အူမကြီးကင်ဆာကို ကာကွယ်နိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်များ
(၁) အူမကြီးကင်ဆာလက္ခဏာများ ဖြစ်ပေါ်ပါက မပေ့ါဆသင့်ပါ
၀မ်းချုပ်ခြင်းနှင့် ၀မ်းသွားခြင်း တစ်လှည့်စီ မကြာခဏ ဖြစ်ပေါ်နေပါက ဆရာ၀န်နှင့် ပြသတိုင်ပင်သင့်ပါတယ်။ ထို့ပြင် စအိုမှ သွေးယိုခြင်း၊ ဗိုက်နာခြင်း၊ အားနည်းခြင်း နုံးချိခြင်းတို့ ဖြစ်ပေါ်ပါကလည်း အမြန်ဆုံး စစ်ဆေးမှုခံယူဖို့ လိုပါတယ်။
(၂) အသက် ၇၅ နှစ်ရောက်သောအခါ စစ်ဆေးမှုကို မရပ်တန့်ပါနဲ့
သင်ဟာ အသက် ၇၅ နှစ်အထိ ကျန်းမာနေသေးပါက နောက်ထပ် ၁၀ နှစ်ကနေ ၂၀ နှစ်အထိ အသက်ရှည်နိုင်ဖို့ မျှော်လင့်နိုင်ပါသေးတယ်။ ထို့ကြောင့် အသက် ၇၅ နှစ်တွင်လည်း ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။
(၃) အူမကြီးကင်ဆာကို ကာကွယ်ဖို့ ကျန်းမာသော နေထိုင်စားသောက်မှုကို စတင်ပါ
● အသီးအရွက်နှင့် အသီးအနှံများကို နေ့စဉ်စားပါ။ အမျှင်ဓာတ် ကြွယ်၀လို့ အူလမ်းကြောင်းကို ကျန်းမာစေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါ၀င်တာမို့ ကင်ဆာရောဂါများကို ကာကွယ်ပေးပါတယ်။
● အနီရောင် အသားများစားခြင်းကို လျှော့ချပါ။
● ကြာရှည်ခံအောင် ပြုလုပ်ထားသောအစာများကို ရှောင်ကြဉ်ပါ။
● ဆေးလိပ်ဖြတ်ပါ။
● အရက်နှင့် ဘီယာ သောက်သုံးခြင်းကို လျှော့ချပါ။ အမျိုးသားများအနေနဲ့ တစ်နေ့ကို အရက် ၂ ဖန်ခွက်နှင့် အမျိုးသမီးများဆိုပါက တစ်နေ့ကို ၁ ဖန်ခွက်ထက် ပိုမသောက်သင့်ပါဘူး။
● ကိုယ်အလေးချိန် လျှော့ချပါ။
● နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















