/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားအိမ်အသားလုံးတွေရဲ့အန္တရာယ်

သားအိမ်အသားလုံးတွေရဲ့အန္တရာယ်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

သားအိမ်အသားလုံးတွေကို ကြွက်သားနဲ့မာကျောတဲ့တစ်သျှူးတွေ ပေါင်းစပ်ပြီးဖွဲ့စည်းထားပါတယ်။ ဒီအလုံးတွေဟာ သားအိမ်ထဲနဲ့ သားအိမ်ပတ်လည်မှာ ဖြစ်လေ့ရှိတဲ့ ကင်ဆာမဟုတ်တဲ့အလုံးတွေပဲ ဖြစ်ပါတယ်။ အရွယ်အစားကတော့ အမျိုးမျိုးရှိနိုင်ပြီး တစ်ခါတစ်ရံ သားအိမ်အသားပိုအလုံးလို့ ခေါ်လေ့ရှိပါတယ်။
အမျိုးသမီးအများစုမှာတော့ ဘာလက္ခဏာမှ ပြလေ့မရှိတာကြောင့် အသားပိုအလုံး ရှိလို့ရှိနေမှန်းတောင် သတိမထားမိတတ်ကြပါဘူး။ အောက်ပါလက္ခဏာတွေထဲကသုံးခုမှတစ်ခုလောက်တော့  အသားလုံးရှိတဲ့အခါ အမျိုးသမီးတွေမှာခံစားရတတ်ပါတယ်။
●  ရာသီလာစဉ် ပမာဏများခြင်း၊ နာကျင်ခြင်း
●  ဗိုက်အောင့်ခြင်း
●  နောက်ကျောနာခြင်း
●  မကြာခဏဆီးသွားရခြင်း
●  ဝမ်းချုပ်ခြင်း
●  အတူနေစဉ် နာကျင်ခြင်း၊ သက်သောင့်သက်သာမဖြစ်ခြင်းတွေကို ခံစားရတတ်ပါတယ်။
ရှားရှားပါးပါး အချို့သောသူတွေမှာ အသားပိုအလုံးက ကိုယ်ဝန်ရနိုင်ခြေကို သက်ရောက်မှုရှိလာပြီး မျိုးမအောင်တာတွေ ဖြစ်တတ်ပါတယ်။

Dolfenal 1

>>  ဆရာဝန်နဲ့ ပြသခြင်း
သားအိမ်အသားပိုအလုံးတွေက များသောအားဖြင့် လက္ခဏာမပြတတ်တာကြောင့် ပုံမှန်စမ်းသပ်စစ်ဆေးမှုပြုလုပ်ရင်း တစ်ခါတစ်ရံမှာသာ တွေ့ရတတ်ပါတယ်။ တကယ်လို့ ခုနကပြောခဲ့တဲ့ လက္ခဏာတွေ ဆက်တိုက်ခံစားနေရရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆရာဝန်က အသားပိုလို့ ထင်ရင်တော့ အာထရာဆောင်းရိုက်ဖို့ ညွှန်ပေးမှာ ဖြစ်ပါတယ်။

>>  သားအိမ်အသားပိုအလုံးတွေ ဘာကြောင့်ဖြစ်ရလဲ?
အသားပိုဖြစ်ရတဲ့အကြောင်းကိုတော့ အတိအကျမသိကြပေမယ့် အီစထရိုဂျင်ဟော်မုန်းနဲ့ ဆက်စပ်တယ်လို့ သိကြပါတယ်။ အီစထရိုဂျင်ဟော်မုန်းဟာ မိန်းမဟော်မုန်းဖြစ်ပြီးတော့ မိန်းမမျိုးပွားအင်္ဂါဖြစ်တဲ့ သားဥအိမ်ကနေ ထုတ်ပေးပါတယ်။ အသားပိုတွေဟာ အီစထရိုဂျင်ဟော်မုန်းပမာဏ အမြင့်ဆုံးဖြစ်တဲ့ အသက် ၁၆ နှစ်ကနေ နှစ် ၅၀ အတွင်းမှာ အဖြစ်များပါတယ်။ အီစထရိုဂျင်ပမာဏလျော့သွားတဲ့ သွေးဆုံးတဲ့အချိန်မှာတော့ အသားပိုတွေက သေးပြီး ကျုံ့သွားတတ်ပါတယ်။

