ကြွက်နို့ရောဂါပိုး (HPV virus) နှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအကြောင်း သိကောင်းစရာ
ကြွက်နို့ပိုးဟာ အရေပြားပေါ်တွင် ကြွက်နို့များကို ဖြစ်စေသည့်အပြင် ကင်ဆာအမျိုးမျိုးကိုလည်း ဖြစ်စေတာမို့ ကြောက်စရာကောင်းသော ဗိုင်းရပ်တစ်မျိုးပဲ ဖြစ်ပါတယ်။ မြန်မာလူမျိုးတို့နှင့် အနီးစပ်ဆုံးအနေနဲ့ အမျိုးသမီးများတွင် အဖြစ်များသော သားအိမ်ခေါင်းကင်ဆာဟာလည်း HPV virus ကြောင့်ပင် ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ ဒီလောက်ဆို HPV virus ဟာ ပေါ့သေးသေး ဗိုင်းရပ်စ်မဟုတ်ဘူးဆိုတာ သိကြပြီပေါ့နော်။
>> HPV ကြောင့် ဖြစ်နိုင်သည့် အခြားသောကင်ဆာများမှာ -
● မိန်းမကိုယ်နှင့် အမျိုးသမီးလိင်အင်္ဂါနှုတ်ခမ်းသား ကင်ဆာ
● စအိုကင်ဆာ (အမျိုးသမီး/အမျိုးသား)
● လည်ချောင်းကင်ဆာ
● အမျိုးသားများ လိင်တံကင်ဆာတို့ပဲ ဖြစ်ပါတယ်။
အဆိုပါ HPV virusဟာ လိင်ကနေတစ်ဆင့် ကူးစက်သောရောဂါဖြစ်တာမို့ အရွယ်ရောက်ပြီးသူတိုင်း သတိထားသင့်ပါတယ်။ အမေရိကန်လူမျိုး ၁၄ မီလီယန်ဟာ နှစ်စဉ် HPV ပိုးကူးစက်ခံနေရပါတယ်။ အချို့သော ကူးစက်ခံရသူတွေဟာ သူ့အလိုလို ပြန်ကောင်းပြီး ကြီးကြီးမားမားရောဂါများ မဖြစ်နိုင်ပေမယ့် အချို့လူတွေကတော့ ကင်ဆာရောဂါအထိ ဖြစ်ပေါ်နိုင်ပါတယ်။
>> HPV ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ပါသလား?
လိင်ကနေတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်ဖြစ်တာမို့ အကာအကွယ်ဖြင့် လိင်ဆက်ဆံခြင်းဖြင့် ပိုးမကူးအောင် တားဆီးနိုင်ပါလိမ့်မယ်။ ထို့ပြင် HPV ဗိုင်းရပ်စ်ကို ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကာကွယ်နိုင်ပါသေးတယ်။
HPV virus အမျိုးအစားနှစ်မျိုးအနက် အမျိုးသား၊ အမျိုးသမီးတို့ရဲ့ လိင်အင်္ဂါတွင် ကြွက်နို့များဖြစ်စေသော HPV virusအမျိုးအစားကို ကာကွယ်နိုင်ပါတယ်။
အမေရိကန်နိုင်ငံတွင် အမျိုးသမီး ၁၂၀၀၀ ဟာ နှစ်စဉ် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနေကြပါတယ်။ သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူမှာလည်း တစ်နှစ်ကို အယောက် လေးထောင်၀န်းကျင် ရှိပါတယ်။ ထိုရောဂါဆိုးကို ကာကွယ်နိုင်ဖို့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ခေါ် HPV ကာကွယ်ဆေးကို ကြိုတင်ထိုးထားနိုင်ပါတယ်။ အမျိုးသမီးများအနေနှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးမထိုးမီ အိုဂျီနှင့် တိုင်ပင်ပြီး သားအိမ်အသားစ Pap Smear စစ်ဆေးရမှာ ဖြစ်ပါတယ်။
>> HPV vaccine (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) ဆိုတာ ဘာလဲ?
နိုင်ငံတကာမှာတော့ ကျားမ မရွေး ကြိုတင်ထိုးထားနိုင်ပြီး မြန်မာနိုင်ငံမှာတော့ အရွယ်ရောက်ပြီး အမျိုးသမီးများ ထိုးလေ့ရှိပါတယ်။ အသက် ၉ နှစ်ကနေ ၂၆ အရွယ်အတွင်း အမျိုးသမီးများ ထိုးထားသင့်ပြီး အိမ်ထောင်ပြုခါနီး အမျိုးသမီးများ မဖြစ်မနေ ထိုးထားသင့်ပါတယ်။
** ကို်ယ်၀န်ဆောင်မိခင်များအနေနှင့် မထိုးသင့်ပါဘူး။ နို့တိုက်မိခင်များကတော့ ထိုးလို့ရပါတယ်။
>> ကာကွယ်ဆေးထိုးလျှင် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်လဲ?
ပုံမှန်ကာကွယ်ဆေးများ ထိုးသလိုပဲ ထိုးပြီးပြီးချင်းတွင် ကိုက်ခဲခြင်း၊ ဆေးထိုးထားသောနေရာတွင် ဖောင်းလာခြင်း၊ ငွေ့ငွေ့ဖျားခြင်း (၁၀၀ ဒီဂရီစင်တီဂရိတ် ၁၀ ယောက်တွင် ၁ ယောက်)၊ ကိုယ်ပူခြင်း (၁၀၂ ဒီဂရီစင်တီဂရိတ်ထိ ၆၅ ယောက်တွင် ၁ ယောက်)၊ ခေါင်းကိုက်ခြင်းစသည်တို့ ဖြစ်ပေါ်တတ်ပါတယ်။
>> ကာကွယ်ဆေး မထိုးသင့်သောသူများ
● HPV vaccine နှင့်ဓာတ်မတည့်သူများ
● တစေး (yeast) နှင့် ဓာတ်မတည့်သူများ
● ကိုယ်၀န်ဆောင်မိခင်များ
● ပြင်းထန်သောရောဂါရှိသူများ စသည်တို့ ဖြစ်ပါတယ်။
Dr. လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)














