ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းကို ဘယ်လိုလျှော့ချမလဲ?
1. အရက်သောက်သုံးခြင်းကို လျှော့ချပါ။
အရက်သောက်သုံးခြင်းဟာ ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်တာကြောင့် တစ်နေ့လျှင် တစ်ခွက်ထက် ပို၍မသောက်သုံးသင့်ပါ။
2. ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
အများအားဖြင့် သွေးမဆုံးသေးတဲ့ အမျိုးသမီးများတွင် ဆေးလိပ်သောက်ခြင်းနဲ့ ရင်သားကင်ဆာ ဆက်စပ်မှုရှိနေကြောင်း တွေ့ရှိရပါတယ်။ ထို့ပြင် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်းဟာ ကျန်းမာရေးအတွက် အကောင်းဆုံးအရာတစ်ခုလည်း ဖြစ်ပါတယ်။
3. ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
အ၀လွန်ခြင်းဟာ ရင်သားကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေနိုင်ပါတယ်။ အထူးသဖြင့် သွေးဆုံးပြီးအမျိုးသမီးများတွင် ပိုဆိုးနိုင်ပါတယ်။
4. လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။
လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တာကြောင့် တစ်နည်းအားဖြင့် ရင်သားကင်ဆာကို ကာကွယ်ရာလည်း ရောက်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့သူတစ်ယောက်ဟာ သာမန်လေ့ကျင့်ခန်းမျိုးကို တစ်ပတ်လျှင် မိနစ် 150 (သို့) ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးကို 75 မိနစ်အပြင် ကြွက်သားလေ့ကျင့်ခန်းကို တစ်ပတ်လျှင် အနည်းဆုံးနှစ်ကြိမ်ခန့် ပြုလုပ်သင့်ပါတယ်။
5. နို့ချိုတိုက်ကျေွးပါ။
ကလေးကို နို့ချိုတိုက်ကျေွးခြင်းဟာ ရင်သားကင်ဆာ ကာကွယ်တဲ့နေရာမှာ များစွာအထောက်အကူ ပေးပါတယ်။ နို့ချိုတိုက်ကျေွးတဲ့အချိန် ကြာလေလေ(ဥပမာ-ကလေးအသက် 2နှစ်အထိ နို့ချိုတိုက်ကျေွးခြင်း) ရင်သားကင်ဆာကို ကာကွယ်နိုင်စွမ်း မြင့်တက်လေလေ ဖြစ်ပါတယ်။
6. ဟော်မုန်းအစားထိုးကုသမှုပမာဏနှင့် ကြာချိန်ကို ကန့်သတ်ပါ။
ဟော်မုန်းအစားထိုးကုသမှုကို 3 နှစ်မှ 5 နှစ်ထိ ခံယူခြင်းဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတာကြောင့် သွေးဆုံးခါနီး ရောဂါလက္ခဏာများအတွက် ကုသရာတွင် ဟော်မုန်းအစား အခြားကုထုံးများ (ဥပမာ - ဆေးဝါးများ) ကို ဆရာ၀န်နှင့် တိုင်ပင်သင့်ပါတယ်။ အကယ်၍ ခဏတာ ဟော်မုန်းအစားထိုးကုသမှုဟာ မဖြစ်မနေ လိုအပ်တယ်ဆိုပါက တတ်နိုင်သမျှ အနိမ့်ဆုံးပမာဏကိုသာ သောက်သုံးသင့်၍ ဆရာ၀န်နှင့် အမြဲမပြတ် ပြသနေဖို့ လိုပါတယ်။
7. ဓာတ်ရောင်ခြည်နှင့် ပတ်၀န်းကျင်ညစ်ညမ်းမှုဖြင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
ကွန်ပျူတာဓာတ်မှန်ကဲ့သို့ ဆေးပညာဆိုင်ရာ ပုံရိပ်ဖမ်းတဲ့နည်းလမ်းတွေဟာ ဓာတ်ရောင်ခြည်ပမာဏကို မြင့်မားစွာ အသုံးပြုတတ်ကြပါတယ်။ ရင်သားကင်ဆာဖြစ်ပွားနှုန်းနဲ့ ဓာတ်ရောင်ခြည်ထိတွေ့ခြင်းဟာ ဆက်စပ်နေတာကြောင့် လုံး၀မလွှဲသာမရှောင်သာ အခြေအနေမှသာ ထိုကဲ့သို့ စစ်ဆေးမှုမျိုးကို ပြုလုပ်သင့်ပါတယ်။
8. ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို စားသုံးပါ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေဟာ ကင်ဆာဖြစ်ပွားနှုန်းအချို့ကို လျော့ကျစေတဲ့အပြင် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာအားဖြင့် မြေထဲပင်လယ်ဒေသ အစားအစာနဲ့အတူ ဖြည့်စွက်စာအနေနဲ့ သံလွင်ဆီ၊ ပဲအမျိုးမျိုးတို့ကို စားသုံးလေ့ရှိတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်ပွားနှုန်း လျော့နည်းတာကို တွေ့ရနိုင်ပါတယ်။ မြေထဲပင်လယ်ဒေသ အစားအစာတွေဆိုတာ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အနှံများ၊ ပဲအမျိုးမျိုး၊ မြေပဲတို့ပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ ထိုအစားအစာမျိုးကိုသာ စားသုံးသူတွေဟာ ထောပတ်အစား သံလွင်ဆီကဲ့သို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ၊ အနီရောင်အသားတွေအစား ငါးတို့ကိုသာ ရွေးချယ်လေ့ရှိပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)
