>>  ဘယ်သူတွေက အသားပိုအဖြစ်များသလဲ?
အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်နှုန်းက ဘယ်အသက်အရွယ် အပိုင်းအခြားမှာမဆို သားအိမ်အသားပိုအလုံးတွေ ဖြစ်တတ်ပါတယ်။ အသားပိုတွေက အာဖရိကအမျိုးသမီးတွေမှာပိုပြီး အဖြစ်များတယ်လို့လည်း တွေ့ရပါတယ်။ ပြီးတော့ အဝလွန်တဲ့အမျိုးသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ အဝလွန်ခြင်းဟာ ကိုယ်ထဲက အီစထရိုဂျင်ပမာဏကို ပိုမြင့်တက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ ကလေးများများမွေးထားရင်တော့ အသားပိုဖြစ်နှုန်းက လျော့ကျသွားပြီးတော့ ကလေးပိုမွေးလေ ဖြစ်နိုင်နှုန်းနည်းလေပါပဲ။

Dolfenal 2

>>  အသားပိုအလုံးအမျိုးအစားများ
အသားပိုအလုံးတွေက သားအိမ်ရဲ့နေရာတိုင်းမှာ ဖြစ်နိုင်ပြီးတော့ အရွယ်အစားအမျိုးမျိုး ရှိပါတယ်။ အချို့က ပဲစေ့လောက်သာရှိပြီး အချို့ကတော့ ဖရဲသီးလောက် ရှိနိုင်ပါတယ်။
အဓိကအမျိုးအစားတွေကတော့ -
●  သားအိမ်နံရံအတွင်းမှာဖြစ်တဲ့ အသားပို - သားအိမ်နံရံအတွင်းမှာဖြစ်ပြီး အတွေ့အမြင်အများဆုံး ဖြစ်ပါတယ်။
●  သားအိမ်နံရံအပြင်ဘက်မှာဖြစ်တဲ့ အသားပို - ဒီအသားပိုအလုံးအမျိုးအစားကတော့ သားအိမ်နံရံ အပြင်ဘက်ကတစ်ဆင့် တင်ပဆုံခွေထဲမှာ ကြီးထွားတတ်ပါတယ်။ အရွယ်အစားကလည်း အကြီးကြီး ဖြစ်နေနိုင်ပါတယ်။
●  သားအိမ်ကြွက်သားလွှာ ကြားထဲမှာဖြစ်တဲ့ အသားပို - သားအိမ်အတွင်းဘက်နံရံရဲ့ အောက်ဘက်ကြွက်သား အလွှာထဲမှာဖြစ်ပြီးတော့ သားအိမ်ထဲမှာ ကြီးထွားနိုင်ပါတယ်။
အချို့သော သားအိမ်နံရံအပြင်ဘက်နဲ့ ကြွက်သားလွှာတွေထဲမှာဖြစ်တဲ့ အသားပိုအလုံးတွေဟာ သေးငယ်တဲ့ တစ်သျှူးနဲ့ သားအိမ်ကို တွယ်ကပ်နေတတ်ပါတယ်။ ဒီလိုအသားပိုအလုံးတွေကိုတော့ အညှာပါတဲ့ အသားပိုအလုံးလို့ ခေါ်ကြပါတယ်။

>>  အသားပိုအလုံးများကို ကုသခြင်း
လက္ခဏာမပြရင်တော့ အသားပိုအလုံးတွေကို ကုသဖို့ မလိုအပ်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ အထူးသဖြင့် သွေးဆုံးချိန်တွေမှာ အသားပိုအလုံးတွေက သေးငယ်ကျုံ့သွားပြီး ပျောက်ကွယ်သွားတတ်ပါတယ်။
အကယ်၍ အသားပိုအလုံးကြောင့်ဖြစ်တဲ့ လက္ခဏာတွေ ခံစားနေရရင်တော့ ဒီလက္ခဏာတွေကို အရင်ဆုံး သက်သာအောင် လုပ်သင့်ပါတယ်။
အသားပိုအလုံးတွေကို ကျုံ့သွားစေတဲ့ဆေးတွေလည်း အများကြီးရှိပါတယ်။ ဆေးနဲ့မသက်သာခဲ့ရင်တော့ ခွဲစိတ်ပြီး ဖြတ်တောက်ရတာမျိုး လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ လက္ခဏာတွေ စတင်ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးကုသသင့်တယ်လို့ပဲ ပြောကြားချင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)