ရာသီလာစဉ်ကာလမှာ လေ့ကျင့်ခန်းလုပ်ခြင်း
လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျန်းမာတဲ့လူနေမှုဘဝအတွက် အရေးပါတယ်ဆို သိပြီးသားဖြစ်မှာပါ။ အထူးသဖြင့် အမျိုးသမီးတို့အတွက် ခန္ဓာကိုယ်တွင်း ဟော်မုန်းအပြောင်းအလဲဖြစ်နေချိန် (ဥပမာ - ရာသီလာချိန်) မှာဆိုရင် ဟော်မုန်းဓာတ်မျှတအောင် ထိန်းညှိပေးဖို့အတွက် လေ့ကျင့်ခန်းလုပ်ခြင်းဟာ ပိုပြီးအရေးပါနေပါတယ်။ ဒါပေမဲ့ အမျိုးသမီးအများစုဟာ ရာသီလာချိန်ဆိုရင် ခန္ဓာကိုယ် ကိုက်ခဲနာကျင်လို့ပဲဖြစ်ဖြစ်၊ စိတ်ကသိကအောင့် ဖြစ်လို့ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်ဖို့ကို ဝန်လေးတတ်ကြပါတယ်။ ဒီနေ့မှာတော့ အမျိုးသမီးတို့ ရာသီလာချိန်မှာ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေ၊ ရာသီလာချိန်မှာ လုပ်သင့်တဲ့လေ့ကျင့်ခန်းတွေ၊ မလုပ်သင့်တဲ့လေ့ကျင့်ခန်းတွေကို ပြောပြပေးသွားမှာပါ။
Dolfenal 1

>> ရာသီလာချိန်မှာ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးများ
အမျိုးသမီးအများစုဟာ ရာသီလာပြီဆို ဆီးစပ်ကိုက်၊ ခါးကိုက်ခါးနာ၊ ကြွက်သားများ နာကျင်ကိုက်ခဲတာကို ခံစားရတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် နာကျင်ကိုက်ခဲတာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်မှာ Endrophin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထွက်စေပါတယ်။ အဲ့ဒီဟော်မုန်းဟာ နာကျင်မှုတွေကို သက်သာစေရုံမက ရာသီလာချိန်မှာ ရံဖန်ရံခါ ခံစားရလေ့ရှိတဲ့ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းတွေကိုလည်း လျော့ကျစေပါတယ်။
>> ရာသီလာချိန်မှာ လုပ်သင့်သော လေ့ကျင့်ခန်းများ
ပေါ့ပေါ့ပါးပါးနဲ့ ခန္ဓာကိုယ်ကို မပင်ပန်းစေမယ့် လေ့ကျင့်ခန်းမျိုးပဲ လုပ်ပါ။ အကောင်းဆုံး လေ့ကျင့်ခန်းကတော့ လမ်းလျှောက်ခြင်းပါပဲ။
ယောဂလေ့ကျင့်ခန်းဟာ ကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် နာကျင်မှုတွေကို သက်သာစေပါတယ်။
ထိုက်ချိလို့ခေါ်တဲ့ လေ့ကျင့်ခန်းကတော့ စိတ်တည်ငြိမ်စေတဲ့အတွက် စိုးရိမ်ပူပန်မှုကို လျော့ကျစေပါတယ်။
ပုံမှန်လုပ်နေကျ လေ့ကျင့်ခန်းတွေကိုလည်း ဒီအချိန်မှာ လုပ်လို့ရပါတယ်။ ဒါပေမဲ့ ကိုယ်လုပ်နေကျထက်တော့ နည်းနည်းလျော့လုပ်ပေးသင့်ပါတယ်။
Dolfenal 2

>> ရာသီလာချိန်မှာ မလုပ်သင့်သော လေ့ကျင့်ခန်းများ
အပြင်းအထန် လေ့ကျင့်ခန်းလုပ်ခြင်း၊ အချိန်ကြာမြင့်စွာ လေ့ကျင့်ခန်းလုပ်ခြင်းတို့ကို အတတ်နိုင်ဆုံးရှောင်ပါ။ ပုံမှန်အချိန်မှာလုပ်တာ ကိစ္စမရှိပေမယ့် ရာသီလာချိန်မှာတော့ အဲ့ဒီလိုလုပ်တာဟာ ကြွက်သားရောင်ရမ်းတာတွေကို ဖြစ်စေနိုင်လို့ပါ။
ယောဂလုပ်တာကောင်းတယ်လို့ ပြောခဲ့ပေမယ့် Inversion pose မျိုးလုပ်တာကိုတော့ ရှောင်ပေးပါ။ Inversion pose ဆိုတာက မိမိရဲ့ဦးခေါင်းဟာ ကျန်တဲ့အစိတ်အပိုင်းတွေထက် နိမ့်နေတဲ့ pose မျိုးကို ပြောတာပါ။ လွယ်လွယ်ပြောရရင်တော့ ဇောက်ထိုးအနေအထား သဘောမျိုးပေါ့။ ဒီလိုအနေအထားဟာဆိုရင် ရာသီသွေးဆင်းနေတာကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ မျိုးပွားအင်္ဂါ အဖွဲ့အစည်းအတွက် အန္တရာယ်ရှိလာနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်နေရင်းနဲ့ အရမ်းပင်ပန်းလာရင်၊ နာကျင်ကိုက်ခဲတာတွေ ပိုဆိုးလာရင်တော့ လုပ်နေတာကို ချက်ချင်းရပ်လိုက်ပါ။ ဆက်လုပ်ရင် သက်သာသွားမှာပါဆိုပြီး ဆက်တိုက်လုပ်မနေပါနဲ့။ ဒီအချိန်မှာတော့ ခန္ဓာကိုယ်ကို အလိုလိုက်ပေးပါ။
လေ့ကျင့်ခန်းလုပ်ပြီးသွားတဲ့အခါမှာ အရေးကြီးဆုံးဖြစ်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ဖို့ကိုလည်း မမေ့ကြပါနဲ့။ နောက်တစ်ခု မှတ်ထားသင့်တာက ရာသီလာတာပြီးပေမယ့်လို့ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေ ဆွဲဆန့်သလိုဖြစ်တဲ့အတွက်ကြောင့် အတွင်းခံစွန်းရုံလောက် ရာသီသွေး ပြန်ဆင်းတတ်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။
ဒီလောက်ဆိုရင်တော့ ရာသီလာချိန်မှာ ဘာဖြစ်လို့ လေ့ကျင့်ခန်းလုပ်သင့်သလဲ၊ ဘယ်လို လေ့ကျင့်ခန်းမျိုး လုပ်သင့်သလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ ပျိုမေတို့အားလုံး ဓမ္မတာကာလကို သက်သောင့်သက်သာနဲ့ ဖြတ်သန်းနိုင်ကြပါစေ။
Dr. Aye Hsu Mon (www.drmyanmar.com)
















