လူ ပြုစားလေသလား ...?
" ဂျောင်း ... ဂျောင်း ... ဂျောင်း ... "
လူနာတွန်းလှည်းမှ အသံသည် တဂျောင်းဂျောင်း မြည်နေသည်။ လှမ်းကြည့်လိုက်တော့ သူမ မျှော်လင့်ထားသူ မဟုတ်၍ စိတ်ရှုပ်သွားသည်။ ခုံတန်းရှည်တွင် ထိုင်နေသော လူများကြားမှ ခရမ်းရောင်ဝမ်းဆက်နှင့် အရပ်ပုပြတ်ပြတ် မိန်းမပျိုသည် စိတ်ရှုပ်ဟန်နှင့် ခေါင်းကို ထိုးဖွနေသည်။ ခွဲစိတ်ပြီး လူနာကို စောင့်ကြည့်ပြီးမှ ဝဒ်ထဲသို့ ပြန်ပို့မည်ဟု သိထားသည်။ အချိန်မှာ နေ့လယ် ၁ နာရီခန့် ရှိပြီ။ မိုးသီတာသည် လက်ထဲက တစ်ရှူးကို တစစီဖြစ်အောင် ချေမွနေမိသည်။ အချေမွခံနေရသော တစ်ရှူးစလေးတွေက လက်ချောင်းကြားမှ လွင့်ကျနေလျက်။
တစ်နွေသစ်ပြီ ...
အေးမနှင့် မိုးသီတာတို့တောင် အပြိုင်းအရိုင်း အပျိုမတွေအဖြစ် ကြီးလာကြပြီ။ အေးမက ဆတ်ဆတ်ကြဲစွာတေး။ မလှပေမယ့် ကြည့်ကောင်းတဲ့အထဲ ပါသည်။ မိုးသီတာကတော့ အေးတိအေးစက် မပွင့်တပွင့်။ အေးမက ဆံပင်ရှည်များက ကျောလယ်တွင် ဝဲပျံနေသည်။ ရေမွှေးနံ့ တသင်းသင်းနှင့် သနပ်ခါး အဖွေးသား ဘိုသီဘတ်သီ တွေ့ရခဲသည်။ ဘုရား တရားလည်း မြဲသည်။ မနက် မိုးလင်း မိုးချုပ် ပဋ္ဌာန်းရွတ်သံ တသွင်သွင် ကြားရတတ်သည်။
ဒီလို ပြည့်စုံလှပ ကျန်းမာသော အမျိုးသမီးတစ်ယောက်ရဲ့ ဗိုက်ထဲက ဆံပင်ချည် အထွေးလိုက် ထွက်သတဲ့။ သွားတွေ ပါ,ပါသတဲ့။ မိုးသီတာတစ်ယောက် တွေးကြည့်ရုံနဲ့ ကျောစိမ့်သွားသည်။
အေးမ တစ်ယောက် ဗိုက်တင်းပြီး သရိုးသရီ ခံစားရတော့ သူငယ်ချင်းပီပီ စိတ်အလွန်ပူသည်။ ဗိုက်ထဲတွင် အလုံး တည်သည်တဲ့။ သားဥအိ်မ်မှာတဲ့။
ဆေးရုံတက်၊ ဗိုက်ခွဲပြီး အန္တရာယ်ကျော်နိုင်ပေမယ့် ဝမ်းဗိုက်ထဲက ထွက်လာတာက ဆံပင်နှင့် သွားများ၊ အသားများပါသော အလုံးကြီး။ မိုးသီတာ ... ပျို့ချင်လာသည်။ ဒီအလုံး ဘယ်ကရောက်လာပါလိမ့် ...။
မိုးသီတာ တစ်ယောက် ဓာတ်ပုံဆိုင်က ဖိုးတာနှင့် လူငယ်ချင်း ကြည့်နေတာကြာပြီ။ ဆိုင်လုပ်သား တောက်တိုမယ်ရ လုပ်တဲ့ကောင်နဲ့ သူငယ်ချင်း နုနုထွတ်ထွတ်ကို သဘောမတူလို့ ဇွတ်ခွဲနေတာ အေးမ။ အေးမက ငယ်သူငယ်ချင်းပီပီ မိဘထက်တောင် မိုးသီတာကို ကွပ်ညှပ်သူ။ ဖိုးတာကို ဆိုင်ထဲတွင် မရှောင် ပက်ပက်စက်စက် ဖဲ့သည်။ အပေါက်ဆိုး၊ ပါးစပ်ကြမ်းသည့်အပြင် အနားမှမခွာသည့် တောက်တဲ့လို သူငယ်ချင်းကြောင့် ဖိုးတာ အလွန်စိတ်ဓာတ်ကျခဲ့ရသည်။ မိုးသီတာကိုယ်တိုင်လည်း စိတ်မကောင်း။
