/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးတွေ-ကလေး-ရနိုင်မယ့်အချိန်ကို-ဘယ်လိုသိနိုင်မလဲ

အမျိုးသမီးတွေ ကလေး ရနိုင်မယ့်အချိန်ကို ဘယ်လိုသိနိုင်မလဲ?

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ကလေး လိုချင်လို့ပဲဖြစ်ဖြစ်၊ မယူချင်သေးရင်ပဲဖြစ်ဖြစ် အမျိုးသမီးတစ်ယောက်ရဲ့ ကလေးရနိုင်ခြေရှိတဲ့ ရာသီစက်ဝန်းအချိန်ကို သိထားသင့်တာပေါ့။ ဒါမှ ဘယ်အချိန်မှာ အမျိုးသားနဲ့အတူနေရင် ကလေးရနိုင်မယ်ဆိုတာကို သိနိုင်မှာပါ။

          သားအိမ်ခေါင်းချွဲ အပြောင်းအလဲ၊ နားချိန်ကိုယ်အပူချိန်တက်ခြင်း၊ စိတ်ခံစားမှုအပြောင်းအလဲ၊ ဗိုက်အောင့်ခြင်းတွေဟာ အမျိုးသမီးတစ်ယောက် ကလေးရနိုင်မယ့်အချိန်တွေကို ဖော်ပြနေတာပါ။ ကိုယ် ဘယ်အချိန်မှာ ကလေးရနိုင်မယ်ဆိုတာ မသိတဲ့အမျိုးသမီးတွေလည်း အများကြီးမို့ ဗဟုသုတသိသင့်သိထိုက်တာအနေနဲ့ ပြောပြသွားပါ့မယ်နော်။

          အမျိုးသမီးတွေဟာ သားဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်လို့ ကိုယ့်ရဲ့ရာသီစက်ဝန်းကစလို့ သားဥကြွေမယ့်နေ့၊ မျိုးသုဉ်းစေတဲ့ရောဂါတွေအထိကို သိထားသင့်တာပေါ့။ ဒါဟာ အမျိုးသမီးတစ်ယောက်ရဲ့ အခြေခံဗဟုသုတတွေပဲနော်။

 

၁။     ရာသီစက်ဝန်းမှန်ခြင်း

          ရာသီစက်ဝန်းဟာ ၂၈ ရက်ကနေ ၃၅ ရက်ရှိတယ်ဆိုရင် ပုံမှန်ရာသီစက်ဝန်းလို့ ပြောနိုင်ပါတယ်။ ဒီလို ရာသီစက်ဝန်းမှန်ခြင်းဟာ ဟော်မုန်းတွေ ပုံမှန်အလုပ်လုပ်ပြီး သားအိမ်နံရံတွေလည်း ကောင်းကောင်း ဖွံ့ဖြိုးတယ်ဆိုတာကို ဖော်ပြနေတာကြောင့် သားဆက်ပွားကျန်းမာရေးအတွက် ကောင်းတဲ့လက္ခဏာတစ်ခုပါပဲ။

 

၂။     ရာသီစက်ဝန်းကို ဆန်းစစ်ခြင်း

          ရာသီစက်ဝန်းကို သိတဲ့အပြင် ဘယ်အချိန်မှာ သားဥကြွေတယ်ဆိုတာပါသိထားရင် ကောင်းတာပေါ့။ အထူးသဖြင့် ကလေး ယူချင်နေသူတွေမှာပေါ့။ တကယ်လို့ ရာသီစက်ဝန်း ၂၈ ရက်ရှိရင် ၁၄ ရက်မြောက်မှာ သားဥကြွေပြီး ရာသီစက်ဝန်း ၃၂ ရက်ရှိရင် ၁၈ ရက်မြောက်မှာ သားဥကြွေပါတယ်။ ကိုယ့်ဟာကိုယ် မသေချာရင် သားဥကြွေတာကို တိုင်းတာတဲ့စစ်စက်ကလေးတွေနဲ့ စစ်ကြည့်လို့ရပါတယ်။

 

၃။     နားနေချိန် ကိုယ်အပူချိန်ကို တိုင်းတာခြင်း

 

          မနက်အိပ်ရာက နိုးတာနဲ့ ဘာမှမလုပ်သေးခင်အရင် ကိုယ်အပူချိန် တိုင်းကြည့်ပါ။ သားဥမကြွေခင် ၂၄ နာရီမှာ ပုံမှန်ကနေ ၁/၂° ကျသွားတာကို တွေ့ရပြီး သားဥကြွေပြီးနောက် ၁/၂ကနေ ၁°လောက် တက်လာတာကို တွေ့ရတတ်ပါတယ်။

 

