/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဘာကြောင့်-အချို့အမျိုးသမီးတွေမှာ-စောစောစီးစီး-သွေးဆုံးကြပါသလဲ

ဘာကြောင့် အချို့အမျိုးသမီးတွေမှာ စောစောစီးစီး သွေးဆုံးကြပါသလဲ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးတွေရဲ့ ပျမ်းမျှသွေးဆုံးချိန်ဟာ အသက် ၅၁ နှစ်ဖြစ်တယ်လို့ လေ့လာချက်များအရ သိရပါတယ်။ အချို့သောအမျိုးသမီးတွေမှာတော့ အသက် ၄၀ ကနေ ၄၅ အတွင်း သွေးဆုံးတတ်ပါတယ်။ မိခင်ဟာ စောစီးစွာသွေးဆုံးသူဖြစ်ပါက သမီးဖြစ်သူမှာလည်း စောစီးစွာ သွေးဆုံးဖို့ အလားအလာ ၆ ဆ ပိုများပါတယ်။
သွေးဆုံးခြင်းကို စောစီးစွာဖြစ်စေသောအကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)  သားအိမ် သို့မဟုတ် မျိုးဥအိမ်တွင် ခွဲစိတ်မှုပြုလုပ်ထားခြင်း
●  အားလုံးသိကြတဲ့အတိုင်း သားဥအိမ်နှစ်ဖက်စလုံးကို ဖယ်ထုတ်လိုက်တာနှင့် ရာသီသွေးဆင်းခြင်း ရပ်တန့်သွားမှာ ဖြစ်ပါတယ်။
●  သားဥအိမ်တစ်ဖက်တည်းကိုသာ ဖယ်ထုတ်မယ်ဆိုရင်လည်း အီစတိုဂျင်နှင့် ပရိုဂျက်စတုန်းဟိုမုန်း ထုတ်လုပ်မှုဟာ သိသာစွာ ကျဆင်းသွားတဲ့အတွက် ရာသီပေါ်ခြင်းကို ရပ်တန့်သွားစေတတ်ပါတယ်။
●  သားအိမ်ထုတ်ထားသူတွေမှာလည်း မျိုးဥအိမ်သို့ သွေးထောက်ပံ့မှုနည်းပါးသွားစေလို့ ရာသီပေါ်ခြင်း ရပ်တန့်နိုင်ပါတယ်။

Menopace 1

(၂)  ဆေးလိပ်သောက်ခြင်း/ဆေးလိပ်သောက်သူနှင့်တူတူနေခြင်း
●  ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေဟာ နှစ်နှစ်ခန့်စောပြီး သွေးဆုံးတတ်ကြပါတယ်။
●  နယူးယောက်ကင်ဆာဌာနတစ်ခုရဲ့ လေ့လာချက်အရ ဆေးလိပ်အလိပ် ၁၀၀ ခန့်သောက်ခဲ့တဲ့ မိန်းမတွေဟာ အသက် ၅၀ မတိုင်ခင် သွေးဆုံးဖို့ ၂၆ ရာနှုန်း ပိုအလားအလာများတယ်လို့ သိရပါတယ်။
●  ဘေးမှာ ဆေးလိပ်သောက်သူရှိနေတဲ့ အမျိုးသမီးတွေဟာလည်း ဆေးလိပ်ငွေ့တွေကို တစ်ဆင့်ခံရှူရှိုက်မိခြင်းကြောင့် စောစောသွေးဆုံးတတ်ကြလေ့ရှိပါတယ်။

(၃)  ပိန်လွန်းသောအမျိုးသမီးများ
ပိန်လွန်းသောအမျိုးသမီးတွေဟာ အဝလွန်သူတွေထက်စာရင် စောစီးစွာ သွေးဆုံးတတ်ပါတယ်။ ပိန်လွန်းသူတွေဟာ အဆီပမာဏနည်းပါးတဲ့အတွက် အဆီတစ်သျှူးတွေမှာ သိုလှောင်ထားရသော အီစတိုဂျင်ဟိုမုန်း နည်းပါးကြတဲ့အတွက် စောစီးစွာ သွေးဆုံးနိုင်ပါတယ်။

(၄)  ကင်ဆာကုသမှုခံယူထားသူများ
ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူထားသူများ၊ ကင်ဆာဆေး သွင်းထားသူများမှာလည်း စောစီးစွာ သွေးဆုံးနိုင်ပါတယ်။

Menopace 2

(၅)  ကိုယ်ခံအား Autoimmune ရောဂါရှိသူများ
Autoimmune ဆိုတာ ကိုယ်ခန္ဓာက သူ့ကိုယ်သူ ပြန်တိုက်ခိုက်ခြင်းကို ဆိုလိုပါတယ်။ Autoimmune ရောဂါများဖြစ်တဲ့ လေးဖက်နာအဆစ်ရောင်ခြင်း၊ အရေပြားလေးဖက်နာ၊ သိုင်းရွိုက်ရောင်ခြင်း စတဲ့ ရောဂါရှိသူတွေဟာ မျိုးဥအိမ်တစ်သျှူးများကို တိုက်ခိုက်တဲ့ပဋိပစ္စည်းများကို ထုတ်လုပ်တဲ့အတွက် အရွယ်မတိုင်ခင် သွေးဆုံးနိုင်ပါတယ်။

(၆)  စိတ်ဖိစီးသူများ
အလွန်အမင်း စိတ်ဖိစီးသူများအနေနှင့် မျိုးဥအိမ်ရဲ့လုပ်ဆောင်ချက်တွေ ပုံမှန်မဟုတ်ဘဲ စောစီးစွာ သွေးဆုံးတတ်ပါတယ်။

(၇)  အတက်ရောဂါရှိသူများ
တက်ခြင်းကြောင့် ဦးနှောက်ရှိဟိုမုန်းများကို ထိန်းချုပ်သောအစိတ်အပိုင်းများကို ထိခိုက်စေရာကနေ ဟိုမုန်းတွေကို မမျှမတဖြစ်စေခြင်းကြောင့် စောစီးစွာသွေးဆုံးဖို့ ရာနှုန်းများစေပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)