မှတ်ပုံတင်ထားခြင်းမရှိတဲ့ သန္ဓေတားပစ္စည်းတွေရဲ့အန္တရာယ်
ယနေ့လို အင်တာနက်ခေတ်ကြီးမှာ ဘယ်ပစ္စည်းကိုမဆို အလွယ်တကူ ဝယ်ယူလို့ရလာသလို ဆေးပစ္စည်းတွေကိုလည်း မယုံကြည်ရတဲ့ဈေးကွက်ကနေ ဝယ်သူသုံးစွဲမိကြတာမျိုးတွေ ဖြစ်လာကြပါတယ်။ ဒီလိုမျိုး မယုံကြည်ရတဲ့ဈေးကွက်ကနေ ရောင်းချနေကြတဲ့ ဆေးပစ္စည်းတွေဟာ မှတ်ပုံတင်ထားခြင်းမရှိတဲ့အပြင် ကျန်းမာရေးအတွက် ထည့်မတွက်ဘဲ ထုတ်လုပ်ထားနိုင်တာကြောင့် မသိလိုက်ဘဲ ဝယ်ယူသုံးစွဲမိလိုက်ရင် ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။
ဒီလိုတရားမဝင်ဈေးကွက်ကနေ ဝယ်ယူသုံးစွဲမိတဲ့ဆေးပစ္စည်းတွေထဲမှာ သန္ဓေတားပစ္စည်းတွေလည်း ပါလာနိုင်ပါတယ်။ ဈေးကွက်ထဲမှာရနိုင်တဲ့ သန္ဓေတားပစ္စည်းတွေက သောက်ဆေး၊ သုံးလခံထိုးဆေး၊ သားအိမ်ထဲထည့်တဲ့ပစ္စည်း၊ လက်မောင်းထဲထည့်တဲ့ပစ္စည်းဆိုပြီး အမျိုးအစားအစုံ ရှိပါတယ်။ သုံးလခံထိုးဆေးနဲ့ သားအိမ်၊ လက်မောင်းထဲထည့်တဲ့ ပစ္စည်းတွေကတော့ နားလည်တတ်ကျွမ်းသူရဲ့ အကူအညီလိုတာကြောင့် လူအများစုဟာ ဆေးရုံ၊ ဆေးခန်းတွေမှာပဲ သွားရောက်လုပ်ဆောင်လေ့ရှိလို့ အတုအပသုံးစွဲမိဖို့ဆိုတာ ခဲယဉ်းပါတယ်။ စိုးရိမ်စရာရှိတာက မှတ်ပုံတင်ထားခြင်းမရှိတဲ့ အတုအပသန္ဓေတားသောက်ဆေး သုံးစွဲမိတာပါပဲ။
Marvelon 28 IA 1

>> အတုအပသန္ဓေတားဆေးတွေ သုံးစွဲမိရင် ဘာတွေဖြစ်လာနိုင်သလဲ?
၁။ တရားမဝင်တဲ့ဆေးဝါးတွေမှာ ဘာပစ္စည်းတွေပါဝင်နေသလဲဆိုတာ သေချာမသိနိုင်ပါဘူး။ သန္ဓေတားဖို့ဆိုရင်တော့ ပရိုဂျက်စတုန်း ဟော်မုန်း 1 မျိုး (သို့) အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်း 2 မျိုး ပါရပါတယ်။ တရားမဝင်ဆေးဝါးတွေမှာတော့ ဒါတွေမပါဝင်ဘဲ ကျန်းမာရေးအတွက်မသင့်တော်တဲ့ အခြားဓာတုပစ္စည်းတွေကို ထည့်သွင်းထုတ်လုပ်ထားခဲ့ရင် ကိုယ်ဝန်မရအောင် မတားပေးနိုင်တဲ့အပြင် အခြားကျန်းမာရေးပြဿနာတွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။
၂။ တချို့ဆေးဝါးအတုတွေဟာ အစစ်နဲ့တူအောင်ထုတ်ထားတာဖြစ်လို့ ဆိုးဆိုးရွားရွားပြဿနာတွေ မဖြစ်နိုင်ပေမယ့် ဆေးအာနိသင်မှာတော့ အစစ်ကိုမမှီနိုင်တာကြောင့် တားဆေးသုံးနေပေမယ့် ဆေးအစွမ်းကို အပြည့်အဝရနိုင်မှာ မဟုတ်ပါဘူး။
၃။ တရားမဝင်ဆေးဝါးတွေဟာ များသောအားဖြင့် သန့်ရှင်းသပ်ရပ်မှုမရှိတဲ့ အခြေအနေအောက်မှာ ထုတ်လုပ်ထားကြတာဖြစ်လို့ ဘက်တီးရီးယားပိုးမွှားတွေ ပါလာနိုင်ပါတယ်။
၄။ ဆေးပမာဏကို တိတိကျကျ မထုတ်လုပ်ထားလို့ ပမာဏများလွန်းတဲ့အခါ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
Marvelon 28 IA 2

>> မှတ်ပုံတင်ထားခြင်းမရှိတဲ့ သန္ဓေတားဆေးတွေကို မသုံးစွဲမိအောင် ဘယ်လိုသတိပြုရမလဲ?
