/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရာသီလည်း-မလာ၊-ကိုယ်ဝန်-ရှိ-မရှိ-စမ်းကြည့်တော့လည်း-မပေါ်တာ

ရာသီလည်း မလာ၊ ကိုယ်ဝန် ရှိ မရှိ စမ်းကြည့်တော့လည်း မပေါ်တာ ဘာကြောင့်လဲ?

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

>>    ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်ကိရိယာနဲ့ စမ်းတာ ဘာကြောင့် တစ်ကြောင်းပဲ ပေါ်ရသလဲ?

•        စစ်တာ အရမ်းစောသွားလို့ပါ။

•        ဒီလမှာ မမျိုးဥကြွေချိန်် နောက်ကျလို့လည်း ဖြစ်နိုင်ပါတယ်။

•        ကိုယ်ဝန်ရှိတာ ကြာပြီမို့လို့ပါ။

•        ၂ မွှာပူး (သို့) ၃ မွှာပူး ကိုယ်ဝန်ဆောင်ထားရလို့ပါ။

•        ဆီးစစ်တဲ့ကိရိယာက သက်တမ်းလွန်နေလို့လည်း ဖြစ်နိုင်ပါတယ်။

•        သားအိမ်ပြင်ပမှာ သနေ္ဓတည်တာ

•        GTD လို့ခေါ်တဲ့ ရောဂါတစ်မျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

•        ဆီးစစ်တဲ့အခါမှာ ညွှန်ကြားချက်အတိုင်း သေချာမလိုက်နာခြင်း။

 

>>    ရာသီလာချိန် နောက်ကျရခြင်း (သို့) မလာခြင်း နှင့် ဆီးစစ်ကြည့်တဲ့အခါမှာလည်း တစ်ကြောင်းပဲပေါ်တာ ဘာကြောင့်ဖြစ်မလဲ?

1.      ကိုယ်ဝန်တော့ ရှိနေပေမယ့် ဆီးစစ်တဲ့အချိန်က စောလွန်းရင်လည်း မပေါ်တတ်ပါဘူး။

          ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်တယ်ဆိုတာ hCG ဆိုတဲ့ ဟော်မုန်းတစ်မျိုးကို စစ်ဆေးခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန် စရှိတဲ့လက္ခဏာတွေကို ခံစားနေရပြီဆို ကိုယ်ဝန်ရှိတာ သေချာနေပါတယ်။ ဒါပေမဲ့ ဆီးစစ်ကြည့်တော့ မပေါ်သေးဘူးဆိုရင် စစ်တာ စောသေးလို့ ဖြစ်နိုင်ပါတယ်။ သနေ္ဓ စအောင်ပြီး အနည်းဆုံး 2 ပတ်ကြာမှ သွေးထဲမှာ hCG ဟော်မုန်းကို စစ်လို့ရပါတယ်။ ဒါကြောင့် မှန်ကန်တဲ့အဖြေရဖို့ဆိုရင် ရာသီပျောက်ပြီး အနည်းဆုံး 2 ပတ်လောက်ကြာမှ ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်ကြည့်ပါ။ ဒီအချိန်မှာဆိုရင် ခန္ဓာကိုယ်က hCG ဟော်မုန်း များများထွက်လာပြီ ဖြစ်တဲ့အတွက် ဆီးစစ်တဲ့အဖြေကို မှန်မှန်ကန်ကန်ရပါပြီ။

 

2.      ကိုယ်ဝန်ရှိသော်လည်း အဖြေ မှားထွက်နေနိုင်ပါတယ်။

          ဆီးစစ်တဲ့ကိရိယာက သက်တမ်းလွန်နေတာပဲဖြစ်ဖြစ်၊ သိမ်းထားတဲ့ နည်းလမ်းမမှန်တာ (စိုစွတ်တဲ့ ရေချိုးခန်းထဲက ဗီရိုထဲမှာ သိမ်းထားတာ) ကြောင့် ပျက်စီးနေတာမျိုးတွေ ဖြစ်နို်င်ပါတယ်။ နောက်ထပ် ကိုယ်ဝန်စစ်တဲ့ အချောင်းတစ်ခု ထပ်ဝယ်ပြီး ထပ်စစ်ကြည့်ပါ။

