/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးများတွင်-အဖြစ်များသော-မီးယပ်ပြဿနာများ

အမျိုးသမီးများတွင် အဖြစ်များသော မီးယပ်ပြဿနာများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

(၁)    သားအိမ်တွင်း အမြှေးပါးနံရံပြဿနာ

          အမျိုးသမီးများရဲ့ သားအိမ်နံရံဟာ လစဉ် ဆဲလ်ဟောင်းများကို ရာသီသွေးနဲ့အတူ ခြွေချပေးပါတယ်။ Endometriosis လို့ခေါ်သော မီးယပ်ရောဂါရှိသူများတွင်တော့ သားအိမ်နံရံရှိ တစ်သျှူးများဟာ အခြားသော ကိုယ်ခန္ဓာအစိတ်အပိုင်းများဖြစ်တဲ့ သားဥအိမ်၊သားအိမ်ပြွန်နဲ့ ဆီးအိမ်နံရံများတွင်ပါ တည်ရှိနေပါတယ်။ ထိုအစိတ်အပိုင်းများဟာ သားအိမ်နံရံကဲ့သို့ လစဉ်ကြွေကျခြင်း မပြုလုပ်နိုင်တဲ့အတွက် ရာသီလာတိုင်း မခံမရပ်နိုင်အောင် ကိုက်ခဲသောဝေဒနာကို ခံစားရစေပါတယ်။ အချိန်ကြာတာနဲ့အမျှ အမာရွတ်များကို ဖြစ်ပေါ်စေပြီး ကလေးမရနိုင်တဲ့အထိတောင် ဆိုးကျိုးပေးနိုင်ပါတယ်။

 

(၂)     ကြွက်နို့ပိုး

          လိင်ဆက်ဆံရာကနေတစ်ဆင့် ကူးစက်သောရောဂါဖြစ်ပြီး အမျိုးသမီးအင်္ဂါတစ်ဝိုက် ကြွက်နို့များနဲ့ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ တက်ကြွသူ ၇၅ ရာနှုန်းတွင် HPV ပိုး ရှိနေနိုင်တာမို့ စစ်ဆေးကြည့်ဖို လိုပါတယ်။ ဒါမှသာ သားအိိမ်ခေါင်းကင်ဆာမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မှာပါ။

 

(၃)     သားအိမ်တွင်း အသားလုံးများ တည်ခြင်း

          သားအိမ်တွင်း အသားလုံးများ ဖြစ်ပေါ်ပါက လေပွခြင်း၊ ရာသီလာစဉ် နာကျင်ခြင်း၊ ဆီး မကြာခဏသွားခြင်း၊ ခါးနာခြင်း၊ ရာသီသွေး အဆင်းများခြင်းအပြင် ကလေးမရနိုင်ခြင်းနဲ့ ကိုယ်ဝန်ရှိပါက ကလေးစောမွေးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ အလုံးအရွယ်အစားအပေါ် မူတည်ပြီး လက္ခဏာများ ပြင်းထန်နိုင်ပါတယ်။

 

(၄)     သားဥအိမ် ရေအိတ်တည်ရောဂါ

          Polycystic Ovarian Syndrome လို့ခေါ်တဲ့ သားဥအိမ်မှာ အရည်ကြည်အိတ် သေးသေးလေးတွေ အများကြီးရှိတဲ့ ရောဂါစုကို ဆိုလိုပါတယ်။ ထိုရောဂါကြောင့် ဟိုမုန်းများ မမျှတဘဲ ကျားဟိုမုန်းများ များပြားနေတတ်ပြီး ရာသီမမှန်ခြင်း၊ ရာသီလုံးဝမလာခြင်းမျိုး ကြုံတွေ့ရတတ်ပါတယ်။ သားဥကြွေခြင်းကိုပါ တားဆီးနှောင့်ယှက်တဲ့အတွက် ကလေးမရခြင်း၊ ပျက်ကျလွယ်ခြင်းကိုပါ ဖြစ်စေပါတယ်။

          အမျိုးသမီးများအနေဖြင့် မီးယပ်ပြဿနာများ ဖြစ်ပေါ်ပါက အိုဂျီနဲ့ ပြသတိုင်ပင်ပြီး လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို အချိန်မီ တားဆီးနိုင်ပြီး ကျန်းမာလှပသော လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)