သားအိမ်မှာ အသားလုံးရှိရင် စိုးရိမ်ရပါသလား?
မေး - မကြာသေးခင်ကစပြီး ရာသီလာတာ အရမ်းများပါတယ်။ ဆရာဝန်ကတော့ သားအိမ်မှာ အသားလုံး ရှိတယ်လို့ ပြောပါတယ်။ ဒါက ဘာလဲ၊ ကင်ဆာလား၊ ခွဲစိတ်ပြီး ဖယ်ရှားဖို့ လိုပါသလား။
ဖြေ - သားအိမ်အသားလုံးက အဖြစ်များပါတယ်။ အသက် 35 နှစ်နဲ့အထက် အမျိုးသမီး အယောက် 100 ကို မိန်းမကိုယ် စစ်ဆေးခြင်း (သို့) အာထရာဆောင်း ရိုက်ကြည့်ပါက 40 လောက်မှာ အသားလုံး ရှိတာကို တွေ့ရပါတယ်။
သားအိမ်အသားလုံးဆိုတာ ကြောက်စရာကင်ဆာ မဟုတ်ပါဘူး။ ဒီအသားလုံးတွေက သားအိမ်နံရံ အတွင်းထဲ၊ သားအိမ်နံရံ အပေါ် (သို့) သားအိမ်အခေါင်းအတွင်းထဲကို တွဲကျနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ပထမအမျိုးအစား 2 ခုက သားအိမ်ကို ကြီးပြီး ပုံသဏ္ဌာန်မမှန် ဖြစ်လာစေပါတယ်။ တတိယတစ်မျိုးကတော့ ရာသီလာတာ များခြင်း၊ ရာသီလာတဲ့ရက် ရှည်ခြင်းတွေ ဖြစ်စေပါတယ်။
သားအိမ်အသားလုံးကနေပြီး ကင်ဆာပြောင်းသွားနိုင်ခြေက လုံးဝမရှိပါဘူး။ ဟော်မုန်းထုတ်လုပ်မှုက ဒီအသားလုံးတွေရဲ့ ကြီးထွားမှုကို လှုံ့ဆော်ပါတယ်။ အသက် 35 ကျော်လာတဲ့အခါမှာ သားအိမ်အသားလုံးကို ကြီးထွားစေတဲ့ အခြေအနေအမျိုးမျိုးကို ကြုံတွေ့လာရပါတယ်။ သားအိမ်နံရံက ကြွက်သားတွေက အီစရိုဂျင်ဆိုတဲ့ဟော်မုန်းကို တုံ့ပြန်မှု များပါတယ်။ အသက်ကြီးလာတဲ့အခါမှာ သားဥအိမ်တွေက ပရိုဂျက်စတုန်းဟော်မုန်း နည်းနည်းပဲ ထုတ်ပြီး အီစရိုဂျင်ထုတ်တာ များတဲ့အတွက် အသားလုံးကို ကြီးထွားစေပါတယ်။
တချို့အမျိုးသမီးတွေမှာ ဒီအခြေအနေဖြစ်ဖို့အတွက် မျိုးရိုးဗီဇ ရှိပါတယ်။ ဆွေမျိုးအရင်းထဲက အမျိုးသမီးတွေမှာ အသားလုံးဖြစ်ဖူးရင် (သို့) အာဖရိကန်-အမေရိကန် ဖြစ်တယ်ဆိုရင် အသက်ငယ်ငယ်နဲ့တောင် သားအိမ်အသားလုံး ဖြစ်နို်င်ခြေ များပါတယ်။
ယေဘုယျအားဖြင့်တော့ သားအိမ်အသားလုံးတွေက ဆေးကုသမှုခံယူဖို့ မလိုပါဘူး။ ဒါပေမဲ့ အောက်ပါအခြေအနေတွေမှာတော့ ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။
● ရာသီလာတာ အရမ်းများ၊ ရက်ကြာပြီး သွေးအားနည်းလာခြင်း
