/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အဖြူဆင်းခြင်း

အဖြူဆင်းခြင်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          အမျိုးသမီးများတွင် အဖြူဆင်းခြင်းဟာ ပုံမှန်ပဲဖြစ်ပြီး ရာသီစက်ဝန်းနဲ့လိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။

          သားဥ မကြွေမီမှာ သားဥ ကြွေပြီးချိန်ထက် အဆ 30 ခန့် ပိုပြီးအချွဲထွက်တာတွေ များတတ်ပါတယ်။ ဒီအချိန်မှာထွက်တဲ့ အဖြူဟာ ပိုပြီးအရည်ကျဲတတ်ပြီး ချွဲနေတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးသုံးပစ္စည်း အပါးလေးခံဖို့ လိုအပ်တတ်ပါတယ်။

          အကယ်၍ အဖြူဆင်းတာဟာ အဝါရောင်၊ အစိမ်းရောင် ဖြစ်လာမယ်၊ ဝါဝါကပ်စေးစေး ဖြစ်လာမယ်၊ အနံ့ဆိုးဆိုးတွေ ထွက်လာတယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်။ ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါတယ်။

 

>>    အဖြူဆင်းခြင်းအမျိုးမျိုး

●      အဖြူရောင်

          ရာသီစက်ဝန်း အစနဲ့ အဆုံးတု့ိမှာ အဝါရောင် အချွဲပျစ်ပျစ်တွေ ဆင်းတတ်ပေမယ့် ဒါဟာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ပုံမှန်ဆင်းတဲ့အဖြူဟာ ယားလေ့မရှိတာကြောင့် ယားယံမှုနဲ့ တွဲနေပါက မှိုပိုးဝင်နေတာ ဖြစ်နိုင်ပါတယ်။

 

●      ကြည်ကြည်ချွဲချွဲ

          သားဥကြွေနေချိန်မှာ ဆင်းတတ်တဲ့ပုံစံပဲ ဖြစ်ပါတယ်။

 

●      ကြည်ကြည်ကျဲကျဲ

          ရာသီစက်ဝန်းရဲ့အချိန် အမျိုးမျိုးမှာ ဖြစ်နိုင်ပြီး လေ့ကျင့်ခန်း ပြုလုပ်ပြီးချိန်မှာ ပိုဆိုးတတ်ပါတယ်။

 

●      အဝါရောင် သို့မဟုတ် အစိမ်းရောင်

          အထူးသဖြင့် ပျစ်ပျစ်ခဲခဲကြီးတွေ၊ အနံ့ဆိုးဆိုးတွေ ဆင်းနေပါက ပိုးဝင်နေတာ ဖြစ်နိုင်ပါတယ်။

 

●      အညိုရောင်

          ရာသီသွေး ပြီးဆုံးချိန်မှာ ဆင်းတတ်ပြီး မိန်းမကိုယ်ထဲက လက်ကျန်သွေးအဟောင်းတွေ ဆင်းနေတာ ဖြစ်ပါတယ်။

 

●      သွေးစစ/အညိုရောင် ဆင်းခြင်း

          သားဥကြွေနေချိန် သို့မဟုတ် ရာသီစက်ဝန်းတစ်ဝက်မှာ ဆင်းတတ်ပြီး တစ်ခါတစ်ရံ ကိုယ်ဝန်ဆောင် အစပိုင်းမှာ ရာသီ ပုံမှန်လာချိန် သွေးစစ/အညိုရောင် ဆင်းတာတွေ ရှိတတ်ပါတယ်။

          ရာသီလာချိန်မှာ ပုံမှန်အတိုင်း မလာဘဲ သွေးစစပဲ ဆေးနေပြီး အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိခဲ့ရင် ကိုယ်ဝန် စစ်ဆေးသင့်ပါတယ်။

 

>>    ပုံမှန် အဖြူဆင်းတာလား?