 

3.      ကိုယ်ဝန်ရှိသော်လည်း ရာသီ မမှန်ခြင်း၊ မမျိုးဥကြွေချိန် နောက်ကျခြင်း

          ရာသီလာတာ ပုံမမှန်သူတွေမှာ ရာသီလည်း မလာ၊ ကိုယ်ဝန် စစ်ကြည့်တော့လည်း မပေါ်ဆိုရင် မမျိုးဥကြွေချိန် နောက်ကျနေတာ ဖြစ်နိုင်ပါတယ်။ ဒီအခါ သနေ္ဓတွယ်ချိန်လည်း နောက်ကျပါလိမ့်မယ်။ ဒါကြောင့် ပုံမှန်ရာသီလာတဲ့ရက်ရဲ့ အနည်းဆုံး 2 ပတ်လောက်ကြာမှ စစ်ဆေးစေခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက ဒီလမှာ သနေ္ဓအောင်တာ နောက်ကျတယ်ဆိုရင် hCG ကလည်း စစ်ဆေးမိလောက်တဲ့အထိ မများသေးတာ ဖြစ်နို်င်တဲ့အတွက် အဖြေမှားထွက်စေနို်င်ပါတယ်။ ဒါကြောင့် နည်းနည်း စိတ်ရှည်ရှည်ထားပြီး ဆက်စောင့်လိုက်ပါ။

 

4.      ကိုယ်ဝန်ရှိတာ နည်းနည်းကြာသွားရင်လည်း စစ်ကြည့်ရင် မပေါ်တော့တာမျိုး ဖြစ်တတ်ပါတယ်။

          အိမ်မှာပဲ ဆီးစစ်တဲ့နည်းက စောစောပိုင်းမှာ hCG မော်လီကျူးလေးတွေကို တိုင်းတာပြီး သိနိုင်ဖို့ပါ။ ကိုယ်ဝန် 5 ပတ်ကျော်သွားပြီဆိုရင် hCG မော်လီကျူး တည်ဆောက်ပုံ ပြောင်းလဲသွားပြီး တိုင်းတာလို့မမိတော့ဘဲ အဖြေမှားထွက်တတ်ပါတယ်။ ဒီအချိန်မှာတော့ သွေးစစ်ကြည့်တာက အဖြေပိုမှန်ပါလိမ့်မယ်။

 

5.      ကိုယ်ဝန် ၂ မွှာပူး (သို့) ၃ မွှာပူး လွယ်ထားရခြင်း

          ကလေး 2 ယောက်နဲ့အထက် ကိုယ်ဝန်ဆောင်ရတဲ့အခါမှာလည်း hCG ထွက်တာများပြီး ဆီးစစ်တဲ့ကိရိယာနဲ့ တိုင်းလု့ိမရ ဖြစ်တတ်ပါတယ်။

 

6.      သားအိမ်ပြင်ပမှာ သနေ္ဓတည်ရင်လည်း hCG ထွက်တာ နောက်ကျတတ်ပါတယ်။

          သားအိမ်ပြင်ပမှာ သနေ္ဓတည်တယ်ဆိုတာက သနေ္ဓအောင်ပြီးသား ဥလေးက သားအိမ်မဟုတ်တဲ့ အခြားနေရာတွေမှာ တွယ်ခြင်းဖြစ်ပြီး hCG ဟော်မုန်းထွက် နောက်ကျစေကာ ဝမ်းဗိုက်အောက်ပိုင်း ပြင်းထန်စွာ နာကျင်ခြင်း ဖြစ်စေပါတယ်။ ဒါက ကိုယ်ဝန်ဆောင် 40 မှာ 1 ယောက်လောက်သာ တွေ့ရတတ်တဲ့ ရှားပါးအခြေအနေတစ်ခုဖြစ်ပြီး အန္တရာယ်ကြီးတဲ့အတွက် အသက်ရှင်ဖို့အတွက် မြန်မြန်ကုသနိုင်ဖို့ လိုအပ်ပါတယ်။

 

7.      GTD လို့ခေါ်တဲ့ ရောဂါတစ်မျိုးရှိခြင်း

          ဒါက အရမ်းကို ရှားပါးပါတယ်။ ပုံမှန်အားဖြင့် သနေ္ဓသားလေးကို ဝန်းရံတဲ့အလွှာမှာ tumor ဖြစ်ခြင်းကို GTD လို့ ခေါ်ပါတယ်။ ဒီကျူမာတွေက ကင်ဆာဖြစ်ခဲပေမယ့် ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။ ဒီလိုအမျိုးအစားကနေပြီးတော့ ကျန်းမာတဲ့ ကလေးလေးတစ်ယောက် ထွက်လာဖို့ဆိုတာ တကယ်ကို ရှားပါးအခြေအနေတစ်မျိုး ဖြစ်ပါတယ်။

 

8.      ကိုယ်ဝန်မရှိဘဲ အခြားအကြောင်းတစ်ခုခုကြောင့် ရာသီလာချိန် နောက်ကျခြင်း

          ကိုယ်ဝန်လည်းမရှိ၊ ရာသီလည်းမလာ ဖြစ်စေတဲ့ အခြားကျန်းမာရေးအခြေအနေတွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ အချို့ကတော့ သားဥအိမ်ရေအိတ်၊ သိုင်းရွိုက်များလွန်းခြင်း၊ သားဥအိမ်တွင် ရေအိတ်များစွာရှိသော ရောဂါ၊ FSH ဟော်မုန်းများခြင်း၊ သွေးဆုံးခြင်း၊ အကြောင်းတစ်ခုခုကြောင့် ရာသီမလာခြင်း၊ အဝလွန်ခြင်းနဲ့ Adneral ကင်ဆာ စတာတွေ ဖြစ်ကြပါတယ်။

 

9.      ဆီးစစ်တဲ့အခါမှာ နည်းလမ်းမကျနခြင်း

          ဆီးစစ်တဲ့အခါမှာ သေချာစနစ်ကျဖို့အတွက် အိတ်ခွံပေါ်မှာပါတဲ့ လမ်းညွှန်ချက်ကို သေချာဖတ်ပါ။ အများစုကတော့ ဆီးစစ်တဲ့အတံကို ကိုင်ထားပြီး အိမ်သာထဲမှာ ဒီအတံအပေါ်ကို ဆီးပေါက်ချစေပါတယ်။ အချို့ကတော့ ဆီးကို သန့်ရှင်းတဲ့ခွက်ထဲမှာထည့်ပြီးမှ ဆီးစစ်တံကို ဒီထဲကို နှစ်ထားစေပါတယ်။

 

>>    ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်ကြည့်တဲ့အခါမှာ အဖြေမှန်စေဖို့ စနစ်တကျ စစ်ဆေးနည်းများ

•        မနက်စောစော ပထမဆုံးပေါက်တဲ့ဆီးကို ယူပါ။ တစ်ညလုံး စုထားတဲ့ဆီး ဖြစ်တဲ့အတွက် ပြင်းအားများပြီး မနက်ပိုင်းဆီးက အကောင်းဆုံးပါ။

•        ရေ အလွန်အကျွံ သောက်သုံးပါက ဆီးထဲမှာပါဝင်မှု နည်းသွားတဲ့အတွက် အဖြေမှားတတ်ပါတယ်။

•        သောက်နေတဲ့ ဆေးတွေကြောင့်လည်း အဖြေအပေါ် အကျိုးသက်ရောက်မှု ရှိတတ်ပါတယ်။ ဒီဆေးတွေက hCG ရဲ့ အကျိုးသက်ရောက်မှုနဲ့ တုံ့ပြန်နိုင်မှုတွေကိုလည်း ဖုံးကွယ်နိုင်ပါတယ်။ ဒါကြောင့် သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

•        မသေချာဘူးထင်ရင် ဆေးခန်းသွားပြီး သွေးစစ်ကြည့်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)