/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးတို့အတွက်-တစ်ကိုယ်ရည်သန့်ရှင်းရေး-အလေ့အကျင့်ကောင်းများ

အမျိုးသမီးတို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်ကောင်းများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        တစ်ကိုယ်ရည် သန့်ရှင်းရေးဟာ လူတစ်ကိုယ်လုံး ကျန်းမာဖို့ အရမ်းကို အရေးကြီးတယ်နော်။ အနံ့အသက်တွေ ကင်းစင်ဖို့၊ ယားယံတာတွေ မဖြစ်စေဖို့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို မဖြစ်မနေ ဂရုစိုက်ဖို့ လိုပါတယ်။ ဒီလိုဂရုစိုက်ခြင်းအားဖြင့် ဘတ်တီးရီးယား ပိုးမွှားတွေ မဝင်စေအောင် တားဆီးပေးနိုင်တယ်။ ဒီလို ဘက်တီးရီးယားပိုးတွေက ကလေးမရနိုင်တာ၊ ရောဂါတွေ၊ ကင်ဆာနဲ့ တခြားကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်လို့ မဖြစ်အောင် ကာကွယ်ဖို့ အရေးကြီးတယ်နော်။ ဒီလိုထိန်းသိမ်းဖို့ ရေမှန်မှန်ချိုးပါ။ ဓမ္မတာလာစဉ် အလေ့အကျင့်ကောင်းတွေ မွေးမြူပါ။ လေဝင်လေထွက်ကောင်းတဲ့ အတွင်းခံတွေ ဝတ်ပေးပါ။

 

၁။     လေဝင်လေထွက်ကောင်းတဲ့ ပေါ့ပေါ့ပါးပါးဘောင်းဘီမျိုးကို ဝတ်ပေးပါ။

        နိုင်လွန်တွေလိုမျိုး လူလုပ်ချည်မျှင်တွေနဲ့ ချုပ်လုပ်ထားတဲ့ ဘောင်းဘီကျပ်ကျပ်တွေ၊ အတွင်းခံကျပ်ကျပ်တွေဟာ ချွေးတွေအောင်းနေစေတဲ့အတွက် အနံ့အသက်ဆိုးတာ၊ ပိုးဝင်တာတွေကို ဖြစ်စေနိုင်တယ်။

          ဘောင်းဘီပွပွတွေ၊ ဒါမှမဟုတ် သဘာဝကော်တွန်သားနဲ ချုပ်ထားတဲ့ ဘောင်းဘီတွေကို ဝတ်ဆင်ပေးပါ။

 

၂။     စိုစွတ်စွတ်ဘောင်းဘီတွေကို ဖြစ်နိုင်ရင် လဲပေးပါ။

          စိုစွတ်စွတ်ဖြစ်နေတဲ့၊ ချွေးရွှဲနေတဲ့ ဘောင်းဘီတွေဟာ ဘက်တီးရီးယားတွေပွားဖို့ အားပေးတာကြောင့် အနံ့အသက်ဆိုးတွေနဲ့ ပိုးဝင်တာတွေကို ဖြစ်စေနိုင်တယ်။

 

၃။     မိန်းမကိုယ်နေရာတစ်ဝိုက်ကို ဆပ်ပြာအပျော့စားလေးနဲ့ ဆေးကြောပေးပါ။

          မိန်းမကိုယ်အတွင်းထဲကိုတော့ သွားမဆေးနဲ့နော်။ ပိုးတွေ ပိုဝင်တတ်တယ်။ မိန်းမကိုယ် ပတ်ဝန်းကျင်ကို ဆပ်ပြာအပျော့စားလေးနဲ့ ဆေးပေးခြင်းဖြင့် ယားယံတာ၊ ပိုးဝင်တာတွေကို ကာကွယ်ပေးနိုင်တယ်။

          ဆပ်ပြာလေးနဲ့တိုက်ပြီးရင် ရေသန့်သန့်နဲ့ ဆေးကြောလိုက်ပါ။ ပြီးရင် တဘက်လေးနဲ့ သေချာခြောက်အောင်သုတ်ဖို့လည်း မမေ့ပါနဲ့ဦး။

 

၄။     ဆီးသွားပြီးရင်လည်း မိန်းမကိုယ်ကို သုတ်သင်ပေးပါ။

          မိန်းမကိုယ်ကို တစ်နေကုန် ခြောက်သွေ့နေအောင် ထားရမယ်။

          သုတ်တဲ့အခါမှာ အမွေးနံ့တွေမထည့်ထားတဲ့ တစ်ရှူးအပျော့သားလေးကို သုံးပေးပါနော်။

          ဝမ်းသွားပြီးတဲ့အခါမှာလည်း ရှေ့ကနေနောက်ကိုသာ သုတ်ပေးပါ။ ဒါမှ မိန်းမကိုယ်ထဲ ပိုးတွေမဝင်နိုင်မှာပေါ့။

 

၅။     လစဉ်သုံးပစ္စည်းတွေကို ပုံမှန်လဲလှယ်ပေးပါ။

          ဒီပစ္စည်းတွေကို မလဲလှယ်ဘဲ တောက်လျှောက်သုံးမယ်ဆိုရင် အနံ့အသက်လည်း ဆိုးတဲ့အပြင် ပိုးတွေလည်း ပွားလာတတ်တယ်။

          လစဉ်သုံး ပစ္စည်းရွေးတဲ့အခါမှာလည်း အနံ့အသက်တွေ၊ အရောင်ဆိုးဆေးတွေမပါတဲ့ ပစ္စည်းမျိုးကို ရွေးချယ်သုံးစွဲပေးပါ။

 

၆။     အမျိုးသားနဲ့အတူနေပြီးချိန်မှာလည်း မိန်းမကိုယ်ကို ဆေးကြောပေးပါ။

          ခန္ဓာကိုယ်ထွက်တဲ့အရည်တွေ၊ ကွန်ဒုံးမှာပါတဲ့ပစ္စည်းတွေက ပိုးဝင်တာ၊ ယားယံတာ၊ အနံ့အသက်ဆိုးတာတွေကို ဖြစ်စေနိုင်ပါတယ်။

 

၇။     အာဟာရဓာတ်များတဲ့ အစားအသောက်တွေကို စားပေးပါ။

          ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအရွက်တွေနဲ့ ဆန်လုံးညိုလိုမျိုး မပြုပြင်ထားတဲ့ အစေ့အဆံတွေက ပိုးဝင်တာတွေကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်နော်။

 

Dr. Emreald (www.drmyanmar.com)