သားဥအိမ်မှာ အရည်အိတ် ရှိနေသလား?
သားဥအိမ်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွားမှုအတွက် အထူးပင် အရေးပါအရာရောက်တဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေတော့လည်း သားဥအိမ်ကြောင့် စိတ်ညစ်ရတဲ့အချိန်တွေ ရှိလာနိုင်ပါတယ်။
သားဥအိမ်ဟာ လတိုင်း သားဥကလေးကို အရည်အိတ်လေးထဲ ပေါက်ထွက်ချိန်တန်သည့်တိုင်အောင် ထွေးပွေ့ပေးထားပါတယ်။ သားဥလေး ပေါက်ထွက်ပြီး (သားဥကြွေပြီး) တဲ့ နောက်မှာ သားဥအိမ်ဟာ သနေ္ဓသားလေးကို စောင့်မျှော်ရင်း progesterone ဟော်မုန်းထုတ်ပေးတဲ့ အရည်အိတ်ကလေးအဖြစ် ပြောင်းလဲလိုက်ပါတယ်။ အများစုမှာ ကိုယ်ဝန်မဖြစ်တည်တဲ့အတွက် သားဥအိမ် အရည်အိတ်ကလေး ပျော်ဝင်သွားပြီး ရာသီသွေးပေါ်လာကာ ဓမ္မတာစက်ဝန်း တစ်ပတ် ပြန်လည်ပြန်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ အရည်အိတ်ကလေးဟာ ပျော်ဝင်ပျောက်ကွယ်သင့်ပါရက်နဲ့ မပျောက်သွားဘဲ ဆက်တည်ရှိနေတဲ့အခါ သားဥအိမ် အရည်အိတ်ဆိုတာ ဖြစ်လာပါတော့တယ်။ အများစုမှာတော့ ဒီအရည်အိတ်ဟာ ဘာပြဿနာမှ မပေးတတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ နာကျင်တတ်တာမျိုး ဖြစ်နိုင်ပါတယ်။
>> သားဥအိမ် အရည်အိတ် ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ?
အများဆုံး လာတတ်တဲ့ လက္ခဏာကတော့ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးအောက်ပိုင်း တင်းနေခြင်း၊ အမျိုးသားနဲ့ အတူနေစဉ် နာကျင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေမှာ ပိုဆိုးတတ်ပြီး သားဥကြွေချိန်တိုင်းမှာ ခံစားရတတ်ပါတယ်။ အများစုကတော့ အလုံး တဖြည်းဖြည်း ပိုကြီးလာချိန်မှသာ လက္ခဏာ ပေါ်လာတတ်ပါတယ်။ အကယ်၍ လက္ခဏာတွေဟာ တောက်လျှောက်ဖြစ်လာပြီး ပြငး်ထန်လာခဲ့ရင် ဆရာဝန်က အာထရာစောင်း ထောက်ကြည့်ပါလိမ့်မယ်။ အာထရာစောင်းဟာ အရည်အိတ်ကို ဖော်ထုတ်ရာမှာ အကောင်းဆုံးစစ်ဆေးမှုတစ်ခုပဲ ဖြစ်ပါတယ်။
>> သားဥအိမ် အရည်အိတ် အမျိုးအစားများ
အချို့အရည်အိတ်တွေဟာ အရည်ကြည်တွေနဲ့သာ ပြည့်နေတဲ့အတွက် လပိုင်းမှာတင် သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ အကယ်၍ ပိုပိုပြီး ကြီးလာခဲ့ရင်၊ အရမ်းနာလာခဲ့ရင် ခွဲစိတ်ထုတ်ဖု့ိ လိုအပ်လာပါလိမ့်မယ်။ အသေးစား ခွဲစိတ်မှုလေးသာဖြစ်ပြီး ဆေးရုံတက်စရာတောင် မလိုတတ်ပါဘူး။ ရံဖန်ရံခါ အရည်အိတ် ပေါက်ထွက်သွားတတ်ပြီး အရမ်းနာတတ်တာကြောင့် အူအတက်ရောင်တာနဲ့ မှားယွင်း ထင်မှတ်တတ်ကြပါတယ်။ ဒါပေမဲ့ အရည်အိတ်ပေါက်ထွက်တဲ့ နာကျင်မှုဝေဒနာဟာ တစ်ရက်တောင် မကြာတတ်တဲ့အပြင် အကိုက်အခဲပျောက်ဆေးတွေနဲ့လည်း လွယ်လင့်တကူ ကုသပျောက်ကင်းနိုင်ပါတယ်။
တစ်ခါတလေ သားဥကြွေချိန်မှာ သားဥဟာ သွေးကြောလေးတွေကို တွန်းတိုက်ထွက်သွားတဲ့အခါ အရည်အိတ်ထဲ သွေးတွေ ပြည့်လာတတ်ပါတယ်။ ဒါကို သားဥအိမ်သွေးအိတ် (haemorrhagic corpus luteum) လို့ ခေါ်တွင်ပါတယ်။ နာမည်အတိုင်းပဲ ဒီအိတ်အမျိုးအစားကတော့ နည်းနည်းကြောက်ရပါတယ်။ အချိန်တန်ရင် သူ့အလိုလို ပျောက်သွားတတ်တဲ့ အိတ်တွေရှိသလို တချို့ကတော့ ပေါက်ထွက်သွားပြီး ကိုယ်တွင်း သွေးထွက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ရင်ပြည့်ရင်ကယ်ဖြစ်ပြီး ဗိုက်အောက်ပိုင်း နာကျင်လာတတ်တဲ့အပြင် သွေးထွက်နေတဲ့ အရည်အိတ်တွေက ပခုံးနာလာစေပြီး မူးဝေလာစေတတ်ပါတယ်။
