အမျိုးသမီးတွေ အရက်အလွန်အကျွံသောက်ရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာများ
အရက်၏အကျိုးသက်ရောက်မှုဟာ အမျိုးသားနှင့်အမျိုးသမီးများအပေါ်တွင် မတူညီတာကြောင့် အရက်သောက်ပြီးနောက် အမျ်ိုးသမီးများကြုံတွေ့နိုင်သည့်အန္တရာယ်နှင့် အရက်နှင့်ဆိုင်သောပြဿနာများကို ကြိုတင်သိရှိထားရန် လိုအပ်ပါတယ်။
သုတေသနပြုလုပ်ချက်တွေအရ အရက်ဟာ အမျိုးသားတွေထက် အမျိုးသမီးတွေအပေါ်မှာ ပိုမိုအကျိုးသက်ရောက်မှု ရှိနိုင်တာကြောင့် အရက်အလွန်အကျွံသောက်သုံးသူ အမျိုးသမီးတွေမှာ အရက်ကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေကို ပိုမိုခံစားရလေ့ရှိပါတယ်။ ထို့ပြင် အရက်သောက်သုံးသူ အမျိုးသမီးတွေမှာ ကိုယ့်ကိုကိုယ်သတ်သေတာတွေ၊ မတော်တဆဖြစ်တာတွေနဲ့ တခြားကျန်းမာရေးပြဿနာတွေကြောင့် အမျိုးသားများထက် သေဆုံးမှုနှုန်း နှစ်ဆခန့် ပိုမိုမြင့်မားလေ့ရှိပါတယ်။
အမျိုးသမီးများ အရက်သောက်ရခြင်း အကြောင်းအရင်းများ
အမျိုးသမီးများ အရက်သောက်ရခြင်းအကြောင်းမှာ အမျိုးသားများနှင့်တော်တော်များများ ဆင်တူပါတယ်။ အပန်းဖြေရန်၊ အပေါင်းအသင်း၀င်ဆံ့ရန်နှင့် စိတ်ဖိစီးမှုကိုလျှော့ချရန်တို့အပြင် အောက်ပါအကြောင်းအရင်းတို့ကြောင့်လည်း အရက်သောက်ရခြင်းဖြစ်ပါတယ်။
- ချစ်ခင်ရသူတစ်ဦးဦးနှင့် ပြဿနာရှိခြင်းကြောင့် အမျိုးသမီးများသည် အရက်သောက်တတ်ကြပါတယ်။
- အရက်သောက်ခြင်းဟာ အိမ်ထောင်မရှိသူ၊ တစ်ခုလတ် (သို့) ခင်ပွန်းနှင့်ကွဲကွာနေသူ အမျိုးသမီးများတွင် ပိုမိုတွေ့ရပါတယ်။
- အရက်သောက်တတ်တဲ့ခင်ပွန်းကြောင့်လည်း အမျိုးသမီးများဟာ အရက်သောက်ဖြစ်ကြပါတယ်။
- လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရသူ အမျိုးသမီးများသည် အရက်ကိုအလွန်အကျွံသောက်လေ့ရှိကြပါတယ်။
- အမျိုးသမီးများသည် အရက်ကိုစတင်သောက်သုံးသည့်အခါ အလွန်အကျွံသောက်လေ့ရှိပါတယ်။
အမျိုးသမီးများအပေါ်တွင် အမျိုးသားများနှင့်မတူသည့် အရက်၏အကျိုးသက်ရောက်မှုများ
အမျိုးသားတစ်ဦးနှင့် ပမာဏတူစွာအရက်သောက်ခဲ့သော အမျိုးသမီးတစ်ဦး၏ သွေးတွင်းအရက်ပမာဏသည် ပိုမိုမြင့်မားနေရခြင်းမှာ ခန္ဓာကိုယ်အရွယ်အစားသေးငယ်သည့်အပြင် ရေဓာတ်နည်းပါးခြင်းနှင့် အရက်ကိုဖြိုခွဲမှုနှုန်း နှေးကွေးခြင်းကြောင့်ဖြစ်ပါတယ်။
ဆိုလိုတာက အမျိုးသမီးများရဲ့ ဦးနှောက်နဲ့အသည်းဟာ အရက်သောက်ခြင်းကြောင့် အမျိုးသားများထက် ပိုမိုပျက်စီးလွယ်ပါတယ်။ အမျိုးသားများထက် အရက်လျှော့သောက်သည့်တိုင်အောင် အမျိုးသမီးများတွင် အရက်နှင့်ဆိုင်သော ကျန်းမာရေးပြဿနာများကို ပိုမိုလျင်မြန်စွာဖြစ်စေနိုင်ပါတယ်။
အမျိုးသမီးများအတွက် အရက်၏ကောင်းကျိုးများ
အသက် 55 နှစ်အထက် အမျိုးသမီးတစ်ဦးသည် တစ်နေ့လျှင် အရက်တစ်ခွက်သောက်ခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကို လျော့နည်းစေနိုင်ပါတယ်။ အရက်အသင့်အတင့်သောက်သုံးခြင်း စံသတ်မှတ်ချက်အနေဖြင့် ဝိုင် 5 အောင်စ (သို့) ဘီယာ 12 အောင်စ (သို့) အရက်ပြင် 1.5 အောင်စဟူ၍ သတ်မှတ်ထားပါတယ်။