● သားအိမ်ကိုက်ခြင်း (သို့) ဖိထားသလို ခံစားရခြင်း
● အသားလုံးက လျင်မြန်စွာ ကြီးလာခြင်း (သို့) အလွန်အမင်း ကြီးထွားလာခြင်း (ကိုယ်ဝန် 4 လနှင့်အထက် အရွယ်လောက် ဖြစ်နေခြင်း)
>> အဓိက ကုထုံးတွေကတော့ -
● ရာသီလာ များတာကို သနေ္ဓတားဆေးနဲ့ ကုသနိုင်ပါတယ်။ တားဆေးသောက်နေချိန်မှာ ရာသီသွေးဆင်း နည်းစေပြီး ဆေးထဲမှာ ပါဝင်တဲ့ အီထရိုဂျင်နဲ့ ပရိုဂျက်စတုန်းရဲ့ ညီမျှတဲ့ပမာဏက အသားလုံး ထပ်ပြီးမကြီးအောင် ကာကွယ်ပေးပါတယ်။ သနေ္ဓတားနည်းတစ်မျိုးဖြစ်တဲ့ သားအိမ်ထဲကို ထည့်တဲ့ပစ္စည်းကလည်း ပရိုဂျက်စရိုဂျင်ထွက်တာ နှေးသွားစေပြီး သွေးစီးဆင်းမှုကို လျော့နည်းသွားစေပါတယ်။
● Luprolide ဆိုတဲ့ ဟော်မုန်းထိုးဆေး လတိုင်းထိုးပြီး ကုနည်းလည်း ရှိပါတယ်။ Luprone က သားဥအိမ်က ဟော်မုန်းထွက်တာကို ရပ်သွားစေပြီး ရာသီလာတာကို ခေတ္တရပ်သွားစေနိုင်ပါတယ်။ ဒါက လစဉ်သွေးဆင်းခြင်းကို ရပ်စေတဲ့အတွက် 3-6 လလောက် ကြာတဲ့အခါမှာ အသားလုံးက ကျုံ့ပြီး နဂိုအရွယ်ရဲ့ တစ်ဝက်လောက်အထိ သေးသွားပါတယ်။ ဒါပေမဲ့လည်း Luprone က သွေးဆုံးခြင်းရဲ့ လက္ခဏာတွေကို သိသာစွာ ဖြစ်စေနိုင်တဲ့အတွက် 6 လထက် ကျော်ပြီးသုံးရင် အရိုးပမာဏ ဆုံးရှုံးခြင်းတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ဒီကုထုံးကို အသားလုံး သေးသွားစေဖို့နဲ့ သွေးဆင်း ရပ်သွားစေဖို့အတွက် ခဏပဲသုံးပြီး သွေးပမာဏ ပုံမှန်ပြန်ဖြစ်ပြီဆိုရင် အလုံးကို ခွဲစိတ်ပြီး ဖယ်ရှားလိုက်တာက စိတ်ချရပါတယ်။
● ကုထုံးအသစ်တစ်မျိုးဖြစ်တဲ့ ခွဲစိတ်မှုလုပ်ဖို့ မလိုတဲ့ embolization လို့ခေါ်တဲ့ သွေးကြောတွေကို သွေးခဲစေပြီး ပိတ်စေတဲ့နည်းတစ်ခုကလည်း အချို့သောအသားလုံးတွေကြောင့် နာကျင်မှုတွေကို သက်သာစေပြီး သွေးထွက်နည်းစေပါတယ်။ ပေါင်အထက်ပိုင်းမှာရှိတဲ့ သွေးကြောတစ်ခုထဲကို ပြွန်ထည့်ပြီး အဲဒီကမှတစ်ဆင့် အသားလုံးကို သွေးထောက်ပံ့နေတဲ့ သွေးကြောထဲကို ရောက်စေကာ လုပ်ထားတဲ့ သွေးခဲသေးသေးတွေးတွေကို ထိုးထည့်ပြီး သွေးကြော ပိတ်စေပါတယ်။ သွေးမရတော့တဲ့အခါမှာ အသားလုံးတွေက ပုပ်ပြီး ကြွေသွားပါတယ်။ 60% လောက် ကျုံ့ဝင်သွားပါတယ်။ ဒီကုထုံးက ရက်အနည်းငယ်ကြာအောင် (သို့) ရက်သတ္တပတ် အတော်ကြာအောင် ပြင်းထန်စွာ ကိုက်ခဲခြင်းကို ခံစားရစေနိုင်ပါတယ်။ ဒီကုထုံးက သားအိမ်ကို သွေးစီးဆင်းမှု နည်းသွားစေပြီး သနေ္ဓသားအတွက် လုံလောက်တဲ့ သွေးထောက်ပံ့မှု မရနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိရင်တော့ ဒီနည်းလမ်း မသုံးသင့်ပါဘူး။
● မှန်ပြောင်းဖြင့် ခွဲစိတ်ကုသမှု - သားအိမ်အခေါင်းတွင်းထဲကို ကြီးလာတဲ့ အသားလုံးနဲ့ သွေးထွက်ခြင်းအတွက် အကျိုးသက်ရောက်မှု ရှိပါတယ်။ သားအိမ်ခေါင်းမှတစ်ဆင့် မှန်ပြောင်းထည့်ပြီး အသားလုံးကို လှီးဖြတ်ပြီး ဖယ်ရှားခြင်း ဖြစ်ပါတယ်။ တခြားနည်းလမ်းတွေဖြစ်တဲ့ အေးခဲခြင်း၊ အပူပေးခြင်း၊ လေဆာ စတာတွေနဲ့လည်း အသားလုံးကို ဖျက်ဆီးနိုင်ပါတယ်။
● ခွဲစိတ်ကုသခြင်း - ဗိုက်ကနေခွဲပြီး အသားလုံးထုတ်ခြင်း ဖြစ်ပါတယ်။ ဗိုက်ကနေ မှန်ပြောင်းနဲ့ကြည့်ပြီးလည်း ထုတ်လို့ရပါတယ်။ အသားလုံးကြီးကြီးတွေနဲ့ အသားလုံးတွေ အများကြီးရှိတယ် ဆိုရင်တော့ ဗိုက်ခွဲပြီးထုတ်ဖို့ လိုအပ်ပါတယ်။ ဒီခွဲစိတ်မှုက အသားလုံးကို ထုတ်ပြီးတဲ့အခါမှာ ကျန်တဲ့ ပုံမမှန်တဲ့အရာတွေကိုကြည့်ပြီး ပြုပြင်နိုင်သလို သားအိမ်ကိုလည်း ပြန်ပြင်ခဲ့နိုင်ပါတယ်။
● သားအိမ်ထုတ်ရတဲ့ အဓိကအကြောင်းအရင်းထဲမှာလည်း သားအိမ်အသားလုံးဖြစ်ခြင်း ပါ,ပါတယ်။ ဒါပေမဲ့ သားအိမ်ထုတ်တာက အသားလုံး အရမ်းကြီးတဲ့သူတွေ (သို့) ခဏခဏ အသားလုံး ပြန်ဖြစ်တဲ့သူတွေနဲ့ ကလေးယူဖို့ အစီအစဉ် မရှိတော့တဲ့သူတွေမှာပဲ ထုတ်တာ များပါတယ်။
● အသားလုံးတွေအတွက် ကုထုံးအသစ်တွေကိုလည်း စမ်းသပ်ရှာဖွေနေကြပါသေးတယ်။
သားအိမ်အသားလုံးတွေက အဖြစ်များတဲ့ ပြဿနာတစ်မျိုးဖြစ်ပြီး ယေဘုယျအားဖြင့် ဆေးကုသမှုခံယူဖို့ မလိုပေမယ့် ဒီအသားလံုံးတွေက ပြဿနာ ပေးလာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုထုံးတွေကို ရွေးချယ်လို့ ရပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