၁။ မိမိတို့နဲ့ မရင်းနှီးတဲ့ပတ်ဝန်းကျင်မှာ ရောင်းနေတဲ့ သန္ဓေတားဆေးတွေကို မဝယ်ယူပါနဲ့။
လမ်းပေါ်မှာတွန်းလှည်းနဲ့ ရောင်းနေတာ၊ အွန်လိုင်းပေါ်ကနေ မသိတဲ့သူတစ်ယောက်က ရောင်းနေတာ အစရှိတဲ့ ဈေးကွက်တွေနေ ရောင်းနေတဲ့ ဆေးပစ္စည်းတွေကို မဝယ်ယူပါနဲ့။ အကောင်းဆုံးကတော့ သန္ဓေတားဆေးတွေကို ဆေးဆိုင်တွေမှာပဲ ဝယ်ယူပါ။ အွန်လိုင်းကဝယ်မယ်ဆိုလည်း တရားဝင်ရောင်းချခွင့်ရထားတဲ့ ဝက်ဘ်ဆိုဒ်တွေကနေပဲ ဝယ်ယူပါ။
၂။ ပုံမှန်ထက်ဈေးသက်သာတဲ့ သန္ဓေတားဆေးတွေကို မဝယ်ယူပါနဲ့။
ဒါတွေဟာ အတုအပပစ္စည်းတွေ ဖြစ်နိုင်သလို၊ ဒိတ်လွန်နေတာတွေလည်း ဖြစ်နိုင်ပါတယ်။
၃။ ကြော်ငြာကောင်းတိုင်း မဝယ်ပါနဲ့။
ဘယ်ဆေးမဆို ရာနှုန်းပြည့်ထိရောက်မှု မရှိနိုင်လို့ ၁၀၀% ပြည့် ကိုယ်ဝန်မရအောင် တားဆီးပေးတယ်လို့ ပြောထားရင် အတုအပဖြစ်နိုင်ပါတယ်။ သိပ္ပံနည်းကျ ထုတ်လုပ်ထားပါတယ်လို့ပြောရင်လည်း ယုံကြည်ပြီးတော့ ချက်ချင်းမဝယ်ပါနဲ့။ တချို့စာလုံးတွေက သာမန်လူတွေ နားမလည်နိုင်တာကြောင့် နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်ပြီးမှသာဝယ်ယူသုံးစွဲပါ။
၄။ ဆေးဘူးခွံကို အမြဲစစ်ဆေးပါ။
သန္ဓေတားဆေးမှမဟုတ်ဘဲ ဘယ်ဆေးကိုမဆို မဝယ်ခင်မှာ စာလုံးပေါင်း မှားနေတာရှိလား၊ ဒိတ်လွန်နေသလား၊ မြန်မာနိုင်ငံ FDA အသိအမှတ်ပြု မှတ်ပုံတင်နံပါတ် (Myanmar registration number) ပါသလား ဆိုတာကို အမြဲစစ်ဆေးပေးပါ။
ဒီလိုသေချာလေး ဂရုစိုက်ပြီးမှ ဆေးဝါးတွေကို ဝယ်မယ်ဆိုရင် မှတ်ပုံတင်ထားခြင်းမရှိတဲ့ သန္ဓေတားပစ္စည်းတွေရဲ့အန္တရာယ်ကနေ ကာကွယ်သွားနိုင်မှာ ဖြစ်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)
















