/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဦးနှောက်အမြှေးရောင်ရောဂါကို-ဘယ်လိုကာကွယ်ကြမလဲ

ဦးနှောက်အမြှေးရောင်ရောဂါကို ဘယ်လိုကာကွယ်ကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       ဦးနှောက်နဲ့ အာရုံကြောမကြီးကို ကာကွယ်ဖုံးအုပ်ထားတဲ့ အမြှေးပါးကို ရောဂါကူးစက်တာကို ဦးနှောက်အမြှေးရောင်တာလို့ ခေါ်ပါတယ်။ ထိထိရောက်ရောက် ကာကွယ်နည်းလေးတွေကို တင်ပြပေးလိုက်ပါတယ်။

●        ကာကွယ်ဆေးထိုးနှံတာက ဘက်တီးရီးယား ဦးနှှောက်အမြှေးရောင်ရောဂါကို  ကာကွယ်လက်ဦးမှု အပေးနိုင်ဆုံး ဖြစ်ပါတယ်။ အသက် ၁၁ နှစ်မှာ တစ်ကြိမ်ထိုးနှံပြီး ၁၆ နှစ်မှာ တစ်ခါထပ်ထိုးရင် လုံလောက်ပါပြီ။ ဝက်သက်ကာကွယ်ဆေး၊ ကျောက်ဆေးတွေကလည်း ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ကို ကာကွယ်ပေးပါတယ်။

●        ရေဘူးတွေ မျှမသောက်ပါနဲ့။ သွားတိုက်ဆေး၊ အသုံးအဆောင်တွေ ဝေမျှမသုံးစွဲပါနဲ့။ နှုတ်ခမ်းနီတောင် အတူမသုံးပါနဲ့လို့။

●        နေမကောင်းသူတွေနဲ့ ဝေးဝေးနေပါ။ နှာစေးချောင်းဆိုးနေသူတွေ ဖျားနေသူတွေဟာ ရောဂါကူးနိုင်စွမ်း မြင့်မားသူတွေပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ နေမကောင်းတဲ့သူ ရှိနေတဲ့အခါ လက်မကြာခဏ ဆေးကြောတဲ့အပြင် ရေများများသောက်ပြီး ကိုယ်ခံအားကို မြှင့်တင်ထားပါ။

●        လက်သန့်စင်ပါ ဆေးရည်သုံးပါ။ သန့်ရှင်းစင်ကြယ်တဲ့လက်တွေဟာ ဦးနှောက်အမြှေးရောင် ရောဂါပိုးတွေကနေ ကောင်းကောင်း ကာကွယ်ပေးနိုင်ပါတယ်။ ဆပ်ပြာနဲ့ရေ ပေါပေါသုံးပြီး ဆေးကြောသန့်စင်တာက အထိရောက်ဆုံး ကာကွယ်မှု ဖြစ်ပါတယ်။

●        အစား ကောင်းကောင်းစားပါ။ အလွယ်တကူ ဖျားနာခြင်းကို ကာကွယ်ဖို့အတွက် ခိုင်မာကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်တစ်ခု လိုအပ်ပါတယ်။ ဗီတာမင်စီ ပြည့်ဝနေတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။

1.       ဆီးဖြူသီး

2.       ငရုတ်သီးစိမ်း

3.       ငရုတ်ပွတောင့်

4.       သံပရာသီး၊ ရှောက်သီး

5.       မရမ်းသီး

6.       ဖန်ခါးသီး တို့ ဖြစ်ပါတယ်။

          ဆီးဖြူသီးမှာ သံပရာသီးထက် ဗီတာမင်စီ အဆများစွာ ပါဝင်နေပါတယ်တဲ့။ လတ်ဆတ်တဲ့ ငရုတ်သီးစိမ်း တစ်တောင့်ဟာလည်း ဗီတာမင်ရော အမျှင်ဓာတ်ရော ပြည့်ဝတဲ့အသီးအနှံ ဖြစ်ပါတယ်။

●        အသိနဲ့သတိဟာ လူတယောက်ကို ကာကွယ်ကုသပေးပါတယ်။ ကြိုတင်သိနိုင်စွမ်းကို လျှော့မတွက်ပါနဲ့။ မိမိမှာ အပြင်းအထန်ဖျား ခေါင်းကိုက်မယ်ဆိုရင် ကျန်းမာရေး ကျွမ်းကျင်သူတွေကို အမြန်ပြသ စစ်ဆေးလိုက်တာက အလွန်မြန်ဆန်သေချာတဲ့ ကာကွယ်မှု ဖြစ်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)