သားဆက်မခြားရင် အရိုးပွလွယ်သတဲ့ ...
သားဆက်ခြားခြင်းဟာ မိသားစုအတွက်ရော မိခင်အတွက်ရော ငွေရေးကြေးရေး လူမှုရေးရာတွေအတွက် အဆင်အပြေဆုံး လုပ်ကိုလုပ်သင့်တဲ့ကိစ္စရပ် ဖြစ်ပါတယ်။
သားဆက်မခြားလည်း ဘာဖြစ်လဲလို့ မေးမယ့်မေမေတွေ ရှိနေနိုင်တာမို့ သုတေသန အဖြေလေးတစ်ခုအပေါ် မူတည်လို့ ဘာဖြစ်လဲ ဖြေကြည့်ကြမယ်။
● သားဆက်မခြားတဲ့ မေမေတွေ အသက်ကြီးလာရင် အရိုးမြန်မြန်ပွသတဲ့။
အမျိုးသမီးတွေ သွေးဆုံးသွားတဲ့အခါ အသက်ရတာတဲ့အခါ တစ်နည်းနည်းနဲ့ အရိုးတွေ ပွလာပါတယ်။ အရိုးကျိုးလွယ် ပြန်ကောင်းဖို့ မလွယ်ဘဲ အလွယ်တကူ ချိနဲ့အိုမင်းသွားစေတဲ့ အရိုးပွတာဟာ ရှောင်လွှဲမရဘဲ အင်မတန် ကြောက်စရာပါ။
မြန်မြန်အရိုးပွအောင် တွန်းပေးနေတဲ့ အကြောင်းအရာထဲမှာ သားဆက်မခြားတာ ပါနေပါသတဲ့။
1 နှစ်လောက်ပဲခြားပြီး ကလေးထပ်မွေးတဲ့ မေမေတွေရဲ့ အရိုးသိပ်သည်းဆကို စစ်ကြည့်တဲ့အခါ တခြားမိခင်တွေထက် လေးဆခန့် ပိုမိုအရိုးပွနေတာကို တွေ့ရှိရပါတယ်။
2 နှစ်ကနေ 5 နှစ်အတွင်း ခြားပြီးမှ ကလေးတွေ မွေးခဲ့ကြတဲ့ မိခင်တွေကျတော့ အရိုးကျန်းမာရေး ကောင်းနေတာ တွေ့ရပြန်ပါတယ်။
ကလေးတစ်ယောက်နဲ့ တစ်ယောက် သိပ်ကပ်ပြီး မွေးမယ်ဆိုရင် မြန်မြန်အိုလာစေမှာ မုချပါပဲလို့။
ကလေးမွေးတယ်ဆိုတာ စိတ်အားကိုယ်အား ဖိစီးတဲ့အပြင် ကလေး လွယ်ထားရတာကြောင့် ခန္ဓာကိုယ်ရဲ့ အရိုးအဆစ်တွေကို၊ အရွတ်တွေကို ဒဏ်အကြာကြီး ပိစေမယ်ဆိုတာ သေချာသလောက်ပါပဲ။ ဒီတော့ ဒီလိုဒဏ်တွေကို ဆယ်လ၊ တစ်နှစ်လောက်ပဲခြားပြီး ထပ်ခံခိုင်းမယ် ဆိုရင်တော့ ခန္ဓာကိုယ်အတွက် ဘယ်လိုမှ မမျှတပါဘူး။
မမျှတတော့ ခံနိုင်ရည် မရှိတော့တာကြောင့် အချိန်မတန်ခင် အရိုး မြန်မြန်ပွလာတာနဲ့ တုံ့ပြန်လိုက်ပါတယ်။ အရိုးပွတာဟာ အမျိုးသမီးတွေအတွက် ဒုက္ခများတဲ့ရောဂါတစ်ခုပါ။ အရိုး မတော်တဆ ကျိုးနိုင်သလို အချိန်မရွေး ရောင်တာ၊ ကိုက်တာတွေနဲ့လည်း စိတ်ညစ်စေမယ့်ရောဂါပါ။
ဒါကြောင့် အမေရိကန်နိုင်ငံ ကော်နီကပ် ယေးလ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ သုတေသန အဖြေလေးကို ဗဟုသုတ မှတ်သားပြီး 2 နှစ်ကနေ 5 နှစ်ထိ သားဆက်ခြားပြီးမှ နောက်ကလေးယူခြင်းဖြင့် အရိုးပွမယ့် အန္တရာယ်ကနေ ဝေးဝေးနေကြရအောင်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















