ကြုံရပလေ - ၂
"ဒုန်း ဂလုံး ဂလုံး " ဒီတွန်းလှည်းသံ ကြားလျှင် လူနာသစ် လာပြီမှန်း သိကြသည်။
"မွေးလူနာ အစ်မ မွေးခန်းထဲ ထည့်လိုက်မယ်နော် "
"ဟဲ့ နေပါဦး ငါစမ်းဦးမယ်လေ"
" မဟုတ်ဘူး အစ်မရဲ့ ဟိုဟာလေ... "
" ဘာလဲ "
အလုပ်သမားက အသံနှိမ့်ကာ
"ကလေးက ခေါင်းထွက်နေပြီ အဲ့တာ ဘယ်လိုမှ ဆက်မွေး လို့မရလို့ အတင်းဆွဲလိုက်တာ ခေါင်းပြတ်သွားလို့တဲ့ "
"ဘုရားရေ ဘယ်လိုကြီးလဲ "
"ကလေးက အစတည်းက အသက်မရှိတာ နဲ့တူတယ် အစ်မရဲ့ ကလေးအမေကို မပြောရဲသေးလို့ ဒီအတိုင်းခေါ်လာတာ "
"ဟေ ! ငါကြည့်ပါဦးမယ်"
အသက်နှစ်ဆယ် ကျော်ပုံမရသော လူနာ အမျိုးသမီးလေးမှာ ချေွးသီးချေွးပေါက်ကျကာ ပျော့ခွေနေပြီ
"ဘယ်လိုဖြစ်တာလဲ သမီး"
" ဟိုလေ ကလေး မလှုပ်တာတော့ တစ်ပတ်လောက်ရှိပြီ မနက်ကမှ ဗိုက်နာလာလို့ အပြင်မှာမွေးတာ မရလို့ ဒီကိုလာတာ ဆရာမ "
"ကိုယ်ဝန်အပ်ထားလား အာထရာဆောင်း ကော ရိုက်ထားသေးလား" ဆိုတော့ "ဟင့်အင်း" တဲ့ ...
အောက်ပိုင်းစမ်းကြည့်တော့ တကယ်ပင် ကလေးခေါင်းက ပြတ်လုလု ကလေးကတော့ ဆုံးတာ ကြာပြီထင် အရောင်ပင် ပြောင်းနေပြီ ။ ဒီဗိုက် ဒီလူနာပုံစံနှင့် မွေးလို့မရနိုင် အရေးပေါ် ခွဲရန် ပြင်ရသည် ။
ကလေးခေါင်းထွက်ပြီးတာတောင် သာမာန်ထက်ပိုပူနေသေးသော ဗိုက်ကို ဖွင့်လိုက်ရာ တွေ့နေကျ ကလေးအသားကို မတွေ့ရဘဲ ရေဗူပေါင်းလုံးကဲ့သို့ အလုံးကြီးကို တွေ့လိုက်ရသည် ။
"ဆရာ အဲ့တာဘာကြီးလဲ"
"ကလေးက ဆုံးတာကြာပြီ ဖြစ်မယ် ဒါ ပုတ်ပြီး လူသေတွေ ဖောသလို ဖောနေတာလေ ဒီဗိုက်ကြီး ခံနေမှတော့ ဘယ်မွေးလို့ရမလဲ" တဲ့
သူမ မှာတော့ အံ့သြတကြီးပင် ...
ကလေးအမေ ဘာမှ မဖြစ်တာပဲ ကံကောင်းသည် ဆိုရမည် ။
"သမီးရယ် ကိုယ်ဝန်ဆောင် ဆိုတာ ကလေးတိုးတာကို သတိထားရတယ် ကလေးတိုးတာ နည်းသွားရင် ရေဆင်း သွေးဆင်းရင် ဆေးရုံ ဆေးခန်း ချက်ချင်း ပြဖို့လိုတယ်ဆိုတာ မသိဘူးလားကွယ် " ဆိုတော့
သမီးမှ မသိတာတဲ့ လေ ...
Khin Cho
















