/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အပျိုဖော်ဝင်ချိန်စောလေလေ-စိတ်ကျရောဂါဖြစ်နိုင်ခြေ-မြင့်လေလေ

အပျိုဖော်ဝင်ချိန်စောလေလေ စိတ်ကျရောဂါဖြစ်နိုင်ခြေ မြင့်လေလေ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        Bristol နှင့် Cambridge တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များက အပျိုဖော် စ၀င်ချိန်နှင့် စိတ်ကျရောဂါ ဆက်စပ်မှုကို သုတေသနပြုလုပ်ခဲ့ပါတယ်။ အသက် 10 နှစ်ခွဲမှ 14 နှစ်အထိ မိန်းကလေး 2,184 ယောက်ကို နှစ်ကာလကြာရှည်စွာ စောင့်ကြည့်လေ့လာခဲ့ရာမှာ အပျိုဖော်၀င်ချိန် စောလေလေ စိတ်ကျရောဂါဖြစ်နိုင်ခြေ မြင့်လေလေဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

          အသက် 11 နှစ်ခွဲမတိုင်မီ ရာသီသွေးစပေါ်တဲ့ ဆယ်ကျော်သက်လေးတွေဟာ စိတ်အား ငယ်တတ်ခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်းတို့ကို အသက် 13 နှစ်-14 နှစ် အရွယ်မှ အပျိုဖော်၀င်တဲ့ မိန်းကလေးတွေထက် ပိုမိုကြုံတွေ့ကြရပါတယ်။

 

          ဒါဟာ ငယ်လွန်းတဲ့အချိန်မှာ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း ဇီ၀ဖြစ်စဉ်တွေ၊ စိတ်ခံစားမှုတွေ၊ လူမှုဆက်ဆံရေးတွေမှာ ပြောင်းလဲမှုတွေကြုံရတာကို စိတ်ပိုင်းဆိုင်ရာအရ ခံနိုင်ရည်စွမ်း နည်းနေသေးလို့ဖြစ်ကြောင်း ဒီသုတေသနရဲ့ ခေါင်းဆောင် Dr.Joinson က ပြောပါတယ်။ သူမကပဲ ဆက်လက်ပြီး “ ဒီလို 11 နှစ်မတိုင်မီ အပျိုဖော်၀င်ခဲ့ရင် အသက် 14-16 နှစ်အရွယ်မှာ စိတ်ကျရောဂါ လက္ခဏာတွေကို ခံစားရတာ တွေ့ရပါတယ်။ ဒါဟာ မိဘနဲ့ သဟဇာတ မဖြစ်တာ၊ ရည်စားထားဖို့ စိတ်၀င်စားနေတာ၊ ဟော်မုန်းတွေမငြိမ်တာနဲ့ ခန္ဓာကိုယ် အချိုးအဆစ်တွေ ပြောင်းလဲလာ တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အခု သုတေသနတွေ့ရှိချက်ကြောင့် မိဘတွေ အနေနဲ့ ကိုယ့်သမီးဟာ အပျိုဖော်၀င်ချိန်များစောခဲ့ရင် ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်” လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)