/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရာသီသွေးဆင်းနည်းစေသော-အကြောင်းရင်းများ

ရာသီသွေးဆင်းနည်းစေသော အကြောင်းရင်းများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ရာသီသွေးဆင်း နည်းလား၊ များလားဆိုတာကို သိဖို့ဆိုရင် ပုံမှန် ဘယ်လောက်ဆင်းလေ့ရှိလဲ ဆိုတာကို သိထားဖို့ လိုပါတယ်။ တစ်လတစ်ခါ သားအိမ်နံရံလေးတွေ ကြွေကျပြီးတော့ ရာသီသွေး ဆင်းစေပါတယ်။ အမျိုးသမီးတစ်ယောက်က ပုံမှန်အားဖြင့် ၂၁-၃၅ ရက်တစ်ကြိမ် သွေးဆင်းလေ့ရှိပြီး တစ်ကြိမ်လာရင် ၂ ရက်ကနေ ၇ ရက်အထိ ကြာတတ်ပါတယ်။ အခြေအနေနဲ့ အချိန်အခါအပေါ် မူတည်ပြီးလည်း ရာသီလာတာ ပြောင်းနိုင်ပါတယ်။ ဥပမာ - ကိုယ်ဝန်ဆောင်ချိန်ဆိုရင် ရာသီမလာပါဘူး။ အမျိုးသမီး တစ်ယောက်နဲ့တစ်ယောက်လည်း မတူကြပါဘူး။

 

>>    ရောဂါလက္ခဏာများ

          အောက်ပါလက္ခဏာတွေဖြစ်ရင် ရာသီသွေးဆင်းနည်းတယ်လို့ စိတ်ပူနိုင်ပါတယ်။

●        သွေးဆင်းတာ ၂ ရက်အောက်နည်းခြင်း

●        ရာသီသွေးဆင်းတာက နည်းနည်းလေး အကွက်လေးသာထင်ခြင်း

●        ပုံမှန်လာနေကျအတိုင်း မလာဘဲ တစ်လ (သို့) ဒီထက်ပိုပြီး ရာသီထိန်ခြင်း

●        ပုံမှန် ၂၁-၃၅ ရက်တစ်ကြိမ် လာရမယ့်အစား နည်းနည်းနည်းနည်းနဲ့ ခဏခဏ သွေးဆင်းနေခြင်း

 

>>    ရာသီသွေးဆင်းနည်းစေသော အကြောင်းအရင်းများ

          အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါတွေကတော့ -

●        အသက်အရွယ် - ဆယ်ကျော်သက်အရွယ်မှာ ရာသီသွေးဆင်းတာက အမျိုးမျိုး ပြောင်းနေနိုင်ပါတယ်။ သွေးဆုံးချိန် ရောက်ပြန်တော့လည်း ရာသီ ပုံမမှန်တာတွေ၊ နည်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေက ဟော်မုန်းတွေ မညီမျှနေလို့ပါ။

●        ကိုယ်အလေးချိန်နဲ့ စားတဲ့အစားအစာ - ကိုယ်အလေးချိန်နဲ့ အဆီပါဝင်မှုနှုန်းတွေကလည်း ရာသီလာတာအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ပိန်လွန်းရင်လည်း ဟော်မုန်းတွေ ပုံမှန်အလုပ်မလုပ်တဲ့အတွက် ရာသီမမှန်တတ်သလို ကိုယ်အလေးချိန် အများကြီး ကျသွားတာ၊ တက်လာတာတွေကြောင့်လည်း ရာသီမမှန် ဖြစ်စေပါတယ်။

●        ကိုယ်ဝန်ဆောင်ချိန် - ကိုယ်ဝန်ဆောင်ချိန်ဆိုရင်လည်း ရာသီမလာတတ်ပါဘူး။ သွေးလေး နည်းနည်းဆင်းရင် ဒါက သန္ဓေတွယ်လို့ သွေးဆင်းတာ ဖြစ်နိုင်ပါတယ်။

●        နို့တိုက်မိခင် - ကလေးကို မိခင်နို့တိုက်တယ်ဆိုရင် မွေးပြီးပြီးချင်း ရာသီ တန်းမလာပါဘူး။ နို့ထွက်စေတဲ့ ဟော်မုန်းတွေက သားဥကြွေတာကို ကာကွယ်ထားတဲ့အတွက် ရာသီလည်း မလာသေးပါဘူး။ ရာသီမလာသေးရင်တောင်မှာ ကလေးနို့တိုက်နေရင်းသား ကိုယ်ဝန်ရနိုင်ပါတယ်။ ဒါကြောင့် ကလေး နို့တိုက်နေချိန်မှာပဲ အကာအကွယ်မပါဘဲ အတူနေပြီးတော့ သွေးနည်းနည်း ဆင်းလာရင် ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်ကြည့်သင့်ပါတယ်။

●        သန္ဓေတားခြင်း - သန္ဓေတားဆေး၊ ဟော်မုန်းဆေးတွေကလည်း ရာသီလာတာကို နည်းစေပါတယ်။ တားဆေးက သောက်ဆေး၊ ကပ်ခွာ၊ သားအိမ်ထဲထည့်တဲ့ကွင်း၊ ထိုးဆေး စသည်ဖြင့် ပုံစံမျိုးစုံနဲ့ လာပါတယ်။ မမျိုးဥမထွက်တဲ့အခါမှာ သားအိမ်ကနံရံကလည်း မထူတော့တဲ့အတွက် ရာသီသွေးဆင်း နည်းတာ၊ ရာသီမလာတာတွေ ဖြစ်တတ်ပါတယ်။ မကြာခင်ကမှ တားဆေး စသောက်ရင် (သို့) တားဆေး ရပ်လိုက်ရင်လည်း ရာသီမမှန်တာတွေ ဖြစ်တတ်ပါတယ်။

