/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရင်သားတွေကို-ကာကွယ်ဖို့ရာ-ကိုယ်တိုင်-ပုံမှန်စစ်ဆေးပါ

ရင်သားတွေကို ကာကွယ်ဖို့ရာ ကိုယ်တိုင် ပုံမှန်စစ်ဆေးပါ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

1.      မှန်သားပြင်မှာ ကြည့်ရှုပါ။

          မှန်ကြီးကြီးတစ်ချပ်ရှေ့မှာ ရင်သားနှစ်ဖက်စလုံးကို ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။ ရင်သားမှာ ချိုင့်နေတာ၊ တွန့်နေတာ၊ အရေလန်နေတာ၊ နို့သီးခေါင်းကနေ အရည်ထွက်လာတာမျိုးတွေ ရှိ၊ မရှိကို သတိပြုသင့်ပါတယ်။

          မှန်ရှေ့မှာ လက်နှစ်ဖက်ကို ခေါင်းနောက်ပစ် ယှက်လိုက်ပါ။ ရင်သားကြွက်သားတွေ တင်းသွားတာကို ခံစားရပါလိမ့်မယ်။ ဒီလိုအနေအထားမှာ ရင်သား ပုံပန်းသဏ္ဌာန် ပြောင်းလဲမှု ရှိ၊ မရှိကို ကြည့်ရပါမယ်။

          နောက် ခါးထောက်၊ ရှေ့ကိုကုန်းလိုက်ပြီး ရင်သားပုံ အပြောင်းအလဲ ရှိ၊ မရှိကို စစ်ဆေးကြည့်ပါ။

          နောက်ဆုံးအနေနဲ့ နို့သီးခေါင်းကို အသာအယာ ညှစ်ကြည့်ပြီး အရည်တွေထွက်လာမှု ရှိ၊ မရှိ စမ်းသပ်ကြည့်ပါ။

 

2.      လှဲလျောင်းနေရင်း စမ်းသပ်ကြည့်ပါ။

          လှဲလျောင်းနေစဉ်မှာ ရင်သားတစ်သျှူးတွေဟာ တစ်ညီတစ်ညာတည်း ပြန့်သွားတဲ့အတွက် စမ်းသပ်ရတာ အကောင်းဆုံး အနေအထားပဲ ဖြစ်ပါတယ်။ လက်တစ်ဖက်ကို ခေါင်းပေါ်မြှောက်ထားပြီး ပုခုံးအောက်မှာ တဘက် ဒါမှမဟုတ် ခေါင်းအုံးပါးပါးခံကာ လှဲနေလိုက်ပါ။ အခြားလက်တစ်ဖက်နဲ့ ရင်သားမှာ အလုံးအကြိတ်တွေ ရှိ၊ မရှိ စမ်းသပ်ကြည့်ပါ။ ဒီလို စမ်းသပ်ရာမှာ -

●        ရင်သားပြင် တစ်ပြင်လုံးကို စက်ဝိုင်းသဏ္ဌာန် ပတ်ပြီး စမ်းသပ်နည်း (Circles)

●        ရင်သားပြင်ကို အပေါ်အောက်ဆွဲပြီး Z ပုံသဏ္ဌာန် စမ်းသပ်နည်း (Lines)

●        ရင်သားကို အပြင်မှအတွင်းသို့ ဆွဲပြီး စမ်းသပ်နည်း (Wedges)

          စတဲ့ နည်းလမ်းသုံးမျိုးနဲ့ စမ်းသပ်ရပါမယ်။

 

3.      ရေချိုးနေစဉ် စစ်ဆေးကြည့်ပါ။

          ရေချိုးနေတုန်းမှာလည်း ကိုယ့်ရင်သားကိုယ် အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေအတိုင်း ပုံမှန် စမ်းသပ်သင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)