          အောက်မှာ ဘာက ပုံမှန်ဖြစ်ပြီး ဘာကဆရာဝန်နဲ့ ပြသသင့်သလဲဆိုတာကို ညွှန်ပြထားပါတယ်။

          ဒီမေးခွန်းတွေကို ဖြေဆိုရာမှာလည်း လိုအပ်တဲ့အခါမှာ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်တာကို သတိပြုရပါမယ်။ ဒီအချက်တွေထဲမှာလည်း အဖြေကို တကယ်ပေးနိုင်မယ့် မေးခွန်းတွေ မပါတာမျိုးလည်း ရှိနိုင်ပါတယ်။

          ဥပမာ -

●        အသက်ဘယ်လောက်လဲ?

●        သောက်နေတဲ့ဆေးတွေ ရှိသလား? ဗီတာမင်တွေ၊ တိုင်းရင်းဆေးတွေ သောက်နေတာ ရှိသလား?

●        နာကျင်တာ၊ ယားယံနေတာ ရှိလား?

●        ကိုယ်ဝန် ရှိနေသလား?

●        ဆီးချိုလိုမျိုး အခြားရောဂါတွေ ရှိနေသလား?

 

●        တကယ်အရေးကြီးတဲ့ မေးခွန်းကတော့ လတ်တလော လိင်ဆက်ဆံခဲ့သလားဆိုတာ ဖြစ်ပါတယ်။

          တစ်ခါတစ်ရံ Yes or No ပြောရုံနဲ့တင် မလုံလောက်တာမျိုးလည်း ရှိနိုင်ပါတယ်။

          ရောဂါလက္ခဏာတွေဟာ ဆက်ဆံဖော် အရေအတွက်၊ ဆက်ဆံဖော် အမျိုးအစား၊ သနေ္ဓတားဆေး၊ အမျိုးသားနဲ့ ဘယ်လိုအတူနေနေသလဲ၊ အနိုင်ကျင့်ခံရတာမျိုး ရှိ၊ မရှိ စတဲ့ မေးခွန်းတွေပေါ်မှာလည်း မူတည်နေပါတယ်။

          ဒါကြောင့် အကောင်းဆုံးအဖြေကို ရရှိဖို့အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေဟာ အနည်းငယ် ရှုပ်ထွေးနေတတ်ပါတယ်။ အောက်ပါအဖြေတွေကတော့ အဖြူဆင်းတာနဲ့ ပတ်သက်ပြီး မေးလေ့ရှိတဲ့မေးခွန်းတွေကို တတ်နိုင်သလောက် ဖြေပေးထားတာပါ။

          ပုံမှန်ဆင်းတဲ့အဖြူဟာ တစ်နေ့ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်ရှိပြီး အဖြူ သို့မဟုတ် အကြည်ရောင်၊ ကျဲကျဲ သို့မဟုတ် ပျစ်ပျစ် ဖြစ်တတ်ပြီး အနံ့မရှိတတ်ပါဘူး။

          ဒီအဖြူဟာ မိန်းမကိုယ်မှာရှိတဲ့ ပုံမှန်ဘက်တီးရီယားပိုးတွေနဲ့ အရည်တွေကြောင့် ဖြစ်တတ်ပြီး သားဥကြွေချိန်၊ ရာသီပမာဏ၊ လိင်ဆက်ဆံမှု၊ သနေ္ဓတားဆေး စတဲ့အချိန်တွေ၊ အကြောင်းအရာတွေပေါ် မူတည်ပြီး ပိုဆင်းတတ်တာမျိုးလည်း ရှိနိုင်ပါတယ်။

          ရာသီပြီးပြီး တစ်ရက်နှစ်ရက်လောက်မှာ ညိုညိုပုပ်ပုပ်တွေ ဆင်းတတ်ပါတယ်။

          အောက်ပါလက္ခဏာ တစ်စုံတစ်ရာရှိပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

●        နာကျင်ခြင်း။

●        ယားယံခြင်း။

●        ကသိကအောင့်ဖြစ်ခြင်း။

●        အနီကွက်တွေပေါ်ခြင်း၊ အနာတွေဖြစ်ခြင်း။

Dr. Emerald (www.drmyanmar.com)