●        စိတ်ဖိစီးမှု - စိတ်ဖိစီးမှု များလာတဲ့အခါမှာ ရာသီစက်ဝန်း လည်စေတဲ့ဟော်မုန်းတွေလည်း ပြောင်းလဲသွားးပါတယ်။ ရာသီမမှန်တာ၊ နည်းတာတွေ ဖြစ်ပြီးတော့ စိတ်ဖိစီးမှုတွေ ပျောက်သွားရင် ရာသီလည်း ပုံမှန်ပြန်လာပါလိမ့်မယ်။

●        လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း - လေ့ကျင့်ခန်း မကြာခဏလုပ်တဲ့ အမျိုးသမီးတွေမှာလည်း ရာသီလာတာမှာ အပြောင်းအလဲတွေ ဖြစ်စေပါတယ်။ အားကစားသမားတွေမှာ စိတ်ဖိစီးမှုတွေကများ၊ ကိုယ်အလေးချိန်က နည်းပြီးတော့ စွမ်းအင်တွေ အများကြီးသုံးရတဲ့အတွက် ရာသီသွေးဆင်းချိန်ကို ပြောင်းလဲစေပါတယ်။

●        အစာစားခြင်းဆိုင်ရာပြဿနာများ - အစာ စားချင်စိတ်မရှိခြင်း၊ အချိန်ပြည့် အစား အလွန်အကျွံစားချင်ခြင်းစတဲ့ ပြဿနာတွေကြောင့်လည်း ခန္ဓာကိုယ်အလေးချိန်တွေ ပြောင်းလဲပြီးတော့ ဟော်မုန်းတွေကို ပြောင်းလဲစေတဲ့အတွက် ရာသီလာတဲ့ပုံစံကိုလည်း ပြောင်းလဲစေပါတယ်။

●        သားဥအိမ်တွင် ရေအိတ်များစွာ တည်သောရောဂါလက္ခဏာစု - ဒီရောဂါကြောင့်လည်း ဟော်မုန်းအပြောင်းအလဲ ဖြစ်စေပြီးတော့ မမျိုးဥတွေကို မရင့်သန်စေတော့ဘဲနဲ့ ရာသီမလာတာ ဖြစ်စေပါတယ်။

 

          ဒီလိုဟော်မုန်း အပြောင်းအလဲကြောင့် -

          ○        ကိုယ်အလေးချိန်တက်ပြီး အဝလွန်လာခြင်း

          ○        ဝက်ခြံပေါက်လာခြင်း

          ○        မျက်နှာမှာ အမွေးအမျှင်တွေ ထူလာခြင်း

          ○        သန္ဓေမအောင်ခြင်းတွေကို ဖြစ်စေပါတယ်။

          သားဥအိမ်တွင် ရေအိတ်များစွာ တည်သောရောဂါကို အာထရာဆောင်းရိုက်ပြီး သိနိုင်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ တားဆေးသောက်ပြီး ကုသရပါတယ်။ ဆီးချိုဆေးတွေလည်း ပေးတတ်ပါတယ်။

 

>>    ပြင်းထန်ဆိုးရွားသော နောက်ဆက်တွဲပြဿနာများ

          ရာသီ ပုံမှန်မလာတာက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ပြသပြီးတော့ အကြောင်းအရင်းကိုရှာဖို့ လိုပါတယ်။

 

>>    ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

          သိသာတဲ့ နောက်ခံအကြောင်းအရင်းမရှိဘဲနဲ့ ရာသီသွေးဆင်းတာ အရမ်းနည်းနေတယ်ဆိုရင် ဆရာဝန် ပြသင့်ပါတယ်။ အောက်ပါလက္ခဏာတွေတွေ့ရင် ဆရာဝန်ပြပါ။

●        ကိုယ်ဝန်ရှိတာ မဟုတ်ဘဲနဲ့ ၃ လဆက်တိုက် ရာသီမလာရင်

●        ကိုယ်ဝန်ရှိနေတယ်လို့ထင်ရင်

●        ရာသီပုံမမှန်ရင်

●        ရာသီသွေးဆင်းတာမဟုတ်ဘဲနဲ့ ကြားထဲမှာ သွေးဆင်းရင်

●        ရာသီလာချိန်မှာ ဗိုက်အရမ်းအောင့်ရင်

 

>>    ကုထုံးများ

          ဆရာဝန်က အကြောင်းအရင်းကို ရှာဖွေပြီးတော့ သင့်တော်တဲ့ကုထုံးကို ပေးပါလိမ့်မယ်။ ရာသီသွေးဆင်းနည်းတာက အမြဲဖြစ်နေတယ်ဆိုရင် နေထိုင်မှုပုံစံ အပြောင်းအလဲတွေလုပ်ပြီး ဆေးသောက်ဖို့ လိုပါတယ်။ တစ်ခါတလေမှာ တားဆေးတွေသောက်ရင် ပုံမှန်ပြန်ဖြစ်သွားတာမျိုးလည်း ရှိသလို ဒီထက်ပိုပြီး ကုသမှုခံယူဖို့လည်း လိုနိုင်ပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)