အစာကို အမြန်ဆုံး ပြန်စားပေးရမယ်။ ဂျယ်လီတွေ၊ ရေခဲမုန့်တွေချည်း ကျွေးနေရတာတော့ သိပ်မဟုတ်သေးဘူးပေါ့။
Dr. Mya Phoo Ngon (www.drmyanmar.com)
















