/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/thalassemia-သွေးအားနည်းရောဂါရှိသူတွေ-ကျန်းမာအောင်

Thalassemia သွေးအားနည်းရောဂါရှိသူတွေ ကျန်းမာအောင် ဘယ်လိုနေထိုင်ကြမလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံက အားလုံးအတွက် အရေးကြီးပါတယ်။ Thalassemia ဆိုတဲ့ သွေးအားနည်းရောဂါ ရှိသူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကတော့ ရောဂါလက္ခဏာတွေကို ထိန်းချုပ်ခြင်းပဲ ဖြစ်ပါတယ်။

 

>>    Thalassemia ရောဂါကို ထိန်းချုပ်စီမံခြင်း

          Thelassemia ရောဂါဆိုတာ သွေးသွင်းခြင်း၊ Chelation Therapy လို့ခေါ်တဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဓာတ်တွေကို ဖယ်ရှားခြင်း ကုထုံးတွေ သုံးပြီး ကုသနိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါရှိသူတွေက သွေးရောဂါအထူးကုဆရာဝန်နဲ့ ပုံမှန်ပြသပြီး ကုသမှုခံယူနေဖို့ လိုပါတယ်။ သွေးအားနည်းရောဂါ ဆိုးရွားပြင်းထန်မသွားဖို့နဲ့ သံဓာတ် အရမ်းများခြင်းကြောင့် ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးခြင်းကို ကာကွယ်နိုင်ဖို့အတွက် လိုက်နာရမယ့် လူနာရဲ့အရေးကြီးဆုံး တာဝန်ကတော့ သွေးသွင်းတာ၊ Chelation Therapy တွေကို ဆရာဝန် ညွှန်ကြားတဲ့ အချိန်ဇယားအတိုင်း အတိအကျ လိုက်နာဖို့ပဲ ဖြစ်ပါတယ်။

 

>>    Thelassemia ရောဂါ ရှိသူများအတွက် ကျန်းမာရေးနှင့် ညီညွတ်သော ရွေးချယ်မှုများ

          ဒီရောဂါ ရှိသူတွေအတွက် ထည့်သွင်းစဉ်းစားရမယ့် အခြားအရာတွေကတော့ ကာကွယ်ဆေးများ ပြီးပြည့်စုံအောင် ထိုးထားခြင်း၊ အာဟာရဓာတ် ပြည့်ဝသော အစားအစာများ စားသုံးခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်းနှင့် အကောင်းမြင်သော ဆက်ဆံရေးများရှိခြင်းတို့ ဖြစ်ကြပါတယ်။

 

1.      ကာကွယ်ဆေး

          ကာကွယ်ဆေးတွေက ပြင်းထန်တဲ့ရောဂါပိုး ဝင်ရောက်ခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့ ကောင်းမွန်တဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။ thalassemia သွေးအားနည်းရောဂါရှိတဲ့ ကလေးရော၊ လူကြီးရောမှာ တုပ်ကွေးကာကွယ်ဆေး အပါအဝင် ဆရာဝန် ညွှန်ကြားတဲ့ ကာကွယ်ဆေးတွေကို သေချာထိုးထားသင့်ပါတယ်။ ဒီရောဂါရှိသူတွေ အထူးသဖြင့် ဘေလုံး ထုတ်ထားတဲ့သူတွေမှာ အချို့သောရောဂါပိုးတွေ ဝင်ရောက်နိုင်ခြေ မြင့်မားပါတယ်။ အောက်ပါ ကာကွယ်ဆေးတွေအတွက်လည်း အထူးအချိန်ဇယားဆွဲပြီး လိုက်နာဖို့ လိုပါတယ်။

•        Hemophilus influenza type b (Hib) တုပ်ကွေး ကာကွယ်ဆေး

•        Pneumococcal vaccines (အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး)

•        Meningococcal vaccines ( ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေး)

          နောက်ဆုံးပေါ် ကာကွယ်ဆေး အချိန်ဇယားတွေကို အမြဲသတိထားပြီး နားစွင့်နေပါ။ ပြီးတော့ Thalassemia ရောဂါ ရှိသူတွေအတွက် အထူးညွှန်ကြားချက်တွေကိုလည်း သတိထားပြီး ကြည့်ပါ။

 