ဖိုးတာများ အမြင်ကပ်ပုဒ်မနှင့် အေးမကို ပယောဂတွေ၊ ဆေးတွေနဲ့ တစ်ခုခု လုပ်လေသလား။ မိုးသီတာ တစ်ယောက် တွေးရင်း တွေးရင်း ဖိုးတာကို တစ်စတစ်စ ပိုစိတ်တိုလာသည်။ ဖိုးတာအမေက စိတ်ရင်း ကောင်းသလောက် အသံကျယ်ကျယ်လောင်လောင် ဟောင်ဖွာဟောင်ဖွာ ပြောတတ်တာတော့ သဘောမကျချင်။ မိခင်ကို သဘောမကျသော်ငြား ဖိုးတာကိုတော့ စာရိတ္တမဆိုးဟု ထင်မိခဲ့တာ မှားလေခြင်း။
အန်တီမိကြီးများလား ... ဟုတ်သည်၊ မဟုတ်သည် မဆိုနိုင် ... သူ့ကို ကြည့်ရတာ မူမမှန်ဟု ထင်တော့ ထင်မိသား။ ဆွေမျိုးမကင်းသော်လည်း အေးမကို မကြည်တဲ့အထဲ သူလည်း ပါသည်။ တစ်ချိန်လုံး မဲ့ရွဲ့ပြီး အေးမအတင်း လည်တုတ်တာ သူ ထိပ်ဆုံးက။ ပယောဂတွေ၊ အပုပ်တွေ၊ အောက်လမ်းတွေ ဆိုတာ လူကို မုန်းမိရင် မလုပ်ဖူး မပြောနိုင်။ ယုံရအခက် မယုံရအခက် ...။ အေးမကလည်း စိတ်ရင်းကောင်းပြီး ကူညီတတ်သလောက် သူ မှန်သည်ထင်တိုင်း လူကြီး၊ လူငယ်မရွေး အားမနာတတ်။ သြော် ... အေးမ ... အေးမ ...
*****************************************************************
" ဒါးမွိုက်အကျိတ်ခေါ်တယ် ညီမရဲ့။ မွေးကတည်းက ငယ်ငယ်ကတည်းက သူ့အလိုလို ခန္ဓာကိုယ် တစ်နေရာရာမှာ ပါလာတတ်တယ်။ ကြီးထွားတာ သိပ်နှေးတယ်။ တဖြည်းဖြည်းနဲ့ ကြီးလာမှ သိလာတတ်တာမျိုး ... အန္တရာယ် မရှိပါဘူး။ ခွဲထုတ်လိုက်ရင် ကောင်းသွားတတ်ပါတယ် ..." ဆရာမလေးက ရယ်ရယ်မောမော ပြောပြနေသည်။
" မသိဘူးလေ ... ဗိုက်ထဲမှာ နေရင်းထိုင်ရင်း ထထွက်လာတော့ ... လန့်တာပေါ့ ..."
" ဗိုက်ထဲတင် မဟုတ်ဘူး၊ ညီမရဲ့ ... ခေါင်းထဲ၊ ဦးနှောက်ထဲ နှာခေါင်းတွင်း၊ ကျောရိုး အာရုံကြောတွေမှာလည်း ဖြစ်တတ်တယ်။ အေးမ ဖြစ်တာက သားဥအိမ်ထဲမှာ ... ခွဲထုတ်လိုက်ရင် ကောင်းသွားတာပါပဲ။ မွေးကတည်းက ပါလာတဲ့ germ cell ခေါ်တဲ့ မူမမှန်ဆဲလ်တွေကနေ တဖြည်းဖြည်း ကြီးထွားလာပြီး ဆံပင်တွေ၊ အရိုးတွေ၊ သွားတွေအထိ ဖြစ်လာတာ ... အကျိတ်က ကြီးထွားနှုန်း အရမ်းနှေးတော့ အသက်ကြီးလာမှ သိသာလာတတ်တာပါ။ သိလာတဲ့တစ်နေ့ ခွဲထုတ်လိုက်ရုံပေါ့ "
မိုးသီတာတစ်ယောက် ဆရာမလေး ပြောစကားတွေ နားထောင်ရင်း တဖြည်းဖြည်း စိတ်သက်သာလာသလိုပါပဲ။ ဖိုးတာကိုရော၊ အန်တီမာ့ကိုရော အလိုလို အားနာလာမိတာရော တစ်ကြောင်းပေါ့။ အေးမကို အကျိုးအကြောင်း မခွဲစိတ်ခင် အကုန်ရှင်းပြပြီး ဖြစ်မှာပါ။ သူမသာ ပြန်ပြောရဦးမယ်။ တကယ်တော့ အတွေးပေါင်းစုံနဲ့ စိတ်ပူနေမိနေခြင်းပင်။ စိတ်ရှည်လက်ရှည် ရှင်းပြပေးတဲ့ ဆရာမလေးကို အခါခါ ကျေးဇူးတင်မိရင်း ...
မာလာခင် (စိန်ပန်း) (www.drmyanmar.com)
















