သားအိမ်ခြစ်ခြင်းရဲ့ ဆိုးကျိုးများ
သားအိမ်ခြစ်ရာက သေဆုံးသွားတဲ့ အမျိုးသမီးအကြောင်းကို တော်တော်များများ ကြားလိုက်ကြမယ် ထင်ပါတယ်။
သားအိမ်ခြစ်တာ သေစေနိုင်သလား လို့သိချင်နေသူတွေအတွက် သားအိမ်ခြစ်ရာမှာ ဖြစ်နိုင်တဲ့ ဆိုးကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။
သားပျက်သားလျောပြီးနောက် နှင့် ရောဂါရှာဖွေရန် လိုအပ်တဲ့အခါ သားအိမ်ခြစ်ရတတ်ပါတယ်။ လိုအပ်တဲ့အတွက် လုပ်ရတာ ဖြစ်ပေမယ့် အခြားကုသမှုများလိုပဲ သားအိမ်ခြစ်ရာမှာ ဖြစ်တတ်တဲ့ ဆိုးကျိုးလေးတွေတော့ ရှိပါတယ်။
● သွေးဆင်းခြင်း : သွေးတွေ အများကြီး ဆင်းတာမျိုးကတော့ ရှားပါတယ်။ ဒါပေမဲ့ သားအိမ်နံရံကို ခြစ်ရင်းနဲ့ ထိခိုက်မိရင် ရတတ်တယ်။ သားအိမ်ခြစ်ရင်းနဲ့ ပုန်းနေတဲ့ သားအိမ်အသားလုံးကို ဖြတ်မိရင်လည်း ဆင်းတတ်ပါတယ်။
● ပိုးဝင်ခြင်း : သားအိမ်ထဲ ပြင်ပကပစ္စည်း ထည့်ရင်တော့ ပိုးဝင်နိုင်ခြေ အနည်းနဲ့အများ ရှိနိုင်တာပါပဲ။ ဒါပေမဲ့ ပိုးသတ်ဆေး ပေးလိုက်ရင် သက်သာသွားပါတယ်။
● သားအိမ်ပေါက်ခြင်း : တော်တော်ရှားပေမယ့် သားအိမ်ခြစ်ချိန်မှာ သားအိမ် ပိုးဝင်နေသူတွေ၊ သက်ကြီးပိုင်း သွေးဆုံးပြီးသူတွေ၊ သားပျက်သားလျောဖြစ်လို့ သားအိမ်ခြစ်ရသူတွေမှာ တွေ့ရတတ်တယ်။ သားအိမ် ပေါက်တယ်လို့ထင်ရင် ဆေးရုံတက်ပြီး စောင့်ကြည့်ဖို့ လိုပါတယ်။
● သားအိမ်အမာရွတ်ဖြစ်ခြင်း : တော်တော်ရှားပါးတဲ့ ဆိုးကျိုးပါ။ သားအိမ်ခြစ်တာ ကြမ်းလို့ပဲဖြစ်ဖြစ်၊ သားအိမ်ခြစ်တာကို ပုံမမှန် တုန့်ပြန်မှုဖြစ်လို့ပဲဖြစ်ဖြစ် သားအိမ်အမာရွတ် ဖြစ်သွားတာပါ။ သားအိမ်တစ်ခုလုံးမှာ ဖြစ်သွားခဲ့ရင် ဓမ္မတာရပ်သွားတာ၊ ကလေး မရနိုင်တော့တာမျိုး ဖြစ်သွားနိုင်ပါတယ်။
● ရောဂါကို မတွေ့ခြင်း : သားအိမ်ခြစ်တာဟာ သားအိမ် အတွင်းသားတစ်ခုလုံးကို ကုန်အောင် မခြစ်နိုင်တာမို့ ရောဂါကို လွတ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သားအိမ်မခြစ်ခင် သားအိမ်မှန်ပြောင်းကြည့်ပြီးမှ လုပ်တာများတယ်။
ဘယ်ကုသမှုမျိုးမဆို ၁၀၀% အန္တရာယ်မကင်းပါဘူး။ သေသေချာချာ ဂရုစိုက်ခြင်းဖြင့် ဖော်ပြပါ ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















