သားအိမ်ခေါင်းကင်ဆာ ရှိ၊ မရှိ ပုံမှန်စစ်ဆေးကြမယ်
ကမ်ဘာတစ်ဝှမ်းမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နှုန်းတွေက မြင့်တက်လာပါတယ်။ အများအားဖြင့်တော့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်တာများပြီးတော့ HIV ရောဂါ, ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ သနေ္ဓတားဆေးနဲ့ သားအိမ်ထဲပစ္စည်းထည့်တာ ကြာရှည်သုံးခြင်း၊ ကိုယ်ဝန်ဆောင်ကြိမ်ရေ များခြင်း၊ မိသားစုထဲမှာ သားအိမ်ခေါင်းကင်ဆာရှိခြင်း စတဲ့ အချက်တွေကြောင့်လည်း ဖြစ်နိုင်ချေကို များစေပါတယ်။
သတင်းကောင်းကတော့ သားအိမ်ခေါင်းကင်ဆာရဲ့ 93% လောက်ကို ပုံမှန်စစ်ဆေးမှုခံယူခြင်းနဲ့ ကာကွယ်ဆေး ထိုးထားခြင်းတွေ လုပ်ပြီးတော့ ကာကွယ်လို့ရပါတယ်။ ပုံမှန်ဆေးစစ်တာက သားအိမ်ခေါင်းကင်ဆာမှ မဟုတ်ဘဲ တခြားကင်ဆာ အတော်များများကို ကာကွယ်နိုင်တဲ့သော့ချက်ပါ။ သားအိမ်ခေါင်းကင်ဆာကို စောစောသိမယ်ဆိုရင် ကုသလို့ရပါတယ်။
♦ Pap test (သားအိမ်ခေါင်းထဲက အချွဲယူပြီး စစ်ဆေးခြင်း)
Pap test ဆိုတာကတော့ ရိုးရှင်းတဲ့စစ်ဆေးမှုဖြစ်ပြီးတော့ မိန်းမကိုယ်ကို စစ်ဆေးနေစဉ်မှာ လုပ်လို့ရပါတယ်။ ဒီစစ်ဆေးမှုလုပ်ဖို့အတွက် ဆရာဝန်က မွေးလမ်းကြောင်းထဲကို ဘဲနှုတ်သီးလို ကိရိယာလေးကို ထည့်ပြီးတော့ သားအိမ်ခေါင်းကို မြင်သာအောင် ကြည့်ပါလိမ့်မယ်။ ပြီးရင် အထူးတုတ်တံလေးကို သုံးပြီးတော့ သားအိမ်ခေါင်းက ဆဲလ်အနည်းငယ်ကို ယူပြီးတော့ ဓာတ်ခွဲခန်းမှာ စစ်ကြည့်ရပါတယ်။ နာကျင်မှုမရှိဘဲ လွယ်ကူတဲ့ စစ်ဆေးမှု ဖြစ်ပါတယ်။
Pap test က သားအိမ်ခေါင်းမှာ ကင်ဆာဖြစ်နိုင်တဲ့ဆဲလ်တွေ ရှိ၊ မရှိ စစ်နိုင်တဲ့အတွက် စောစောသိရင် စောစောကုလို့ ရပါတယ်။ ဒါကြောင့် ပုံမှန်စစ်ကြည့်ဖို့တော့ လိုပါတယ်။
>> ဘယ်လောက်တစ်ကြိမ် စစ်ဖို့လိုလဲ?
အသက်အရွယ်၊ ကျန်းမာရေးရာဇဝင်တွေပေါ် မူတည်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် စစ်ရမယ့်အကြိမ်ရေ မတူပါဘူး။
● အသက် 21 မှ 29 နှစ်အတွင်းဆိုလျှင် - သုံးနှစ်တစ်ကြိမ်
● အသက် 30 မှ 65 နှစ်အတွင်းမှာတော့ - HPV test နဲ့တွဲပြီး ၅ နှစ်တစ်ကြိမ် (သို့) pap test တစ်မျိုးတည်း ၃ နှစ်တစ်ကြိမ် စစ်သင့်ပါတယ်။
♦ ဘယ်လောက်တစ်ကြိမ် စစ်ရမယ်ဆိုတာကို ဆရာဝန်နှင့် ဆွေးနွေးပါ။
♦ ချွင်းချက်တွေလည်း ရှိပါတယ်။
♦ တချို့အမျိုးသမီးတွေက ဒီထက်ပိုပြီး စစ်ပေးဖို့ လိုပါတယ်။
>> အောက်ပါ ကျန်းမာရေးအခြေအနေတွေရှိရင် အကြိမ်ရေ ပိုပြီးစစ်ပေးဖို့ လိုပါတယ်။
● ကိုယ်ခံအားနည်းရင် - ဓာတ်ကင်တာ၊ ကိုယ်အင်္ဂါ အစားထိုးထားတာ၊ စတီးရွိုက်ဆေးတွေ သုံးတာ စတဲ့ တစ်ခုခုကြောင့် ကိုယ်ခံအားနည်းနေရင်
● ပုံမမှန်တဲ့ သားအိမ်ခေါင်းဆဲလ်တွေ (သို့) သားအိမ်ခေါင်းကင်ဆာကို ကုသမှုခံယူဖူးရင်
● HIV ပိုးရှိရင်
● ကိုယ့်မိခင် ကိုယ်ဝန်ဆောင်စဉ်က diethylstilbestrol လို့ခေါ်တဲ့ဟော်မုန်းတွေနဲ့ ထိတွေ့မှုရှိရင်
သားအိမ် ထုတ်ထားပြီးတော့ ကင်ဆာဆဲလ်တွေ မကျန်တော့ဘူးဆိုရင်တော့ ပုံမှန်စစ်စရာမလိုသလို အသက် ၆၅ နှစ်ကျော်ပြီးတော့ အရင်က ကင်ဆာဖြစ်ဖူးတာ၊ ပုံမှန်မဟုတ်တဲ့ သားအိမ်ခေါင်းဆဲလ်တွေ ရှိဖူးတာမျိုးမရှိရင်၊ pap test ၃ ကြိမ်ဆက်တိုက် negative ဖြစ်တာ၊ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ cervical cancer နဲ့ HPV နှစ်မျိုးတွဲပြီး စစ်တာ ၂ ကြိမ်စလုံး ကင်ဆာမရှိဘူးဆိုရင် မစစ်ဘဲ ရပ်လိုက်လို့ရပါတယ်။
သားအိမ်ခေါင်းကင်ဆာ စစ်ဆေးတာနဲ့ ပတ်သက်ပြီးတော့ ဆရာဝန်က အသေးစိတ် ညွှန်ကြားပါလိမ့်မယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















