ရာသီလာချိန်အတွင်း ရှောင်ကျဉ်သင့်သော အစားအသောက်များ
အမျိုးသမီးတွေအနေနဲ့ ရာသီလာစဉ်အတွင်း နာကျင်ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်း၊ ပြည့်အင့်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို ခံစားရလေ့ရှိတတ်ပါတယ်။ ဒီလိုခံစားရခြင်းဟာ စားသုံးတဲ့အစားအစာတွေအပေါ်မှာလည်း များစွာမူတည်ပါတယ်။ ဒါကြောင့်ရာသီလာချိန်ကို ပေါ့ပေါ့ပါးပါးကျော်လွှားနိုင်ဖို့ ဒီအချိန်အတွင်း ရှောင်ရှားသင့်တဲ့ အစားအစာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
1. အသင့်စားအစားအသောက်များ
ပြန်ကြော်ဆီတွေနဲ့ ကြော်ထားတဲ့ အာလူးချောင်းကြော်၊ စည်သွတ်ဘူး စတဲ့အစားအစာတွေမှာ ဆားပါ၀င်မှုများတာကြောင့် ပြည့်အင့်ခြင်း၊ မအီမသာဖြစ်ခြင်းကို ခံစားရစေနိုင်ပါတယ်။ ယင်းအစားအစာတွေနေရာမှာ သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက်၊ ပဲမျိုးစုံ၊ ပေါင်မုန့်အကြမ်း(အညို)၊ ကြက်ဥ၊ အသား၊ ငါးတို့ကို အစားထိုးစားပေးသင့်ပါတယ်။
2. အဆီများအသား
အဆီအရမ်းများတဲ့အသားတွေမှာ ပြည့်၀ဆီမြင့်မားစွာပါ၀င်ပြီး ရောင်ရမ်းခြင်းနဲ့ နာကျင်ကိုက်ခဲခြင်းတို့ကို အားပေးပါတယ်။ ဒါ့ကြောင့် ရာသီလာစဉ်မှာ ဗိုက်အောင့်တာကို ပိုဆိုးစေပါတယ်။ ဒီတော့ ရာသီလာနေစဉ်အတွင်း အဆီနည်းအသားနဲ့ ငါးကိုသာရွေးချယ်စားသောက်သင့်ပါတယ်။
3. အန့ံအရသာထူးကဲလွန်းသော ပေါင်မုန့်များ
အန့ံအရသာထူးကဲတဲ့ ပေါင်မုန့်တွေမှာ Trans-fats အမြောက်အမြားပါ၀င်တဲ့အတွက် အီစထရိုဂျင်ဟော်မုန်းပမာဏကို မြင့်တက်စေပါတယ်။ ယင်းဟော်မုန်းမြင့်တက်ခြင်းကြောင့် သားအိမ်ကို နာကျင်စေပါတယ်။ ဒါကြောင့် အမျှင်ဓာတ်ကြွယ်၀စွာပါ၀င်တဲ့ ပေါင်မုန့်အကြမ်း(အညို)ကိုသာ ရွေးချယ် စားသုံးသင့်ပါတယ်။
4. အချိုဓာတ်များသော အစားအစာများ
ကိတ်မုန့်၊ ကွတ်ကီး၊ သကြားလုံးနဲ့ သကြားပါ၀င်မှုများတဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့မညီညွတ်စေနိုင်ပါဘူး။ ခန္ဓာကိုယ်သွယ်လျပြီး ကျန်းမာဖို့အတွက် ယင်းအချိုဓာတ်များတဲ့ အစားအစာတွေကို ရှောင်ကျဉ်သင့်ပါတယ်။ ဒါ့အပြင် ရာသီလာနေစဉ်အတွင်း အချိုများများစားခြင်းကြောင့် ဗိုက်အောင့်ခြင်းကို ပိုဆိုးစေကာ စိတ်ကိုညစ်ညူးစေနိုင်ပါတယ်။ အချိုစားချင်တယ်ဆိုရင် မက်မွန်သီး၊ ဖရဲသီး၊ သရက်သီးစတဲ့ အချိုဓာတ်များတဲ့ သစ်သီး၀လံတွေကို အစားထိုးစားသုံးသင့်ပါတယ်။
5. ရေခဲမုန့်၊ ဒိန်ခဲနှင့် မလိုင်
နို့ဖြင့်ပြုလုပ်ထားတဲ့ အစားအစာတွေဟာ အဆီများအသားတွေလိုမျိုး အာနိသင်ရှိတာကြောင့် ရာသီလာနေစဉ်အတွင်း စားသုံးခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။ ရေခဲမုန့်စားချင်စိတ်ပြင်းပြနေတယ် ဆိုရင်တော့ နို့ပါ၀င်မှုကင်းတဲ့ တစ်နည်းအားဖြင့် Dairy Free လို့ စာတန်းပါတဲ့ ရေခဲမုန့်ကိုသာ စားသုံးသင့်ပါတယ်။
6. ကဖင်းဓာတ်ပါတဲ့ ဖျော်ရည်များ
ကဖင်းဓာတ်ဟာ ဗိုက်အောင့်စေနိုင်ပြီး ရာသီလာချိန် မမှန်စေပါဘူး။ ဒါ့အပြင် စိတ်အားငယ်စေပြီး အိပ်စက်ချိန်ကို ကစဥ့်ကလျားဖြစ်စေပါတယ်။ ဒါကြောင့် ရာသီလာနေချိန် ကော်ဖီသောက်ခြင်း ကို ရှောင်ကျဉ်သင့်တဲ့အပြင် စွမ်းအားဖြည့်အချိုရည်တွေကိုလည်း မသောက်သင့်ပါဘူး။
7. အရက်
အရက်သောက်ခြင်းကြောင့် ဓမ္မတာမလာမီဖြစ်တဲ့ ရောဂါလက္ခဏာကို ပိုဆိုးစေနိုင်ပြီး စိတ်အားငယ်၊ စိတ်ဓာတ်ကျတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အရက်ဟာသွေးကျဲစေနိုင်တာကြောင့် ရာသီသွေးစီးဆင်းမှုကို ပိုများစေပြီး စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
CMS















