ရင်သားမှာ အလုံးအကျိတ် စမ်းမိတဲ့အခါ
လူတိုင်းလူတိုင်း အခုခေတ်မှာ အကြောက်ဆုံးစကားကတော့ ကင်ဆာဆိုတာပါပဲ။ ဟုတ်တယ်မလား?
ရင်သားမှာ အလုံးအကျိတ် စမ်းမိတိုင်းလည်း စိတ်မညစ်သွားပါနဲ့။ အကျိတ်စမ်းမိတိုင်းလည်း ကင်ဆာတော့ မဟုတ်ပါဘူး။ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေလည်း ရှိနေသေးလို့ပါ။
တချို့အကျိတ်တွေက သူ့အလိုလို ပျောက်သွားတတ်တာကြောင့် စိုးရိမ်စရာမလိုပါဘူး။
ဒါပေမဲ့ ရင်သားမှာ အလုံးအကျိတ် စမ်းသပ်မိရင်တော့ ကင်ဆာကျိတ်မဟုတ်ကြောင်းသေချာအောင် ဆရာဝန်နဲ့ပြသဖို့တော့ လိုတာပေါ့။
>> ရင်သားအကျိတ်
အမျိုးသမီးအများစုဟာ ရင်သားကို စမ်းသပ်ကြည့်ရင် အကျိတ်ကလေးတွေ စမ်းမိနိုင်ပါတယ်။ ဒါဟာ ပုံမှန် ရင်သားအဖုအထစ်တွေပါ။
တချို့အမျိုးသမီးတွေမှာတော့ ပုံမှန်ထက်ကို ပိုပြီးတော့ အဖုအထစ်ကလေးတွေ များတာကို တွေ့ရပါတယ်။
ရင်သား ၂ ဖက်လုံးမှာ တူညီတဲ့ အဖုအထစ်ကလေးတွေ စမ်းမိတယ်ဆိုရင် ဒါပုံမှန်လို့ ပြောရမှာပါ။
ရင်သားတစ်ဖက်နဲ့ ဒါမှမဟုတ်၊ ရင်သား တခြားနေရာတွေနဲ့ စမ်းသပ်မိပုံခြင်း မတူဘူးဆိုရင် သတိထားရပါတော့မယ်။ ဒီလို အကျိတ်မျိုးကတော့ ကင်ဆာကျိတ် ဒါမှမဟုတ် ရိုးရိုးအကျိတ် (အရည်အိတ်တို့၊ အသားကျိတ်တို့) ဖြစ်နေနိုင်ပါတယ်။
>> တကယ်လို့
● ရင်သား တခြားနေရာတွေနဲ့မတူတဲ့ အကျိတ်အသစ်ကို စမ်းမိတယ်။
● ရင်သား တခြားတစ်ဖက်နဲ့မတူတဲ့ အကျိတ်အသစ်ကို စမ်းမိတယ်။
● အရင်က စမ်းဖူးတာနဲ့မတူတဲ့ အကျိတ်တစ်ခုကို စမ်းမိတယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ပါ။
>> နို့သီးခေါင်း အရည်ထွက်ခြင်း
နို့သီးခေါင်းကနေ အရည်တွေထွက်နေတာဟာ ပြဿနာတစ်ခုပါပဲ။ နို့သီးခေါင်းကို ညှစ်လိုက်ရင်တော့ ပုံမှန်ကိုက အရည်ထွက်တတ်ပါတယ်။ ဒါကိုယ်နှိုက်က ရင်သားကင်ဆာ ဟုတ်ချင်မှဟုတ်မှာပါ။
ရင်သားကင်ဆာမှာ -
● နို့သီးခေါင်းကို မညှစ်ဘဲ အလိုလို အရည်ထွက်တာ
● ရင်သားတစ်ဖက်မှာပဲဖြစ်တာ
● သွေးရောင်လွှမ်းတာ၊ ဒါမှမဟုတ် မကြည်တာတွေကို တွေ့ရတတ်ပါတယ်။
နို့သီးခေါင်းကနေ အရည်ထွက်တာမျိုးက ပိုးဝင်တာတို့၊ တခြားဆေးကုသဖို့လိုတဲ့ အခြေအနေမျိုးတို့မှာ တွေ့နိုင်ပါသေးတယ်။
ဒါကြောင့် နို့သီးခေါင်းကနေ အရည်တွေ စိမ့်ထွက်နေပြီဆိုရင် ဆရာဝန်နဲ့သာ ပြကြည့်လိုက်ပါ။
>> ရင်သားမှာ တခြားအပြောင်းအလဲများ
ရင်သားကင်ဆာရဲ့ အချက်ပေးလက္ခဏာတွေဖြစ်တဲ့ -
● ရင်သားမှာ ဒါမှမဟုတ် ချိုင်းအောက်မှာ အလုံးအကျိတ် မာမာကြီးတွေ၊ ထူထူကြီးတွေ စမ်းမိတာ
● ရင်သားမှာ ရောင်ရမ်းနေတာ၊ ပူနွေးနေတာ၊ နီရဲနေတာ၊ မဲနေတာ
● ရင်သားရဲ့ အရွယ်အစားနဲ့ပုံသဏ္ဌာန် ပြောင်းလဲနေတာ
● ရင်သားအရေပြား ချိုင့်နေတာ
● နို့သီးခေါင်း ယားယံတာ၊ အနီကွက်တွေ ထွက်နေတာ
● နို့သီးခေါင်းတို့၊ တခြားရင်သားအရေပြားတို့ အတွင်းချိုင့်ဝင်နေတာ
● ရုတ်တရက် နို့သီးခေါင်းကနေ အရည်တွေ ထွက်လာတာ
● တစ်နေရာရာက နာနေပြီး မပျောက်တော့တာတွေရှိရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။
ရင်သား နာကျင်နေတာမျိုးက ရာသီစက်ဝန်းတွေနဲ့လည်း ဆိုင်နေနိုင်ပါသေးတယ်။ နာတာ မသက်သာရင်တော့ မပေါ့ဆနဲ့ပေါ့။ နာတာ၊ ကျင်တာမျိုးက ရင်သားကင်ဆာကြောင့် ဖြစ်ခဲပေမယ့် ဆရာဝန်နဲ့ပြပြီး သေချာစမ်းသပ်ကြည့်တာ အကောင်းဆုံးပါပဲ။
Dr. Mya Phoo Ngon (www.drmyanmar.com)
