2.      အာဟာရ

          အာဟာရဓာတ် ပြည့်ဝတဲ့ အစားအစာတွေ စားသုံးခြင်းက လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် အလွန်ပင် အရေးပါ,ပါတယ်။ သစ်သီးနှင့် ဟင်းသီးဟင်းရွက် များများပါပြီး အဆီပါဝင်မှု နည်းပါးတဲ့ အစားအစာတွေက ကျွနု်ပ်တို့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ ရရှိစေပါတယ်။ Thalassemia ရောဂါ ရှိသူတွေရဲ့ သွေးထဲမှာ သံဓာတ်တွေစုပုံနေတတ်တဲ့အတွက် သံဓာတ် ပါဝင်မှု မြင့်မားတဲ့ အစားအစာတွေကို သတိထားပြီး အကန့်အသတ်နဲ့ စားသုံးရပါမယ်။ သံဓာတ်ကို အသား၊ ငါးနဲ့ ဟင်းနုနွယ်ကဲ့သို့သော ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရနိုင်သလို ကောက်ပဲသီးနှံနဲ့ လိမေ္မာ်ရည်ကဲ့သို့သော အစားအစာတွေမှာလည်း သံဓာတ် အပိုပါဝင်နိုင်ပါတယ်။ ဒီတော့ Thalassemia ရှိသူတွေက သံဓာတ်ကို ရှောင်ဖို့ လို၊ မလို ဆိုတာ ဆရာဝန်ကို သေချာမေးမြန်းရပါမယ်။

 

3.      လေ့ကျင့်ခန်း

          လေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး အကျိုးရလဒ်တွေကို ဦးတည်နေပါတယ်။ Thalassemia ရောဂါရှိသူ အများစုက အရမ်းပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်နိုင်ပေမယ့် စက်ဘီးစီးခြင်း၊ ပြေးခြင်း၊ လမ်းလျှောက်ခြင်း စတဲ့ အတော်အသင့် လေ့ကျင့်ခန်းလေးတွေကိုတော့ ပြုလုပ်နိုင်ပါတယ်။ အဆစ်အမြစ်ပြဿနာရှိတဲ့ ဝေဒနာရှင်တွေအတွက် ယောဂကျင့်ခြင်း၊ ရေကူးခြင်းစတဲ့ ညင်သာတဲ့ လေ့ကျင့်ခန်းတွေကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။ thalassemia ရောဂါသည်တွေအနေနဲ့ မိမိ ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်လို့ရလဲဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင် ဆွေးနွေးပါ။

 

4.      ပေါင်းသင်းဆက်ဆံရေး

          နွေးထွေးပြီး ရိုင်းပင်းကူညီတတ်တဲ့ ပေါင်းသင်းဆက်ဆံရေးရှိခြင်းက ဘဝအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ အလုပ်အတူတွဲလုပ်တဲ့ မိတ်ဆွေတွေ၊ အတန်းဖော် သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက Thalassemia ရောဂါကို ထိန်းကုကုသရာ (သွေးသွင်းသွားဖို့ လိုက်ပို့ခြင်း၊ ကုသမှု အချိန်ဇယားကို သိထားပြီး သတိပေးခြင်း) စတာတွေနဲ့ နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာတွေမှာ အထောက်အပံ့ကောင်းတွေ ပေးနိုင်ပါတယ်။

          စိတ်ကူးယဉ်ဆန်တဲ့ ဆက်ဆံရေးကလည်း အထောက်အပံ့ကောင်း ဖြစ်နိုင်ပါတယ်။ ဒီစိတ်ကူးယဉ်ဆန်တဲ့ ဆက်ဆံရေးကနေပြီး ကာမဆက်ဆံမှုဘက်ကို သွားတော့မယ် ဆိုရင်တော့ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ ရှိ၊ မရှိ ကြိုတင်စစ်ဆေးခြင်းနဲ့ ကွန်ဒုံးသုံးဖို့ ညှိနှိုင်းခြင်းစတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် မိမိကိုယ်တိုင် (သို့) မိသားစုမှာ Thalassemia ရှိတယ်ဆိုရင် ဒီရောဂါဗီဇက ကိုယ့်ရဲ့ကလေးမှာ ပါလာနိုင်တဲ့အတွက် ကိုယ်ဝန်မဆောင်မီမှာ ဆရာဝန်နဲ့ ကြိုတင်ပြီး တိုင်ပင်ဆွေးနွေးမှုတွေလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

Dr. May Myo Myo Swe (www.drmyanmar.com)