အခြားတစ်ဖက်မှကြည့်လျှင်တော့ အမျိုးသမီးများသည် အထက်ပါစံသတ်မှတ်ချက်ထက် အရက်ပိုမိုသောက်သုံးပါက နှလုံးရောဂါဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။ အသက် 55 နှစ်အောက် အမျိုးသမီးများတွင်မူ အရက်သောက်ခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးမျှမရနိုင်ပေ။
အမျိုးသမီးများအတွက် အရက်၏ဆိုးကျိုးများ
အရက်ကိုအလွန်အကျွံသောက်ခြင်းဖြင့် အမျိုးသားများတွင်သာမက အမျိုးသမီးများတွင်ပါ ဆိုးကျိုးများစွာရရှိနိုင်ပါသည်။ အရက်သောက်သုံးသော အမျိုးသမီးများတွင်ခံစားရလေ့ရှိသည့် အခြားဆိုးကျိုးများမှာ -
1. ကင်ဆာ - ရင်သားကင်ဆာ၊ ဦးခေါင်းနှင့် လည်ချောင်းကင်ဆာဖြစ်နိုင်ချေကိုမြင့်တက်စေပါတယ်။ အမေရိကန် ကျန်းမာရေးအဖွဲ့ဂျာနယ်တွင် ဖော်ပြထားသော ဆောင်းပါးအရတစ်ပတ်လျှင် အရက် သုံးဖန်ခွက်မှ ခြောက်ခွက် သောက်သုံးသောအမျိုးသမီးများတွင် ရင်သားကင်ဆာ 15% ထိမြင့်တက်နိုင်ကြောင်းသိရပါတယ်။
2. ဦးနှောက်ပျက်စီးခြင်း - ဦးနှောက်ဆဲလ်များပျက်စီးခြင်းကို အမျိုးသမီးများတွင် အမျိုးသားများထက် ပို၍တွေ့ရနိုင်ပါတယ်။
3. ကိုယ်၀န်ဆောင်ခြင်း - အရက်သည် အမျိုးသမီးများအတွက် ကိုယ်ဝန်ရနိုင်ချေကို လျော့ကျစေရုံမျှမက ကိုယ်ဝန်ဆောင်ထားစဉ် အရက်သောက်သုံးပါက သနေ္ဓသားကို ပြင်းထန်သောနောက်ဆက်တွဲဆိုးကျိုးများကိုဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများသည် အရက်ကိုလုံးဝမသောက်သုံးသင့်ပေ။
4. ပြစ်မှုကျူးလွန်သူတွေအတွက် သားကောင်ဖြစ်နိုင်ခြင်း - အရက်သောက်သုံးသူအမျိုးသမီးများဟာ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရမှုနဲ့ အခြားသောပြစ်မှုများအတွက် ဓားစာခံများဖြစ်လာနိုင်ပါတယ်။
5. စိတ်ကျရောဂါနှင့် ဒဏ်ရာအနာတရဖြစ်ခြင်း - အရက်သောက်ခြင်းကြောင့် စိတ်ဓာတ်ကျလွယ်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးကောင်းစွာအလုပ်မလုပ်နိုင်ခြင်း၊ ချော်လဲခြင်းနှင့် အာဟာရချို့တဲ့ခြင်း စတဲ့ပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။
အရက်သောက်ခြင်းပြဿနာများ၏ ကနဦးသတိပေးလက္ခဏာများ
အကယ်၍ အရက်သောက်ခြင်းကြောင့် မိမိကိုယ်တိုင်တွင်သာမက အခြားသူများကိုပါထိခိုက်လာပြီဆိုပါက အရက်သောက်ခြင်းပြဿနာများရှိနေပြီဟု သိနိုင်ပါတယ်။ မိသားစုမျိုးရိုးမှာ အဲလိုပြဿနာမျိုးတွေရှိခဲ့တယ်ဆိုပါက မိမိမှာလည်း ဖြစ်နိုင်ချေပိုမိုမြင့်မားပါတယ်။
သတိပေးလက္ခဏာအချို့မှာ -
- အရက်သောက်ခြင်းကြောင့် အလုပ် (သို့) ကျောင်းသို့မသွားနိုင်ခြင်း
- အရက်မူးနေစဉ် ကားမောင်းခြင်း
- အရက်ကိုအပျော်သောက်ရာမှာ တစ်စတစ်စပိုမိုသောက်သုံးလာခြင်း
- အရက်နှင့်ပတ်သက်၍ ချစ်သူခင်သူများမှ မိမိအတွက်စိတ်ပူပန်လာခြင်း
- တစ်ပတ်လျှင် 7 ခွက်ထက်ပိုမိုသောက်သုံးခြင်း
- တစ်ယောက်တည်းအရက်သောက်ခြင်း (သို့) မနက်အစောပိုင်းတွင် သောက်သုံးခြင်း
အရက်နှင့်ပတ်သက်သောပြဿနာများကြုံတွေနေပြီဟု အထင်ရှိပါက ဆရာဝန်နှင့်ချက်ချင်းဆွေးနွေးတိုင်ပင်ပါ။ ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ အခက်အခဲဆုံးအလုပ်မှာ ကိုယ့်ကိုကိုယ်ပြဿနာများခံစားနေရသည်ကို ဝန်ခံရခြင်းဖြစ်တယ်လို့သိရပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)
















