/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဟော်မုန်းအပြောင်းအလဲများနှင့်-ခေါင်းကိုက်ခြင်း

ဟော်မုန်းအပြောင်းအလဲများနှင့် ခေါင်းကိုက်ခြင်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

စိတ်ဖိစီးမှု၊ အသက်အရွယ်ကြောင့် စသဖြင့် ခေါင်းကိုက်စေသော အကြောင်းရင်းများစွာ ရှိပါတယ်။ သို့ရာတွင် အမျိုးသမီးတွေမှာတော့ ဟော်မုန်းအပြောင်းအလဲများနှင့် ခေါင်းကိုက်ခြင်းဟာ ဆက်စပ်နေကြောင်း တွေ့ရှိရပါတယ်။
အမျိုးသမီးများရဲ့ ရာသီစက်ဝန်းကို အဓိကလည်ပတ်စေတဲ့ အီစတိုဂျင်နှင့် ပရိုဂျက်စတုန်းဟိုမုန်းတွေဟာ ဦးနှောက်အတွင်းရှိ ခေါင်းကိုက်စေသော chemical တွေအပေါ် သက်ရောက်မှုရှိနေတာ တွေ့ရပါတယ်။

Dolfenal 1

>>  ရာသီလာစဉ် ဘာလို့ခေါင်းကိုက်လဲ?
●  ရာသီလာခါနီးမှာ အီစတိုဂျင်ဟိုမုန်းများ လျော့ကျခြင်းကြောင့် ရာသီမလာခင်နှင့် လာစဉ်မှာ ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာကို ခံစားရလေ့ရှိတတ်ပါတယ်။
ဒီဝေဒနာကို သက်သာစေဖို့အတွက် အောက်ပါနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။
(၁)  နားထင်နှင့်လည်ပင်းနေရာများကို ရေခဲကပ်ခြင်း
(၂)  ယောဂကဲ့သို့ အကြောလျှော့လေ့ကျင့်ခန်းများ လုပ်ခြင်း
(၃)  အကိုက်အခဲပျောက်ဆေးသောက်ခြင်း
(၄)  အိပ်ရေး၀၀အိပ်စက်ခြင်း
(၅)  စိတ်ဖိစီးမှုများလျှော့ချခြင်း

Dolfenal 2

>>  ဟိုမုန်းများကြောင့် ခေါင်းကိုက်ခြင်းကို ဘယ်လိုကာကွယ်နိုင်မလဲ?
စိတ်ဖိစီးမှုလျှော့ချခြင်း၊ အစားကို နပ်မှန်အောင်စားခြင်း၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ လိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးဝါးများ မှီဝဲခြင်းတို့ကို ပြုလုပ်ရပါမယ်။
●  သန္ဓေတားဆေးများ အသုံးပြုခြင်း
အချို့သောအမျိုးသမီးများအတွက် ဟိုမုန်းပါဝင်သော သန္ဓေတားဆေးတွေဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေတာ တွေ့ရပါတယ်။ သို့သော် အချို့အမျိုးသမီးတွေကတော့ ဒီသန္ဓေတားဆေးတွေ သောက်တော့မှ ခေါင်းကိုက်တာလည်း ရှိတဲ့အတွက် ဆရာဝန်နှင့်တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

●  ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း
ကိုယ်ဝန်အစောပိုင်းကာလမှာ အီစတိုဂျင်ပမာဏ တစ်ဟုန်ထိုးတက်လာပြီး ကိုယ်ဝန်ဆောင်ချိန် တစ်လျှောက်လုံးမှာ မြင့်မားလျက် ရှိနေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ သက်သာသလို ပျောက်သွားတာတောင် ရှိတတ်ပါတယ်။
ကလေးမွေးပြီးချိန်မှာတော့ အီစတိုဂျင်ပမာဏ ပြန်ကျသွားတာတစ်ကြောင်း၊ စိတ်ဖိစီးမှုများနှင့် အိပ်ရေးပျက်ခြင်းကြောင့်တစ်ကြောင်း ခေါင်းတစ်ခြမ်းကိုက်ခြင်း ပြန်လည်ဖြစ်ပေါ်တတ်ပါတယ်။

●  သွေးဆုံးချိန် ခေါင်းကိုက်ခြင်း
ဟိုမုန်းကြောင့် ခေါင်းကိုက်လေ့ရှိသော အမျိုးသမီးများဟာ သွေးဆုံးခါနီးအချိန်မှာ မကြာခဏ ပြင်းထန်စွာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားရလေ့ရှိပါတယ်။ သွေးဆုံးပြီးချိန်ထိ ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်ပေါ်နေသေးတယ်ဆိုရင်တော့ ဟိုမုန်းအစားထိုးကုထုံးနှင့် အခြားသောကုသခြင်းတွေကို ခံယူဖို့ လိုအပ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)