သားဥအိမ် အသားလုံးတွေကိုတော့ အခြားနည်းလမ်းတွေနဲ့ ကုသဖို့ လိုအပ်ပါတယ်။ သွေးမဆုံးမီ အမျိုးသမီးတွေမှာ ဒီအသားလုံးတွေဟာ ကင်ဆာမဟုတ်တဲ့ ရိုးရိုးအသားလုံးတွေသာ ဖြစ်တတ်ပေမယ့် သူ့အလိုလို မပျောက်သွားတတ်တဲ့အတွက် ခွဲစိတ်ကုသဖို့ လိုနိုင်ပါတယ်။
တစ်ခါတလေ အရည်အိတ်ထဲမှာ ဆံပင်၊ သွား၊ အရေပြားနဲ့ အဆိုးဆုံး ဦးနှောက်တွေတောင် ပါနေတတ်ပါတယ်။ ဒီအိတ်တွေကို dermoids or teratomas လို့ ခေါ်တွင်ပါတယ်။ ဖြစ်လာရတဲ့ အကြောင်းရင်းကတော့ သားဥအိမ်မှာ ကိုယ်ခန္ဓာရဲ့ အင်္ဂါအစိတ်အပိုင်းတိုင်းရဲ့ ပင်မဆဲလ်တွေ ရှိနေတတ်ပြီး သားဥမဖြစ်ဘဲ ဒီဆဲလ်တွေ ပွားလာတာကြောင့် ဖြစ်ပါတယ်။ ကင်ဆာ မပြောင်းတတ်ပေမယ့် ခွဲစိတ်ထုတ်ဖို့တော့ လိုနိုင်ပါတယ်။
သွေးဆုံးပြီးသူတွေမှာ သားဥအိမ်ဟာ အလုပ်မလုပ်တော့တာကြောင့် ဒီလိုအရည်အိတ်တွေ မဖြစ်လာသင့်တော့ပေမယ့် ဖြစ်လာခ့ဲရင်လည်း ကင်ဆာ ပြောင်းနိုင်တဲ့အတွက် ပိုပြီးပြင်းပြင်းထန်ထန် ကုသဖို့ လိုအပ်နိုင်ပါတယ်။
>> ဒီအရည်အိတ်တွေက သားဥအိမ်ကို ပျက်စီးစေနိုင်သလား?
ကံကောင်းတာကတော့ အရည်အိတ်တွေကြောင့် သားဥအိမ် ပျက်စီးသွားတာမျိုး ရှားပါတယ်။ ရိုးရိုးအရည်အိတ်လေးဟာ မျိုးပွားစွမ်းရည်ကို ထိခိုက်ခြင်း မရှိပေမယ့် အရည်အိတ် အရမ်းများသူတွေမှာ ခွဲစိတ်ဖယ်ရှားစဉ် သွေးကြောတွေကို ထိခိုက်မိပြီး သားဥအိမ် အလုပ်ကောင်းကောင်း မလုပ်နိုင်တော့တာမျိုး ရှိလာနိုင်ပါတယ်။ ရံဖန်ရံခါမှာလည်း အရည်အိတ် အရမ်းကြီးလွန်းတာကြောင့် သားဥအိမ်ပါ ဖြတ်တောက်ပစ်ဖို့ လိုအပ်လာနိုင်ပါတယ်။
အရမ်းကြီးလွန်းတဲ့ အရည်အိတ်တွေမှာ ကြောက်ရတဲ့ ပြဿနာတစ်ခုကတော့ သားဥအိမ် လိမ်သွားခြင်းပဲ ဖြစ်ပါတယ်။ ဒီလို လိမ်သွားချိန်မှာ သွေးကြောတွေပါ လိမ်သွားတာကြောင့် အရမ်းကြာလာတဲ့အခါ သွေးလည်ပတ်မှု ပြတ်တောက်ပြီး တဖြည်းဖြည်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒီလိုလိမ်သွားတဲ့အခါ ရုတ်တရက်ကြီး နာလာတတ်ပြီး တစ်ခါတစ်ရံ အရမ်းနာတဲ့အတွက် ပျို့အန်တာမျိုးတောင် ရှိနိုင်ပါတယ်။ ဒီအခြေအနေမှာ ခွဲစိတ်ပြီး သားဥအိမ်ကို နဂိုပုံစံ ပြန်လည်ကာ အရည်အိတ်ကို ထုတ်ပစ်လိုက်ရပါမယ်။ တစ်ခါတလေ သွေးပြတ်တောက်မှုကြောင့် သားဥအိမ် ပုပ်သွားတဲ့အခါ သားဥအိမ်ကိုပါ ဖြတ်ထုတ်ပစ်ရတတ်ပါတယ်။
ဒါကြောင့် တောက်လျှောက်ကို ရင်ပြည့်ရင်ကယ် ဖြစ်နေတာ၊ ဗိုက်အောင့်တာ၊ ဗိုက်အောက်ပိုင်း တင်းနေတာ၊ အမျိုးသားနဲ့ အတူနေချိန် နာကျင်တာမျိုတွေ ဖြစ်လာခဲ့ရင် ဆရာဝန်၊ ဆရာမတွေနဲ့ ပြသဖို့ လိုအပ်ပါတယ်။ ဒါမှသာ အရည်အိတ် ရှိ၊ မရှိကို ရှာဖွေနိုင်ပြီး လိုအပ်တဲ့ကုသမှုတွေကို တိုင်ပင်ဆွေးနွေး ကုသနိုင်မှာ ဖြစ်ပါတယ်။
Dr. Emerald (www.drmyanmar.com)
