၄။     သားအိမ်ခေါင်းအချွဲတွေ အပြောင်းအလဲ

          သားဥကြွေဖို့ တာဆူလာချိန်မှာ အီစထရိုဂျင်နဲ့ တစ်ခြားဟော်မုန်းတွေဟာ မိန်းမကိုယ်ကနေထွက်တဲ့ သားအိမ်ခေါင်းချွဲကို ပြောင်းလဲစေနိုင်ပါတယ်။ သားအိမ်ခေါင်းချွဲဟာ ပိုများ၊ ပိုကြဲပြီး ပိုချောကျိကျိဖြစ်လာလိမ့်မယ်။ သားဥမကြွေခင် တစ်ပတ်၊ နှစ်ပတ်လောက်ကနေစပြီး ပြောင်းလဲလာတာကို တွေ့ရမှာပါ။ ဒီလို သားအိမ်ခေါင်းချွဲ အပြောင်းအလဲကို ကြည့်တတ်လာပြီဆိုရင် ဘယ်အချိန်မှာ သားဥကြွေမယ်ဆိုတာကို ကောင်းကောင်းကြီး သိလာပြီပေါ့။

 

၅။     ပုံမှန်ကိုယ်အလေးချိန်ရှိခြင်း

          အဝလွန်နေတာ၊ ကိုယ်အလေးချိန် ကျနေတာတွေဟာ သားဆက်ပွားကျနး်မာရေးအတွက် အဟန့်အတားတွေပါပဲ။ အဝလွန်နေသူတွေမှာ ပိုလျံနေတဲ့အဆီတွေကြောင့် သားဥကြွေဖို့နဲ့ သနေ္ဓသားလေး ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ဟော်မုန်းမျှတမှု မရှိတော့ဘူး။ ကိုယ်အလေးချိန်နည်းနေပြီး ပိန်လွန်းနေသူတွေမှာလည်း ကိုယ်ခန္ဓာ တခြားအစိတ်အပိုင်းတွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ သားဥကြွေခြင်းကို ခေတ္တခဏရပ်ဆိုင်းထားရတယ်။ ဒါကြောင့် ကလေး လိုချင်တဲ့ အမျိုးသမီးတွေဟာ ကိုယ်အလေးချိန်ကို သေချာထိန်းသိမ်းထားဖို့လိုတယ်နေ်ာ။

 

၆။     သားအိမ်အသားလုံး၊ သားအိမ်နံရံ နေရာလွဲမှားခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ မရှိခြင်း

          အခုခေတ်မှာ သားအိမ်အသားလုံးနဲ့ သားအိမ်နံရံ နေရာလွဲမှားတည်ခြင်းတို့ဟာ တွေ့လေ့ရှိတဲ့ ရောဂါတွေ ဖြစ်လာပါပြီ။ လက္ခဏာတွေအနေနဲ့ တင်ပါးဆုံအောက်ပိုင်း နာကျင်ခြင်း၊ ရာသီလာချိန် အလွန်ကိုက်ခဲ၊ ရာသီများပြီး ရက်ကြာခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒီရောဂါအခြေအနေတွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ သားဆက်ပွားကျန်းမာရေးကို ထိခိုက်နိုင်ပေမယ့် လုံးလုံးကလေးမရနိုင်တဲ့ အခြေအနေမျိုးတော့လည်း မဟုတ်ပါဘူးနော်။

          တင်ပါးဆုံအောက်ပိုင်းပိုးဝင်တာဟာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတိုင်းကြောင့် ဖြစ်နိုင်ပြီးတော့ မျိုးဆက်ပွားကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် တတ်နိုင်သလောက် စောစော စစ်ဆေးကြည့်သင့်ပါတယ်။

          အပေါ်မှာ ပြောပြခဲ့တဲ့ နည်းလမး်တွေကို စမ်းသပ်ကြည့်ပါ။ ပြီးတော့ မှာချင်တာက စိတ်ပူပန်ပြီး စိတ်ဖိစီးမှုတွေ များမနေပါနဲ့လို့။ စိတ်ဖိစီးမှုများခြင်းကလည်း ကလေးရနိုင်ခြေကို ကျစေနိုင်တယ်နော်။ ဒါကြောင့် ဒီနည်းလမ်းတွေကို စမ်းသပ်ကြည့်ပြီး ကောင်းကောင်းစား၊ ကောင်းကောင်းနား၊ ပျော်ပျော်နေပြီး သားဖွားမီးယပ် ဆရာဝန်ကောင်းကောင်းနဲ့ ပြကြည့်ပါ။ မကြာခင်မှာ သားသားမီးမီး ရတနာလေးတွေ တစ်ပွေ့တစ်ပိုက်ကြီး ဖြစ်လာပါလိမ့်မယ်နော်။

Dr. Emerald (www.drmyanmar.com)