အမျိုးသမီးတိုင်းသိထားသင့်တဲ့ ဆီးအိမ်ကင်ဆာရဲ့ ရောဂါလက္ခဏာများ
1. ဆီးထဲသွေးပါခြင်း
ဆီးအိမ်ကင်ဆာရဲ့ အတွေ့ရအများဆုံး ကနဦးရောဂါလက္ခဏာတစ်ခုဖြစ်သော်လည်း အလွယ်တကူ သတိမထားမိတတ်ကြပါဘူး။ အများအားဖြင့် နာကျင်မှုမရှိဘဲ တစ်ခါနဲ့တစ်ခါကြားမှာ လပေါင်းများစွာကြာအောင် ခြားပြီးမှ ဆီးထဲမှာသွေးပါတတ်ပါတယ်။ ထို့ကြောင့် အမျိုးသမီးအများစုဟာ ဓမ္မတာလာခြင်း၊ သွေးဆုံးခြင်းတွေနဲ့ရောထွေးပြီး ထိုရောဂါလက္ခဏာကို လျစ်လျူရှုတတ်ကြပါတယ်။ ဆီးထဲမှာသွေးပါတာဟာ ဆီးအိမ်ကင်ဆာလို့ မဆိုလိုပေမယ့် ဆရာဝန်နဲ့ဆွေးနွေးဖို့တော့ လိုအပ်ပါတယ်။
2. ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကဲ့သို့ ရောဂါလက္ခဏာများ
ဆီးအိမ်ကင်ဆာကို မကြာခဏဆိုသလို ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ မှားတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ရောဂါလက္ခဏာတွေဟာ ဆင်တူနေလို့ပဲဖြစ်ပါတယ်။ မကြာခဏဆီးသွားခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားစဉ်နာကျင်ခြင်း၊ ဆီးထွက်ကျခြင်း (သို့) ဆီးကျန်ခြင်း စတဲ့ရောဂါဝေဒနာတွေကို ခံစားရတဲ့အပြင် ပဋိဇီဝဆေးတွေသောက်သုံးသော်လည်း မသက်သာပါက ဆရာဝန်နှင့်သေချာဆွေးနွေးဖို့လိုအပ်ပါတယ်။
3. အကြောင်းအရင်းမရှိဘဲ နာကျင်ကိုက်ခဲခြင်း
ရောဂါကျွမ်းနေတဲ့ ဆီးအိမ်ကင်ဆာတွေဟာ အများအားဖြင့် နာကျင်ကိုက်ခဲလေ့ရှိကြပါတယ်။ ဝမ်းဗိုက်နဲ့ ဆီးခုံရိုးနေရာတွေမှာ နာကျင်နိုင်ပြီး ကင်ဆာအဆင့် 4 သို့ရောက်သွားပါက ကင်ဆာဆဲလ်တွေဟာ အရိုးသို့ပျံ့နှံ့သွားပါက အရိုးအဆစ်တွေလည်း နာကျင်ကိုက်ခဲတတ်ပါတယ်။ အကယ်၍ ဆီးထဲသွေးပါခြင်း (သို့) ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါလက္ခဏာတွေ ခံစားနေရတဲ့အချိန်မှာပဲ ထိုနာကျင်ကိုက်ခဲမှုတွေဖြစ်ပေါ်လာပါက ဆရာဝန်ကို ပြောပြဖို့လိုအပ်ပါတယ်။
4. အစားအသောက်ပျက်ခြင်း
အခြားကင်ဆာများနည်းတူ ဆီးအိမ်ကင်ဆာဟာလည်း အစားအသောက်ပျက်စေနိုင်ပါတယ်။ အကယ်၍ ကင်ဆာဆဲလ်တွေပျံ့့နှံ့ပြီးဖြစ်ပါက ကိုယ်အလေးချိန်ကျခြင်း၊ မောပန်းနွမ်းနယ်ခြင်းနဲ့ အားနည်းခြင်းတို့ကို ခံစားရစေနိုင်ပါတယ်။ အခြားအကြောင်းအမျိုးမျိုးကြောင့် အစားအသောက်ပျက်တာဖြစ်နိုင်ပေမယ့်လည်း မသက်သာပါက ဆရာဝန်ထံမှ အကြံဉာဏ်ရယူတာအကောင်းဆုံးဖြစ်ပါတယ်။
5. ဆေးလိပ်သောက်ခြင်း
ပုံမှန်အားဖြင့် ဆေးလိပ်သောက်ခြင်းဟာ ရောဂါလက္ခဏာတစ်ခုမဟုတ်ပေမယ့်လည်း စစ်တမ်းတွေအရ ဆီးအိမ်ကင်ဆာရှိတဲ့ အမျိုးသမီး 50% ဟာ ဆေးလိပ်သောက်သုံးသူတွေဖြစ်ကြပါတယ်။ ဆေးလိပ်သောက်သုံးခြင်းသည် ဆီးအိမ်ကင်ဆာဖြစ်နိုင်ချေကို လွန်စွာမှပင် မြင့်မားစေနိုင်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သုံးသူတစ်ဦးဖြစ်တဲ့အပြင် အထက်ပါရောဂါလက္ခဏာတွေကို သတိပြုမိပါက ဆရာဝန်ထံချက်ချင်းသွားရောက်ပြသသင့်ပါတယ်။
ဆီးအိမ်ကင်ဆာရဲ့ရောဂါလက္ခဏာတွေကို အခြားအကြောင်းအရင်းများနဲ့ အလွယ်တကူရောထွေးပစ်လေ့ရှိတာကြောင့် အမျိုးသမီးတွေမှာ ကင်ဆာတွေပျံ့နှံ့သည်တိုင်အောင် သတိမထားမိကြဘဲရှိတတ်ကြပါတယ်။ ဒါကြောင့် ကင်ဆာမှန်းသိတဲ့အခါမှာ ကုသမှုခံယူဖို့ဟာ လွန်စွာနောက်ကျသွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပူပန်ပါက မိမိရောဂါလက္ခဏာတွေကို ချရေးထားပြီးဆရာဝန်ကိုပြသတဲ့အခါမှာ ဆရာဝန်မှ သာမန်ရောဂါပိုး (သို့) ပြင်းထန်တဲ့အခြေအနေ စသည်ဖြင့်ခွဲခြားပေးနိုင်ပါတယ်။ ဆီးအိမ်ကင်ဆာသေချာပါက စောစီးစွာသိရှိလျှင် အလွယ်တကူကုသနိုင်ပါတယ်။
Dr. Thinzar Wynn
















