သွေးဆုံးကိုင်ချင်နေတာလား
သွေးဆုံးကိုင်တယ်၊ သွေးဆုံးကိုင်တယ် မကြာခဏ ကြားဖူးကြမှာပေါ့။
အထူးသဖြင့် အသက် 45 နှစ်နှင့် 55 နှစ်အရွယ် အန်တီတို့စကားဝိုင်းမှာ အပြောများတဲ့ အကြောင်းအရာတစ်ခုလည်း ဖြစ်ပါတယ်။ အသက် 45 နှစ်ကနေ အသက် 55 နှစ်ကြား အမျိုးသမီးတစ်ယောက်ဟာ ရာသီမလာတာ တစ်နှစ်ကျော်ပြီဆို သွေးဆုံးပြီလို့ ပြောလို့ရပါတယ်။
အသက်ကြီးလာတာနဲ့အမျှ သွေးဆုံးချိန်ကို မလွဲမသွေ တွေ့ကြုံရမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေ စိတ်ကသိကအောက် အဖြစ်ရဆုံးအချိန်ဆိုလည်း မမှားပါဘူး။ အဓိကအားဖြင့် သွေးဆုံးချိန်တွင် မမျိုးဥအိမ်မှထုတ်တဲ့ ဟော်မုန်းနည်းပါးလာတာကြောင့် အလိုလို စိတ်တိုခြင်း၊ ရင်တုန်ခြင်း၊ မိန်းမကိုယ် ခြောက်သွေ့ခြင်း၊ ချွေးထွက်၍ ပူနွေးခြင်း (ကိုယ်အပူပြန်ခြင်း - hot flash) တို့ကို ခံစားရလေ့ရှိပါတယ်။
Menopace 1
ကိုယ်အပူပြန်ခြင်းဟာ ရုတ်တရက် ဖြစ်လေ့ရှိပြီး ခေါင်း၊ လည်ပင်း၊ ရင်ဘတ်များ ရုတ်တရက် နီရဲလာအပြီး ချွေးထွက်လွန်ခြင်း၊ ရင်တုန်ခြင်း၊ ညဘက်များ နိုးနေခြင်းတို့နှင့် တွဲတတ်ပါတယ်။ 2 မိနစ်ကနေ 4 မိနစ်ထိ ကြာတတ်ပြီး နောက်ပိုင်းမှာ ချမ်းတုန်ခြင်းနှင့် စိတ်ပူပန်ခြင်းတို့ကို ခံစားရတတ်ပါတယ်။ အမျိုးသမီး တစ်ယောက်နဲ့တစ်ယောက် မတူညီပါဘူး။ တချို့က ပူလိုက်၊ အေးလိုက်ဖြစ်ခြင်းကို တစ်နေ့လုံးမှာ တစ်ကြိမ်လောက် ဖြစ်ပေမယ့် အချို့အမျိုးသမီးတွေကတော့ နေ့ရောညပါ ခံစားရလေ့ ရှိပါတယ်။ နေရခက်စေပြီး သက်သောင့်သက်သာ မရှိတာကြောင့် အိပ်ရေးပျက်တတ်ပါတယ်။
သွေးဆုံးတဲ့ အမျိုးသမီးတွေမှာ အတွေ့ရအများဆုံး လက္ခဏာတစ်ခုဖြစ်ပြီး အီစတိုဂျင်ပမာဏ လျော့နည်းလာတာနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ မ ဟော်မုန်း လျော့နည်းလာတာနဲ့အမျှ ခန္ဓာကိုယ်က အပူချိန်ကို မျှတပြီး ပုံမှန်ဖြစ်အောင် ထိန်းမထားနိုင်တာကြောင့်လို့ ဆိုပါတယ်။
ကိုယ်အပူပြန်ခြင်းကြောင့် ချွေးထွက်၊ တစ်ဖန် ချွေးထွက်ခြင်းကြောင့် ကျလာတဲ့ ကိုယ်တွင်းအပူချိန်ကို ချမ်းတုန်ခြင်းနဲ့ ပြန်တက်စေတာ ဖြစ်ပါတယ်။
Menopace 2
ပျမ်းမျှခြင်းအားဖြင့် အမျိုးသမီးတွေဟာ ကိုယ်အပူပြန်ခြင်းကို 7 နှစ်လောက် ခံစားရလေ့ရှိပြီး 7 နှစ်ထက်လည်း ပိုကြာနိုင်ပါတယ်။ သတိပြုရမယ့်အချက်ကတော့ စိတ်ထားတတ်ဖို့ပါပဲ။ သွေးဆုံးချိန်ကို ရှောင်ရှားဖို့ဆို မဖြစ်နိုင်ပါဘူး။ သွေးဆုံးကိုင်တာနဲ့ ပတ်သက်တဲ့ အကောင်းမြင်စိတ်ကို မွေးမြူပါ။ အကောင်းမြင်ခြင်းက နုပျိုခြင်းကိုလည်း ဖြစ်စေတာကြောင့် သွေးဆုံးချိန်မှာတောင် အရွယ်တင်နေစေမှာပါ။
အိမ်တွင်းကုထုံးလေးတွေကိုလည်း မေ့ထားလို့ မရပါဘူး။ အဝတ်ပါးပါး၊ ပွပွချောင်ချောင် ဝတ်ပါ။ အိပ်ခန်းကို အေးမြအောင် ထားပါ။ အပူအစပ် လျှော့စားပါ။ စိတ်ဖိစီးမှုကို လျှော့ချနိုင်အောင် ကြိုးစားပြီး သွေးဆုံးချိန်ကို ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။
Dr. Htet Htet Aung (www.drmyanmar.com)
















